မန္တလေး၊ နိုဝင်ဘာ ၃၀
အောက်တိုဘာလ လဆန်းပိုင်းက ဗီယက်နမ်နိုင်ငံတွင် မိတ်ဆက်ခဲ့သော ၂၀၂၁ မိုဒယ်သစ် Honda Wave Alpha 110 ဆိုင်ကယ်များသည် မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ ယခု နိုဝင်ဘာလ စတုတ္ထပတ်အတွင်း စတင်ရောက်ရှိလာပြီဖြစ်ကြောင်း မန္တလေးမြို့ ဆိုင်ကယ်ကုမ္ပဏီများထံမှ စုံစမ်းသိရသည်။
“Honda Wave Alpha ဆိုင်ကယ်တွေ စရောက်နေပြီ၊ ချက်စီကတော့ ၂၀၂၀ နဲ့ပဲ လာသေးတယ်၊ ခေါ်ကြတာတော့ ၂၀၂၁ မိုဒယ်ပေါ့၊ ဘာလို့ဆို မကြာခင်တောင် နှစ်ကူးတော့မှာကိုး” ဟု မန္တလေးမြို့ Easy Rider Motorbike ကုမ္ပဏီမှ Managing Director ဦးတင်ကျော်နန္ဒက ပြောကြားသည်။
မြန်မာနိုင်ငံ ပြည်တွင်းဈေးကွက်အတွင်း စတင်ရောက်ရှိလာသည့် ၂၀၂၁ မိုဒယ်သစ် Honda Wave Alpha 110 ဆိုင်ကယ်တွင် အရောင်အနေဖြင့် အပြာနုနှင့် ခဲရောင်စပ်၊ အဖြူနှင့် ခဲရောင်စပ်၊ အနီနှင့် ခဲရောင်စပ်၊ ခရမ်းနှင့် ခဲရောင်စပ်၊ အနက်နှင့် ခဲရောင်စပ် စသည့် အရောင် ငါးမျိုး ထွက်ရှိထားပြီး စတစ်ကာမှာ ရွှေရောင်ဖြင့် ထွက်ရှိထားကြောင်း ဆိုင်ကယ် တင်သွင်းရောင်းချသူများထံမှ သိရသည်။
“စတစ်ကာ ပြောင်းသွားတယ်၊ မိုင်းလစ်ခွက် ပြောင်းသွားတယ်၊ ဂီယာ Position ပြတာလေးတွေ ပြောင်းသွားတယ်၊ Alpha ဆိုတဲ့ သင်္ကေတ စာလုံးကတော့ အနည်းငယ်ကြီးသွားတာ တွေ့ရတယ်၊ တချို့နေရာလေးတွေ စတစ်ကာလေးတွေ ပါလာတယ်ပေါ့၊ ခွေတွေကတော့ အရင်လို စပုတ်နဲ့ပဲ၊ ဒီဇိုင်းကလည်း အရင်ဒီဇိုင်းအတိုင်းပဲ၊ အဓိက စတစ်ကာနဲ့ အရောင်လေးပဲ ပြောင်းသွားတယ်” ဟု မန္တလေးမြို့ခံ ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
Honda Wave Alpha 110 ဆိုင်ကယ်သည် Honda Click ၊ Scoopy i ဆိုင်ကယ်များကဲ့သို့ သုံးနှစ်လျှင်တစ်ကြိမ် ဒီဇိုင်းပြောင်းလေ့မရှိဘဲ ဒီဇိုင်းတစ်မျိုးကို နှစ်ကြာကြာ ထုတ်လုပ်လေ့ရှိကာ ယင်းဆိုင်ကယ်အမျိုးအစားကို မြန်မာနိုင်ငံတွင် အထက်မြန်မာပြည်ရှိ မြို့များထက် မြန်မာပြည်အောက်ပိုင်းရှိ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး စသော တိုင်းနှင့်ပြည်နယ်အတွင်းရှိ မြို့များတွင် လူကြိုက်အများဆုံးနှင့် ရောင်းအားအကောင်းဆုံးလည်းဖြစ်သည်။
Honda က ထွက်ရှိသော Manual Gear ဆိုင်ကယ်များအနက် ဈေးသက်သာပြီး အင်ဂျင်ကောင်းခြင်းကြောင့် နှစ်ကြာရှည် အသုံးခံသည့်အပြင် ပေးရသည်ထက်တန်သည်ဟု ခံစားရမှုကြောင့် ရေပန်းစားခြင်းဖြစ်ကာ ၂၀၂၁ မိုဒယ်သစ် အဆိုပါဆိုင်ကယ်တစ်စီးလျှင် ငွေကျပ် ၁၄ သိန်းခွဲဝန်းကျင်ဖြင့် စတင်ရောင်းချပေးနေကြောင်း ဆိုင်ကယ်ကုမ္ပဏီများထံမှ သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)