ဗီယက်နမ်နိုင်ငံထုတ် ၂၀၂၀ မိုဒယ်သစ် Honda Wave Alpha 110 ဆိုင်ကယ်များ ပြည်တွင်းဈေးကွက်အတွင်း မကြာမီ ရောက်ရှိမည်

261

 

မန္တလေး၊ အောက်တိုဘာ ၂၆

ဗီယက်နမ်နိုင်ငံထုတ် ၂၀၂၀ မိုဒယ်သစ် Honda Wave Alpha 110 ဆိုင်ကယ်များ အောက်တိုဘာလဆန်းပိုင်းက ဗီယက်နမ်နိုင်ငံတွင် စတင်ထွက်ရှိခဲ့ပြီး မကြာမီ မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်ရောက်ရှိတော့မည်ဖြစ်ကြောင်း ဆိုင်ကယ်ကုမ္ပဏီများထံမှ သိရသည်။

“အခု ၂၀၂၀ မိုဒယ်သစ်မှာက အရောင်နဲ့ စတစ်ကာလောက်ပဲ ပြောင်းသွားတယ်၊ ဒီဇိုင်းပုံစံကတော့ အရင်အတိုင်းပဲ မပြောင်းလဲဘူးပေါ့၊ မကြာခင်တော့ ပြည်တွင်းဈေးကွက်ထဲ စရောက်တော့မှာပါ၊ အခု လှမ်းမှာထားပြီးပြီဆိုတော့ . . .” ဟု ထိုင်းနှင့် ဗီယက်နမ်ဆိုင်ကယ်များ တင်သွင်းရောင်းချနေသော မန္တလေးမြို့ Jiafa Trading ကုမ္ပဏီမှ မန်နေဂျာ ဦးဝင်းနိုင်က ပြောကြားသည်။

မကြာမီ ပြည်တွင်းဈေးကွက်အတွင်း ရောက်ရှိမည့် ၂၀၂၀ မိုဒယ်သစ် Honda Wave Alpha 110 ဆိုင်ကယ်များတွင် အရောင်အနေဖြင့် အပြာနုနှင့် ခဲရောင်စပ်၊ အဖြူနှင့် ခဲရောင်စပ်၊ အနီနှင့် ခဲရောင်စပ်၊ ခရမ်းနှင့် ခဲရောင်စပ်၊ အနက်နှင့် ခဲရောင်စပ် စသည့် အရောင် ငါးမျိုး ထွက်ရှိထားပြီး စတစ်ကာအရောင် ရွှေရောင်ဖြင့် ထွက်ရှိထားကြောင်း ဆိုင်ကယ်တင်သွင်းရောင်းချသူများထံမှ သိရသည်။

“Alpha ဆိုတဲ့ သင်္ကေတ စာလုံးကတော့ နည်းနည်းကြီးသွားတာ တွေ့ရတယ်၊ တချို့နေရာလေးတွေ စတစ်ကာလေးတွေ ပါလာတယ်ပေါ့၊ ခွေတွေကတော့ အရင်လို စပုတ်နဲ့ပဲ၊ ဒီဇိုင်းကလည်း အရင်ဒီဇိုင်းအတိုင်းပဲ၊ အဓိက စတစ်ကာနဲ့ အရောင်လေးပဲ ပြောင်းသွားတယ်၊ Wave Alpha မှာ ထူးခြားတာက Click ၊ Scoopyi ဘီးတွေလို သုံးနှစ်တစ်ကြိမ် ဒီဇိုင်းပြောင်းတာမျိုးတွေ မရှိဘူး၊ ဒီဇိုင်းတစ်မျိုးကို နှစ်ကြာကြာနေပြီးမှ ပြောင်းတယ်” ဟု မန္တလေးမြို့ခံ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

Honda Wave Alpha 110 ဆိုင်ကယ်သည် အထက်မြန်မာပြည်ရှိ မြို့များထက် မြန်မာပြည်အောက်ပိုင်းရှိ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး စသော တိုင်းနှင့်ပြည်နယ်အတွင်းရှိ မြို့များတွင် လူကြိုက်အများဆုံးနှင့် ရောင်းအားအကောင်းဆုံး ဆိုင်ကယ်အမျိုးအစားလည်းဖြစ်သည်။

Honda မှထွက်ရှိသာ Manual Gear ဆိုင်ကယ်များအနက် ဈေးသက်သာပြီး အင်ဂျင်ကောင်းခြင်းကြောင့် နှစ်ကြာရှည်အသုံးခံသည့်အပြင် ပေးရသည်နှင့်ထိုက်တန်သည်ဟု ခံစားရမှုကြောင့် ရေပန်းစားခြင်းဖြစ်ကြောင်း အဆိုပါဒေသများရှိ ဆိုင်ကယ်ချစ်သူများက ပြောဆိုသည်။ ၂၀၁၉ မိုဒယ် Honda Wave Alpha 110 ဆိုင်ကယ်သည် ကျပ် ၁၃ သိန်းခွဲဝန်းကျင် ဈေးပေါက်လျက်ရှိသောကြောင့် မကြာမီ ရောက်ရှိမည့် ၂၀၂၀ မိုဒယ်သစ် Honda Wave Alpha 110 ဆိုင်ကယ်သည် ကျပ် ၁၄ သိန်းကျော် ဈေးပေါက်နိင်ကြောင်း ဈေးကွက်အတွင်း ခန့်မှန်းထားကြသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here