ဗီယက်နမ်တွင် ပြည်ပကားတင်သွင်းမှု စံချိန်တင်မြင့်တက်

118

 

၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လအတွင်း ဗီယက်နမ်နိုင်ငံသို့ နိုင်ငံရပ်ခြားမှ တင်သွင်းလာသော ကားအရေအတွက်သည် အစီးရေ ၈,၈၀၀ အထိရှိကာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်း တင်သွင်းသော အရေအတွက်ထက် ၈၅ ဒသမ ၆ ရာခိုင်နှုန်း အထိ မြင့်တက်လာကြောင်း ဗီယက်နမ်အကောက်ခွန် ဦးစီးဌာနကို ကိုးကား၍ bizhub သတင်းဌာနက စက်တင်ဘာ ၂၁ ရက်တွင် ဖော်ပြသည်။

ယခုနှစ် သြဂုတ်လအတွင်း နိုင်ငံခြားမှတင်သွင်းလာသော ကားအစီးရေ ၈,၈၀၀ ၏တန်ဖိုးသည် အမေရိကန်ဒေါ် လာ ၂၀၂ သန်းအထိရှိကာ ထိုင်း၊ အင်ဒိုနီးရှား၊ တရုတ်နိုင်ငံများမှ တင်သွင်းခဲ့ခြင်းဖြစ်သည်။ ထိုအထဲတွင် ထိုင်းနိုင်ငံမှ အစီး​ရေ ၄,၇၀၀ ဖြင့် အများဆုံးဖြစ်ပြီး အင်ဒိုနီးရှားမှ အစီး​ရေ ၂,၅၀၀ ၊ တရုတ်မှ အစီး ၅၇၀ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သုံးနိုင်ငံမှတင်သွင်းမှုသည် ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားကားတင်သွင်းမှု စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းနီးပါး အထိ ရှိသည်။ နိုင်ငံခြားမှ တင်သွင်းသော ကားများတွင် ထိုင်ခုံ ကိုးခုံနှင့် ကိုးခုံအောက်ရှိသော ကားအစီးရေ ၆,၃၁၆ စီးရှိကာ တန်ဖိုးအားဖြင့် အ​မေရိကန် ဒေါ်လာ ၁၂၇ သန်းရှိပြီး စုစုပေါင်း တင်သွင်းမှု၏ ၆၉ ဒသမ ၄ ရာခိုင်နှုန်းအထိ ရှိသည်။ ထရပ်ကား အစီးရေ ၂,၂၀၀ ရှိကာ တန်ဖိုးအားဖြင့် အ​မေရိကန် ဒေါ်လာ ၅၅ ဒသမ ၇ သန်း၊ Special Purposed Vehicles အနေဖြင့် တင်သွင်းသော ကားအစီးရေ ၄၈၃ စီးရှိကာ တန်ဖိုးအားဖြင့် အ​မေရိကန်ဒေါ်လာ ၁၉ ဒသမ ၆ သန်း ရှိသည်။

ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ဗီယက်နမ်၏ နိုင်ငံခြားကားတင်သွင်းမှုသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၀၁၉ ခုနှစ် ပထမ ရှစ်လ တင်သွင်းမှုထက် ၄၄ ဒသမ ၃ ရာခိုင်နှုန်းအထိ ကျဆင်းကာ စုစုပေါင်း ၅၃,၈၀၀ စီးသာ တင်သွင်းနိုင်ခဲ့သည်။

Ref:bizhub
ဘာသာပြန်-ခွန်ဝဏ္ဏ

LEAVE A REPLY

Please enter your comment!
Please enter your name here