ဗလန်စီယာ ဘောလုံးအသင်း၏ မန်နေဂျာဖြစ်သူ Marcelino မောင်းနှင်လာသည့် BMW ကားသည် စပိန်နိုင်ငံမြောက်ပိုင်းရှိ Logrono မြို့တွင် တောဝက်တစ်ကောင်အား အရှိန်ဖြင့် ဝင်တိုက်မိခဲ့ပြီး နောက် တိမ်းမှောက်ခဲ့ကြောင်း Daily Mail သတင်းဌာနက ရေးသား ဖော်ပြခဲ့သည်။
ခရစ္စမတ်ပွဲတော်အတွက် မိခင်၊ ဇနီးတို့နှင့်အတူ နေအိမ်သို့ပြန်လာသည့် လမ်းတွင် Marcelino မောင်းနှင်လာသည့် BMW သည် တောဝက် တစ်ကောင်အား အရှိန်ခပ်ပြင်းပြင်း ဝင်တိုက်မိခဲ့ပြီးနောက် တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။ တိုက်မိသည့်အရှိန်မှာ ပြင်းထန်သည့်အတွက် ကားမှာ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ရသလို အတိုက်ခံခဲ့ရသည့် တောဝက်မှာလည်း သေဆုံးခဲ့သည်။ ကားပေါ် လိုက်ပါလာသူ သုံးဦးအား ဆေးရုံသို့ ချက်ချင်းပို့ဆောင်ပေးခဲ့ပြီး သိပ်မကြာခင်မှာပင် Marcelino သည် ဇနီးသည်နှင့်အတူ ဆေးရုံမှ ပြန်ဆင်းခဲ့ရသည်။ တောဝက်အား ဝင်တိုက်မိစဉ်တွင် Marcelino ကားမှာ အကြိမ် ပေါင်းများစွာ လိမ့်ထွက်ခဲ့ပြီးမှ ဘေးတစ်စောင်း ရပ်တန့်သွားခဲ့ခြင်း ဖြစ်သည်။ ကားနောက်ခန်းထဲ ပိတ်မိနေခဲ့သည့် Marcelino ၏ မိခင်အား မီးသတ်သမားများက ခက်ခက်ခဲခဲ ဆွဲထုတ်ခဲ့ကြရပြီး ဝင်တိုက်မိခဲ့သည့် အရှိန်ကြောင့် နံရိုးများစွာ ကျိုးပဲ့ဒဏ်ရာများဖြင့် အသက်ရှူရ ခက်ခဲသည့် အခြေအနေအထိပင် ရင်ဆိုင်ခဲ့ရသော်လည်း ပြန်လည် ကောင်းမွန်လာ ပြီဖြစ်သည့်အတွက် မိသားစုအားလုံး ခရစ္စမတ်ကာလကို အတူတကွ ကျော်ဖြတ်ခဲ့ကြကြောင်း သိရသည်။
စပိန်နိုင်ငံရှိ တောဝက်တို့သည် များသောအားဖြင့် အလေးချိန် ၁၆၅ ပေါင်မှ ပေါင် ၂၂ဝ အကြားရှိကြပြီး ယခုနှစ် ပထမ ၁ဝ လတာကာလအတွင်း Marcelino ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာပြည်နယ်၌ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု သုံးရာကျော်မှာ တောရိုင်းတိရစ္ဆာန်များနှင့် ပတ်သက်ဆက်နွှယ်နေကြောင်း သိရသည်။
Ref: Daily Mail