ဖြစ်လေ့ဖြစ်ထရှိသော ကားသော့အုံ (Ignition Switch)ချွတ်ယွင်းမှုပြသနာများ

253

 

ကားသော့အုံ (ခေါ်)Ignition Switch သည် ကားတစ်စီးလုံး၏ အချုပ် ဖြစ်သည်။ ကားတစ်စီးလုံး၏ လုံခြုံမှုအတွက်လည်း အဓိကကျသည်။ မီးပေးစနစ်(Ignition System) ၊ ဆီပို့စနစ်(Fuel System) ၊ ချာဂျင် အားသွင်းစနစ်နှင့် ကားတစ်စီးလုံး၏ အထွေထွေ လျှပ်စစ်သုံးပစ္စည်း ကိရိယာများကို လျှပ်စစ်ပါဝါထောက်ပံ့ပေးသော Master Switch လည်း ဖြစ်သည်။ အင်ဂျင်စက်စတင်နှိုးရန် Starter Motor အတွက် လျှပ်စစ်စီးကြောင်း (Current) စီးဆင်းရာ အစ ခလုတ်လည်းဖြစ်သည်။

ကားသော့အုံယူနစ်တွင် Key Cylinder နှင့် Multi-Contact Point များပါသော Electrical Switch တို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ Key Cylinder သော့အိမ်ထဲသို့ ကားသော့ Key ကို ထိုးသွင်းလိုက်ပါက Key တွင်ရှိသော အသွားဘုထစ် Lock Pin ကလေးများကို တွန်းပို့လိုက်သည်။ Lock Pin လိုင်းများ မှန်မှန်ကန်ကန်တည့်သွားပါက Key ဆလင်ဒါအုံကို ကားသော့တံ Key ဖြင့် ဘယ်/ညာလှည့်၍ ရသွားသည်။ စတီယာရင် Lock ပါ ပွင့်သွားသည်။ ကားသော့အုံတွင် Key Position လေးနေရာပါ ရှိသည်။
‘OFF’- ကားသော့ပိတ်ထားသော Off Position အနေအထားတွင် အင်ဂျင်နှင့် အခြားလျှပ်စစ် Accessories များကို ပါဝါပိတ်ထားသည်။ ဘက်ထရီမှ လျှစ်စစ်ပါဝါမရသဖြင့် လျှစ်စစ်ပစ္စည်းများ အလုပ် မလုပ်နိုင် သေးပါ။
‘ACC’ – ကားသော့တံ(Key )ထည့်ပြီး ပထမတစ်ဆင့်လှည့်လိုက်လျှင် Acc Position ဖြစ်ပါသည်။ ကား Accessories လျှပ်စစ်ကိရိယာများသို့ ပါဝါရောက်ပါသည်။ ရေဒီယိုနှင့် CD Player များ အလုပ်လုပ်ပါသည်။
‘RUN’ – On Position အနေအထားဖြစ်သည်။ အင်ဂျင်နှင့် Electrical Accessories များသို့ ပါဝါရောက်သောအခြေအနေဖြစ်သည်။ အင်ဂျင်လည်ပတ်ရန်နှင့် ကားမောင်းယူသွားနိုင်သော ခလုတ်ပွင့် On အနေအထားဖြစ်သည်။ ကားဒက်ရှ်ဘုတ်မှ မီးများလင်းလာမည်။ မီတာ ဒိုင်ခွက်များ၊ Gauge များ စတင်အလုပ်လုပ်သည်။
‘START’ အင်ဂျင်စက်နှိုးရန်အတွက် ကားသော့တံကို ဆက်လှည့် လျှင် START အနေအထား၌ စက်နှိုးမိုတာအလုပ်လုပ်သည်။ အင်ဂျင်စက်နိုး သွားပါက လက်လွတ်လိုက်လျှင် ကားသော့သည် Run Position အနေအထားသို့ အလိုအလျောက်ပြန်ရောက်သွားမည်။
ကားသော့တံနှင့် သောအုံ (lgnition Switch) သည် နေ့စဉ်နေ့တိုင်း သော့တံလှုပ်ရှား ကစားပေးရသဖြင့် မကြာခဏ ချွတ်ယွင်းမှုပြသနာများ ကြုံရတတ်သည်။ ကားဟောင်းများမဆိုထားနှင့်၊ ကားသစ်များ၌ပင် lgnition Switch ပြသနာများပေါ်၍ ကားစီးရေသန်းချီပြီး ပြန်လည်သိမ်း ယူခဲ့ရသည်။ General Motor မှ ကားများ lgnition Switch ချွတ်ယွင်း မှုများ ကားစီးရေ သန်းချီ၍ဖြစ်ပေါ်ခဲ့သည်။ အဆိုးဆုံးမှာ ကားမောင်း နေစဉ် ရုတ်တရက်ကားအင်ဂျင်စက်ထိုးရပ်သွားပြီး လျှစ်စစ်ပါဝါ စတီယာ ရင်ပါ အလုပ်မလုပ်တော့ခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ၊ lgnition Switch သည် ကားတစ်စီးလုံး၏ အရေး အကြီးဆုံးသော ပင်မအချုပ်အချာဖြစ်သည်။ ကားမောင်းနေစဉ် ဘေးကင်း လုံခြုံမှုရှိရေး(Safety)အတွက်လည်း အဓိကကျသည်။ lgnition Switch များ ဖြစ်လေ့ဖြစ်ထရှိသော ချွတ်ယွင်းမှုပြသနာပုံစံများကို သိရှိလေ့လာ ထားသင့်ပါသည်။

(က) ကားသော့(Key)သွင်း၍ သော့အုံလှည့် မရခြင်း
ကားသော့အုံတွင် စတီယာကော်လံ Lock ပါရှိသည်။ ကားသော့တံ Key ထိုးမထားဘဲ စတီယာရင်ဘီးခွေကို လှည့်လိုက်ပါက Lock ကျသွားမည်။ ကားရပ်နားစဉ်က ရှေ့ဘီးအစွန်းသည် ပလက်ဖောင်းဘောင် နှုတ်ခမ်းသားအစွန်းနှင့် ဖိမိနေလျှင် စတီယာရင် Lock ကျပြီး ကျပ်နေမည်။ ကားသော့တံသွင်းသော်လည်း စတီယာရင်လှုပ်မရ၍ Key ဆလင်ဒါ မလည်နိုင်ခြင်း ဖြစ်သည်။ ဤသို့ခက်ခဲနေလျှင် စတီယာရင်ကို အားစိုက်ကစားပေးပြီး ကားသော့တံ (Key) ကို ကစားပေးပါက စတီယာရင် Lock ပြန်ပွင့်သွားတတ်သည်။
ကားသော့(Key)တံကို ကြေးဝါသတ္တုဖြင့် ပြုလုပ်ထားသည်။ သော့တံရှိ အထစ်ဘုသွားများသည် အကြိမ်ရေများစွာ အသုံးပြုပါက ကြေး သတ္တုများ ပွန်းစားပြီး ကားသော့(Key)လှည့်ရာတွင် ခက်ခဲနေတတ်သည်။ ထိုပြသနာမှာ သော့အုံကြောင့်မဟုတ်ဘဲ သော့တံ Key စားသွား၍ ဖြစ်သည်။ သင့်ထံတွင် ကားသော့အပိုတစ်ချောင်းမရှိပါက ကားသော့မိတ္တူတစ်ချောင်းပြုလုပ်ရမည်။ ကားသော့ပြုပြင်ပေးသော Key Master ကျွမ်းကျင်သူကို သင့်ကားသော့စား၍တိုဝင်နေကြောင်း ပြောပြပါ။ သော့ မိတ္တူပြန်ကူးရာတွင် Key မြှင့်၍ ကူးယူနိုင်ပါသည်။
တစ်ခါတစ်ရံ ကားသော့အုံအတွင်း၌ ဖုန်မှုန့်နှင့် အညစ်အကြေးများဝင်၍ Key Clinder ကျပ်နေတတ်သည်။ ကားသော့အုံကိုဖြုတ်၍ ဆေးကြောသန့်ရှင်းနိုင်သည်။ သော့အုံတွင် ကားသော့တံ Key အလွယ် တကူချောမွေ့စွာ ဝင်ထွက်ကစားနိုင်ရန် ချောဆီထည့်ပေးရသည်။ လျှပ်စစ်မစီးနိုင်သော ချောဆီထည့်ရမည်။ Dielectric ဆီလီကွန်၊ သို့မဟုတ် Aerosol Electronic Cleaner ကဲ့သို့ ချောဆီတစ်မျိုးမျိုး ထည့်ပေးလျှင် ဂျမ်းဖြစ်နေသော သော့အုံချောင်သွားမည်။ နောက်ဆုံး မည်သို့မျှပြင်၍ မရလျှင် Key Cylinder နှင့် ကားသော့(Key) အစုံလိုက်(One set) အစားထိုးလဲလှယ်လိုက်ပါက ထိုအခက်အခဲများ ပြေလည်သွားမည်။

(ခ) ကားသော့လှည့်၍ ရသော်လည်း အင်ဂျင်စက် မလည်ခြင်း
သော့အုံထဲသို့ ကားသော့တံ(Key)ထည့်ပြီး လှည့်၍ရသည်။ သို့ သော်လည်း စက်နှိုးမိုတာမလည်သော အခြေအနေမျိုးဖြစ်ပါသည်။Ignition Switch (သော့အုံခလုတ်) မကောင်း၍လား၊ စက်နှိုးမိုတာဆား ကတ် (Starting Circuit) မှာ အပြစ်အမှားတစ်ခုခုရှိနေ၍လား စဉ်း စားစရာ နည်းလမ်းနှစ်မျိုးဖြင့် ချွတ်ယွင်းချက်ကို ရှာပါ။
ကားသော့ဖွင့်လိုက်လျှင် ဒက်ရှ်ဘုတ်မီးများ လင်းလာရမည်။ ကား သော့ On Position အနေအထားတွင် မည်သည့်အချက်ပြ သတိပေး မီးမျှ မလင်းပါက ဘက်ထရီခေါင်းအဆက် ချောင်နေသလား၊ လွတ်နေသလား၊ ဘက်ထရီ လုံးဝအားမရှိဘဲ Down သွားပြီလား သေချာအောင် မီးကြီးဖွင့်ကြည့်ပါ။ မီးလုံးဝမလင်း၊ ကားဟွန်းသံလည်း မမြည်ခဲ့လျှင် ကားဘက်ထရီ၌ ပြသနာရှိနေသည်မှာ သေချာသည်။
ကားမီးကြီးလည်း လင်းသည်၊ ဟွန်းလည်းမြင်သည်။ ဝိုက်ပါလည်း အလုပ်လုပ်သည်ဆိုလျှင် ဘက်ထရီကြောင့်မဟုတ်ပါ။Ignition Switch ဆားကတ်မှာ Fuse ပြတ်နေသလား။ Relay ဘူး မကောင်းတာလား။ Starting System မှာ ဝါယာရင်း အပြစ်ရှိသလား အဖြေရှာကြည့်ပါ။ ကားသော့ကို ‘START’ Position သို့ လှည့်လိုက်တိုင်း Relay ဘူး ကစားနေသော အသံတတောက်တောက်နှင့် ကြားရသည်ဆိုလှျင် Ignition Switch ကောင်းသည်။ မိုတာပိုင်းသာ အမှားတစ်ခုခု ရှိနေသည်။

(ဂ) ကားသော့လှည့်သည်၊ စက်နှိုးမိုတာ လည်သည်။
သို့သော် စက်မနိုးပါ
ဤအခြေအနေသည် စက်နှိုးမိုတာနှင့် ကားသော့အုံတွင် အပြစ် လုံးဝ မရှိတော့ပါ။ Anti-theft စနစ်၊ ဆီပို့စနစ်၊ မီးပေးစနစ်၊ အင်ဂျင် ကွန်ပျူတာတို့တွင် အမှားတစ်ခုခုရှိနေ၍ စက်မနိုးနိုင်ခြင်းဖြစ်သည်။ ကားအင်ဂျင် စက်နှိုးရန် ဆီစနစ်၊ မီးစနစ်များ မှန်နေရမည်။ ခေတ်ဟောင်းကားများတွင် ဆီပျောက်၊ မီးပျောက် ရှာရလွယ်သည်။ ခေတ်ပေါ် ကားများတွင် နည်းပညာမြင့်၍ ရှုပ်ထွေးသည်။ ကားနည်းပညာအခြေခံ မရှိလျှင် ခေတ်ပေါ်ကားများ၏ အလုပ်လုပ်ပုံကို နားလည်သဘောပေါက်ရန် အခက်အခဲဖြစ်နိုင်ပါသည်။
ခေတ်ပေါ်ကားများတွင် ကားသော့သည် Smart Key ဖြစ်သည်။ Smart Key တွင် ကားလုံခြုံရေးအတွက် ပရိုဂရမ် Code ထည့်သွင်းထားသည်။ ယင်း Code ကို Anti-theft Code ဟုခေါ်သည်။ Ignition Switch တွင်ရှိသော Receiver က Smart Key ကို ဖတ်သည်။Smart Key နှင့်Receiver ကြားတွင် မမြင်ရသော Signal လှိုင်းများရှိသည်။ Smart Key မကောင်းလျှင်လည်း ကွန်ပျူတာအလုပ်မလုပ်ပါ။ ကား တစ်စီးလုံး၏ ဆီစနစ်၊ မီးစနစ်အားလုံးကို PCM (Powertrain Control Module) ခေါ် ကွန်ပျူတာက ထိန်းချုပ်သည်။ ကွန်ပျူတာသည် အင်ဂျင်ဆင်ဆာ(Sensor)မျိုးစုံမှ လက်ခံရရှိသော သတင်းအချက်အလက်များကို အခြေခံ၍ အင်ဂျင်ကို ထိန်းချုပ်အမိန့်ပေးခြင်း ဆောင်ရွက်သည်။

ဆီတိုင်ကီထဲတွင် ဆီရှိကြောင်း ဆီဂိတ်တွင် ပြသည်။ ကားသော့ ဖွင့်လိုက်လျှင် Fuel Pump လည်သော buzz မြည်သံ ကြားရသည်။Fuel Pump လည်သောအသံ မကြားရပါက Injector ဆီလိုင်းများသို့ လောင်စာဆီ မရောက်ပါ။Fuel Pump မလည်ခြင်းမှာ ဝါယာရင်း ကြောင့်လား၊Fuse ပြတ်နေသလား၊ Pump မိုတာ မကောင်း၍လား စစ်ဆေးရမည်။Fuel Pump လည်လျှင် Injector ဆီလိုင်းများသို့ ဆီ ရောက်လာမည်။ အင်ဂျင်စတင်လည်ရန် Crankshaft Position Sensor နှင့် Ignition Control Module တို့ ကောင်းရမည်။ သို့မှသာ အင်ဂျင်တိုင် မင်ကိုက် မီးပေးနိုင်မည်။

(ဃ) အင်ဂျင်စက်နှိုး၍ ရသည်။ ပုံမှန်လည်သည်။ သို့သော် ကားမောင်းနေစဉ် ရုတ်တရက် စက်သေသွားသည်။
ဤကဲ့သို့ ချွတ်ယွင်းချက် လက္ခဏာသည် Igniton Switch မကောင်းသည့် လက္ခဏာဖြစ်သည်။ လမ်းအဆောင့်ဒဏ်တုန်ခါမှုကြောင့် Igniton Switch အတွင်းပိုင်း ထိတွေ့နေရာများသည် တိုတောင်းသော အချိန်အတွင်း လွတ်သွားတတ်သည်။ ထိုအခါ Igniton Switch မှ ပါဝါဖြတ် တောက်သွားပြီး စက်သေသွားခြင်းဖြစ်သည်။ အသုံးပြုချိန်ကြာသော ကား အိုကားဟောင်းများတွင် အများဆုံးဖြစ်တတ်သည်။ ကားသစ်များတွင်လည်း ဖြစ်တတ်သည်။ သာဓကအနေဖြင့် ၂ဝ၁၄ ခုနှစ်အတွင်း အမေရိကန် GM ကားများ Igniton Switch ပြသနာပေါ်၍ ကားစီးရေသန်းချီပြီး ပြန်လည်သိမ်းယူ ပြုပြင်ပေးခဲ့ရသည်။

(င) ကားသော့တံ(Key)ကျိုး၍ ကျန်နေခြင်း၊ သောတံနုတ်၍ မရခြင်း
ကားသော့အုံတွင် စတီယာရင် Column Lock Cylinder အတွင်း၌ pin ချောင်းကလေးများ ညပ်နေပါက ကော်လံ Locking Mechanism ပျက်စီးသွားတတ်သည်။ ထိုအခါမျိုးတွင် ကားသော့(Key)ကို သော့အုံမှ ဆွဲထုတ်၍မရ ဖြစ်တတ်သည်။
ကားသော့ကျိုးကျန်ခဲ့ပါက ကားသော့ပြင်ဆိုင် Key Master တစ်ဦး ၏ အကူအညီဖြင့် ကျိုးကျန်ခဲ့သော ကားသော့ကို ပြန်ဆွဲထုတ်နိုင်ရန် ကြိုးစားပါ။ ကားသော့အုံမကောင်းပါက ကားသော့နှင့် သော့အုံအစုံလိုက် လဲလှယ်ပါ။ ကားသော့တစ်ချောင်းသည် ကားတစ်စီးအတွက် အဓိက ကျပြီး အရေးကြီးသောအရာလည်း ဖြစ်သည်။ ကားသော့တစ်ချောင်း အရန်ရှိထားသင့်သည်၊ ဆောင့်ထားသင့်သည်။ ခေတ်ပေါ် Smart Key ဖြစ်လျှင်လည်း ကွန်ပျူတာဖြင့် ပရိုဂရမ်ပြန်လည် ရေးသားပြီး Smart Key အရန်တစ်ချောင်း ဆောင်ထားသင့်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here