ဖောက်စွပ်ကားပြသနာကြောင့် ယာဉ်ရောင်းဝယ်ရေးစခန်းများနှင့် ပြင်ပစျေးကွက်ရှိ နံပါတ်ထွက်ပြီးသားကားများ အရောင်းအဝယ်အေးသွားပြီး အရောင်းစင်တာများမှ ကားများသာ အရောင်းအဝယ်ဖြစ်နေသည့် ရန်ကုန်ကားစျေးကွက်

2315

အလုံးချိန်းဖောက်စွပ်ကားများကို သိမ်းဆည်းပြစ်ဒဏ်ချမှတ်ခြင်းဖြင့် အရေးယူ ဆောင်ရွက်နေခြင်းကြောင့် ယာဉ်ရောင်းဝယ်ရေးစခန်းများနှင့် ပြင်ပ ကားစျေးကွက်ရှိ နံပါတ်ထွက်ပြီးသား ကားများမှာ အရောင်းအဝယ် အေးသွားကာ အရောင်းစင်တာများမှ ကားများသာ အရောင်းအဝယ် ဖြစ်နေသည်။ ယခင်လများက အရောင်းအဝယ် အေးသည်ဟုဆိုသော်လည်း သိန်းနှစ်ရာအောက် ၁၃ဝဝ စီစီကားများမှာ ပုံမှန်အဝယ်ရှိခဲ့သည်။ သို့သော် ဖောက်စွပ်ကားပြသနာကြောင့် အရောင်းအဝယ်အေးသွားပြီး အဝယ်များကလည်း ယာဉ်စစ်ခံနေသည့် ကားများကိုသာ ဝယ်ယူလာကြသဖြင့် အရောင်းအဝယ်ဖြစ်ရန် ခက်ခဲသွားခဲ့သည်။
‘‘ဒီရက်ပိုင်းမှာ မိုးများတဲ့အတွက် နယ်အဝယ်တွေ သိပ်မလာကြပါ ဘူး၊ နယ်အဝယ်မဆင်းတဲ့အတွက် အရောင်းအဝယ်အေးနေသလို ကညန ကလည်း ဖောက်စွပ်ကားလို့ စစ်ဆေးတွေ့ရှိရင် သိမ်းဆည်းနေတဲ့အတွက် စျေးကွက်အခြေအနေက ပိုဆိုးသွားပါတယ်၊ ၁၃ဝဝ စီစီကားတွေထဲမှာ ကျပ်သိန်း ၂၅ဝ ဝန်းကျင် စတိနံပါတ်ကားတွေတော့ ရောင်းရပါတယ်၊ အမြင့်ကားတွေထဲမှာလည်း သိန်း ငါးရာဝန်းကျင် Toyota Vanguard စတိနံပါတ်ကားတွေရောင်းရပါတယ်’’ ဟု ‘MMM ကားအရောင်းစင်တာ’ မန်နေဂျင်းဒါရိုက်တာ ကိုမင်းမင်းမောင်က ဆိုသည်။
ကားအရောင်းအဝယ်ပြုလုပ်ရာတွင် ဖောက်စွပ်ကားဂယက်သည် ကြီးမားစွာ လှိုင်းထနေသည်။ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန က ၂ဝ၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် မော်တော်ယာဉ်ဥပဒေကို အခြေ ခံကာ ဖောက်စွပ်ကားများကို သိမ်းဆည်းမည်ဟုု တရားဝင်ကြေညာလိုက်ပြီး နောက်ပိုင်းတွင် အရောင်းအဝယ်ပြုလုပ်သည့်အခါ၌လည်း အခက်အခဲများ ကြုံတွေ့လာခဲ့သည်။ ယခင်ကကဲ့သို့ ကားတစ်စီးကို မျက်မြင် စစ်ဆေးပြီး ဝယ်ယူ၍ မရတော့ပေ။ ဝယ်ယူမည့်ကားကိုသေချာစစ်ဆေးပြီး စျေးစကား ပြောပြီးသည်အထိတိုင်အောင် ယာဉ်မှန်/မမှန်၊ ဟုတ်/မဟုတ် ဆိုသည်ကို သိရှိရန် ယာဉ်စစ်ပြီးမှသာ ငွေပေးချေမှုများ ပြုလုပ်လာကြသည်။ ယာဉ် မှန်/မမှန် စစ်ရန်အတွက်လည်း ကညနရုံးများတွင် တစ်နေကုန် အချိန် ကုန်ခံပြီး ဆောင်ရွက်ရ၍ ယခင်ထက် အလုပ်များ ပိုလာခဲ့သည်။ ယာဉ်မှန် /မမှန် စစ်ဆေးရာ၌ တစ်ပတ်လျှင် ဖောက်စွပ်ကား သုံးစီး ဝန်းကျင် တွေ့ရှိနေရသဖြင့် အဝယ်များ၏စိုးရိမ်မှုကလည်း ပိုမိုမြင့်မားလာခဲ့သည်။

ကညနအနေဖြင့် ၂ဝ၁၅ မော်တော်ယာဉ်ဥပဒေအရ ဖောက်စွပ်ကားများ ကို သိမ်းဆည်းရာတွင် မသိလိုက်ဘဲ မှားယွင်းစွာဝယ်ယူမိသူများအတွက် နစ်နာမှုများ ရှိလာမည်ဖြစ်သည်။
ဖောက်စွပ်ကားများကြောင့် ကားဝယ်ယူမည့်သူများအနေဖြင့် ပြင်ပ စျေးကွက်ရှိကားများကို မဝယ်ရဲကြတော့သလို ယာဉ်မှန်/မမှန်မစစ်ဆေးဘဲ ဝယ်ယူခဲ့မိသူများမှာလည်း ပြန်လည်ရောင်းချရန် အခက်တွေ့နေကြသည်။ ယာဉ်စစ်ဆေးရန် အချိန်မရသည့် နယ်အဝယ်များကလည်း ကားအရောင်း စင်တာများရှိ ကားများကိုသာ ဝယ်ယူလာကြသဖြင့် အရောင်းစင်တာများမှာ အရောင်းအဝယ်ဖြစ်လာခဲ့သည်။ ရန်ကုန်အဝယ်များကလည်း ယာဉ်မှန်/ မမှန် စစ်ဆေးရန်မလိုသည့် ကားအရောင်းစင်တာများရှိ စတိနံပါတ်ကားများ နှင့် ရန်ကုန်လိုင်စင်ရရှိသည့် ပြည်တွင်းထုတ်ကားများကို ဦးစားပေးဝယ် လာကြသည်။
‘‘ဒီရက်ပိုင်း ကားအရောင်းစင်တာတွေမှာတော့ အရောင်းအဝယ် ကောင်းလာတာ တွေ့ရတယ်၊ ၁၃ဝဝ စီစီ၊ ၁၅ဝဝ စီစီကားတွေထဲမှာ Honda Fit Shuttle ၊ Honda Fit GK3 ၊ Toyota Axio စတဲ့ ကားလေးတွေ ရောင်းရပါတယ်၊ ဖောက်စွပ်ကားတွေ ပြသနာတက်တဲ့အ ချိန်မှာ ပြင်ပစျေးကွက်က ကားတွေထက် ကားအရောင်းစင်တာက ကား တွေ ပိုပြီး ရောင်းရပါတယ်၊ နယ်အဝယ်တွေကလည်း အရောင်းစင်တာက ကားတွေ ဝယ်လာကြတဲ့အတွက် အရောင်းအဝယ်ဖြစ်ပါတယ်၊ နယ်အဝယ် အများစုကတော့ ဂျပန်ညာမောင်း နယ်လိုင်စင်စတိနံပါတ်ကားတွေကို ဝယ်ကြပါတယ်၊ ရန်ကုန်အဝယ်တွေကတော့ ရန်ကုန်လိုင်စင်ရတဲ့ SKD ကားတွေနဲ့ ဒီနှစ်မှာ အသစ်မိတ်ဆက်လိုက်တဲ့ Toyota Rush ၊ Toyota Avanza ကားတွေကို ရွေးချယ် ဝယ်ယူလာကြပါတယ်။ စလစ်စျေးတက် တဲ့အတွက် စလစ်ကပ်ကားတွေထက်စာရင် ဖရီးပါမစ်နဲ့ တင်သွင်းထားတဲ့ နယ်လိုင်စင် လက်ကျန်ကားလေးတွေ ပိုပြီး အရောင်းအဝယ်ဖြစ်ပါတယ်’’ဟု ‘RIXS Group’မှ မန်နေဂျင်းဒါရိုက်တာ ကိုအောင်မျိုးသူက ဆိုသည်။
ဒေါ်လာစျေးနှင့် ယာဉ်အို/ဟောင်းစလစ်စျေးများ မြင့်တက်နေခြင်း ကြောင့် စတိနံပါတ်ကားများ စျေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း သိရသည်။ YVQC စနစ် ရွေ့ဆိုင်းလိုက်သည်ဆိုသည့် သတင်းများထွက် ပေါ်ပြီးနောက်ပိုင်း စလစ်စျေး ပြန်လည်မြင့်တက်လာပြီး သက်တမ်းနှစ် နှစ်ဆယ် ရန်ကုန်လိုင်စင် အမည်ပေါက် စလစ်တစ်စောင် ကျပ် ၁၃၁ သိန်းဝန်းကျင်အထိ ရှိလာကြောင်း သိရသည်။ ၁၃ဝဝ စီစီကားများ တင် သွင်းနို်င်သော တိုက်ကြေစလစ်များမှာလည်း ရှားပါးလာခြင်းကြောင့် ကျပ် ၁၁၅ သိန်းဝန်းကျင်အထိ မြင့်တက်လာကြောင်း သိရသည်။
‘‘ဒီရက်ပိုင်း ဖောက်စွပ်ကားကိစ္စကြောင့် အရောင်းအဝယ် ပြန်အေး သွားပါတယ်၊ စျေးစကားပြောပြီးပေမဲ့ ယာဉ်မှန်/မမှန် စစ်နေရတာက အလုပ်တစ်ခုပိုလာတဲ့အတွက် အရောင်းအဝယ်လုပ်ရတာ ခက်ခဲလာတယ်၊ ယာဉ်မှန်/မမှန်စစ်ဆေးတဲ့အခါ ဖောက်စွပ်ကားတွေ တွေ့နေသေးတယ်ဆို တဲ့ သတင်းတွေကြောင့် ဝယ်သူတွေက စိုးရိမ်နေကြပါတယ်၊ တချို့ အဝယ်တွေဆို ဝယ်/ရောင်းစခန်းက ကားတွေထက်စာရင် Toyota Rush နဲ့ Toyota Avanza လို Brand New ကားသစ်တွေကို ဝယ်လာကြ တာကိုလည်း တွေ့ရပါတယ်၊ ရောင်းကားရှားနေတဲ့ ကျပ်သိန်း ၁၅ဝ နဲ့ နှစ်ရာကြားရှိတဲ့ ကားလေးတွေ အဝယ်လာကြပါတယ်။ စျေးကွက်ထဲမှာ ရှိနေတ့ဲ စတိနံပါတ် ဂျပန်ကားလက်ကျန်တွေက ဒေါ်လာစျေးန့ဲ စလစ် စျေးတွေ သိသိသာသာ မြင့်တက်နေတဲ့အတွက် စျေးအနည်းငယ် တက် လာပါတယ်။ အဝယ်နည်းနေပေမဲ့ ဂျပန်ကားတွေ ထပ်သွင်းလို့ မရတော့ တာကြောင့် တက်စျေးနဲ့ ရောင်းလာတာလို့ ထင်ပါတယ်’’ဟု တစ်နိုင် တစ်ပိုင် ကားဝယ်/ရောင်းလုပ်ကိုင်သူ ဦးအေးကျော်က ပြောသည်။
ဖောက်စွပ်ကားဂယက်ကြောင့် ကားတစ်စီးဝယ်ယူရာတွင် မျက်မြင် စစ်ဆေး၍ ဝယ်ယူခြင်းထက် ယာဉ်မှန်/မမှန် စစ်ဆေးပြီးမှသာ ဝယ်ယူလာ ခြင်းကြောင့် ကားအရောင်းအဝယ်ဖြစ်ရန် ခက်ခဲနေကြောင်း သိရသည်။ ယာဉ်မှန်/မမှန် စစ်ဆေးရာတွင်လည်း တစ်ပတ်လျှင် ဖောက်စွပ်ကား သုံးစီးဝန်းကျင် တွေ့ရှိနေခြင်းကြောင့် အဝယ်များမှာ စိုးရိမ်မှုမြင့်မားလာပြီး ယာဉ်စစ်ခံနိုင်သည့် ကားများကိုသာ ရွေးချယ်ဝယ်ယူလာခြင်းကြောင့် စျေးကွက်အတွင်း အရောင်းအဝယ်ဖြစ်သည့်ကား ရှားပါးနေကြောင်း သိရ သည်။ YVQC စနစ်ကျင့်သုံးရန် တိုင်းအစိုးရက ကြီးကော်နှင့် တွေ့ဆုံ ဆွေးနွေးခြင်း မပြုရသေးသည့်အတွက် ရန်ကုန်လိုင်စင် ပြန်လည်ခွင့်ပြုရန် ကြန့်ကြာဦးမည်ဖြစ်ရာ စလစ်စျေး ဆက်လက် မြင့်တက်ဖွယ်ရှိကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here