ရန်ကုန်၊ ဇန်နဝါရီ
လာမည့် ဖေဖော်ဝါရီ ၁ ရက်မှစ၍ Online Booking ယူထားသည့်ကားများကိုသာ နှစ်လဲသက်တမ်းတိုး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
နှစ်လဲသက်တမ်းတိုး ယာဉ်များ ကို လာမည့် ဖေဖော်ဝါရီလမှစ၍ Online Booking ယူထားသော ကာများသာ ဆောင်ရွက်ပေးမည် ဖြစ်သော်လည်း ယခုလကုန် ဇန်နဝါရီ ၃၁ ရက်အထိ Online တွင် စာရင်းမပေးထားသည့် ကားများကိုလည်း သက်တမ်းတိုး ဆောင်ရွက်ပေးဦးမည် ဖြစ်ကြောင်း သိရသည်။
” Online Booking စနစ်နဲ့ စတင်လုပ်ဆောင်တဲ့ တစ်လကို အစမ်းကာလလို သဘောထားပြီး Online ကနေ စာရင်းပေးထားတဲ့ ကားတွေရော စာရင်းမပေးထားတဲ့ ကားတွေပါ သက်တမ်းတိုးခွင့်ပေးပါတယ်၊ ဒါပေမဲ့ ဖေဖော်ဝါရီ ၁ ရက် ကစပြီး Online Booking မှာ စာရင်းမပေးထားတဲ့ ကားတွေကို သက်တမ်းတိုးခွင့်ပေးတော့မှာ မဟုတ်ပါဘူး”ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယာဉ်ကြော ပိတ်ဆို့ခြင်းနှင့် ယာဉ်ပိုင်ရှင်များ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းများ မဖြစ်စေရန် နှစ်လဲသက်တမ်းတိုး ကားများကို ဇန်နဝါရီ ၁ ရက်မှစ၍ Online Booking စနစ်ဖြင့် ဆောင်ရွက်ပေးခဲ့ရာ ဇန်နဝါရီ ၂၃ ရက်အထိ ၇,၃၈၃ စီး သက်တမ်းတိုးဆောင်ရွက်ပေးခဲ့ပြီး တစ်ရက်လျှင် ကြိုတင် Booking ပြု လုပ်သည့် ကားအစီးရေ လေးရာ ဝန်းကျင်ရှိကြောင်း သိရသည်။
နှစ်လဲသက်တမ်းတိုးယာဉ်များ ကို Online Booking စနစ်ဖြင့် စာရင်းပေးသွင်းရာတွင် ယာဉ်ပိုင်ရှင်များ ကြိုက်နှစ်သက်ရာ နေ့ရက်နှင့် အချိန် ကို ရွေးချယ်နိုင်ကြောင်း သိရသည်။
Online Booking စနစ်ဖြင့် သက်တမ်းတိုး ဆောင်ရွက်ပေးရာတွင် အရှေ့ပိုင်းခရိုင်ရုံး၌ တစ်ရက်လျှင် ပိုင် ရှင်အစီး ၁၅ဝ နှင့် ကိုယ်စားလှယ် အစီး ၂၇ဝ၊ အနောက်ပိုင်းခရိုင်ရုံး၌ ပိုင်ရှင် ၁၇၅ စီးနှင့် ကိုယ်စားလှယ် ၂၂၅ စီး၊ မြောက်ပိုင်းခရိုင်ရုံး၌ ပိုင်ရှင် ၁၂၅ စီးနှင့် ကိုယ်စားလှယ် ၂၂၅ စီး ၊ တောင်ပိုင်းခရိုင်ရုံး၌ ပိုင်ရှင်အစီး တစ်ရာနှင့် ကိုယ်စားလှယ် အစီးတစ်ရာ၊ ရွာသာကြီး ကညနရုံး၌ ကုန်တင်ယာဉ် အစီးနှစ်ရာနှင့် ခရီး သည်တင်ယာဉ် အစီးခြောက်ဆယ်ခွင့်ပြုပေးမည် ဖြစ်ကြောင်း သိရသည်။
ကြည်ပြာ၊ ရဲထွန်းကျော်