ဖေဖော်ဝါရီတစ်လလုံးအေးစက်စွာ ဖြတ်သန်းခဲ့ရသည့် ရန်ကုန်ကားစျေးကွက်

1718

လာမည့် ဧပြီ ၁ ရက်တွင် စတင်ကျင့်သုံးမည့် COE စနစ်၏ အခြေအနေကို စောင့်ကြည့်နေကြ၍ လတ်တလောကားစျေးကွက်အခြေအနေမှာ ငြိမ်သက်နေသည်။ ဝင်ငွေခွန် အပြောင်းအလဲနှင့် နယ်လိုင်စင်အပ်ကားများကို ရန်ကုန်လိုင်စင်ပြောင်း၍ ကားသစ်တင်သွင်းခွင့် မရတော့သဖြင့် စလစ် စျေးများလည်း မြင့်တက်သွားပြီး ၂ဝ၁၇ ပါမစ်ဖြင့် တင်သွင်းထားသော စတိနံပါတ်ကားများလည်း အရောင်းအဝယ်အေးစက်သွားခဲ့သည်။ COE စနစ်နှင့်ပတ်သက်၍လည်း တင်သွင်းခွင့်ရမည့်အစီးရေ၊ ကောက်ခံမည့် အခွန်နှုန်းထားများအပေါ် သတင်းအမျိုးမျိုးထွက်ပေါ်နေရာ စျေးကွက်အပြောင်းအလဲကို အားလုံးကစောင့်ကြည့်နေကြသည်။ COE စနစ်ဖြင့် ရန်ကုန်လိုင်စင်ကားများ ပြန်ဖွင့်ပေးမည်ဟု သတင်းများလည်း ထွက်ပေါ်လာရာ ကားဝယ်ယူလိုသူများက ကားစျေးများ ပြန်ကျမည်အထင်ဖြင့် စောင့် ကြည့်နေကြသောကြောင့် စျေးကွက်က ပို၍အေးစက်သွားခဲ့သည်။ အရောင်းအဝယ်ငြိမ်သက်နေသည့်ကာလတွင် ကားအရောင်းစင်တာများတွင်သာမက ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်လည်း အဝယ်ဆင်းမှု နည်းသောကြောင့် စျေးကွက်အေးစက်နေကာ ငွေလည်ပတ်ရန်အတွက် စျေးချရောင်းသော ကားများသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

”ကားနဲ့သက်ဆိုင်တဲ့ မူဝါဒသတင်းတွေ အမျိုးမျိုးထွက်ပေါ်နေတဲ့အတွက် ကားတင်သွင်းတဲ့သူတွေရော ကားဝယ်မယ့်သူတွေပါ အခြေအနေတစ်ခုကို စောင့်ကြည့်နေကြလို့ စျေးကွက်က အပြောင်းအလဲမရှိခပ်အေးအေး ပဲ ဖြစ်နေတယ်၊ သတင်းထွက်ပေါ်နေတဲ့အတိုင်း ဝင်ငွေခွန် ၃ ရာခိုင်နှုန်းသာ တကယ်သတ်မှတ်ပေးရင် အင်ဂျင်ပါဝါမြင့်တဲ့ကားတွေအတွက် ပေးဆောင်ရမယ့်အခွန်တွေ သက်သာသွားမှာဖြစ်ပါတယ်၊ COE စနစ်က အသစ်တင်သွင်းတဲ့ကားတွေအတွက်သာ ခွင့်ပြုပေးဖို့များလို့ နံပါတ်ထွက်ပြီးသားကားတွေရဲ့စျေးက အပြောင်းအလဲရှိလာမှာမဟုတ်ပါဘူး၊ ဒီရက်ပိုင်းမှာ သိန်း ၁၅ဝ နဲ့ နှစ်ရာကြား ၁၃ဝဝ စီစီကားလေးတွေကတော့ ပုံမှန်လေးအရောင်းအဝယ်ဖြစ်ပြီး သိန်းနှစ်ရာအထက် ကားတွေကတော့ အရောင်းအဝယ်အေးနေသေးပါတယ်၊ သိန်းနှစ်ရာအထက်ကားတွေ အရောင်းအဝယ်အေးသွားတာကလည်း စျေးကွက် ဘာဖြစ်လာမှန်းမသိ သေးတဲ့အတွက် မရင်းချင်တာပါတယ်၊ ဧပြီလမှာ မူဝါဒတွေထုတ်ပြန်ပြီးရင် စျေးတန်းတစ်ခုမှာ ငြိမ်သွားမှာဖြစ်လို့ ငွေဘယ်လောက်သုံးရင် ဘယ်လို ကားအမျိုးအစားတွေဝယ်ယူလို့ရမလဲဆိုတာ စဉ်းစားလို့ရသွားမှာပါ၊ ကား စျေးတွေ တည်ငြိမ်သွားရင်တော့ အရင်လိုအရမ်းအကောင်းကြီးမဟုတ်ရင်တောင် ပုံမှန်လေးတော့ အရောင်းအဝယ် ပြန်ကောင်းလာမှာပါ”ဟု ကား ဝယ်/ရောင်း ကိုချမ်းငြိမ်းဦးက ဆိုသည်။

ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်လည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကုန်ပိုင်းလောက်မှစ၍ အရောင်းအဝယ အေးစက်နေပြီး နယ်အဝယ်ဆင်းလာမှသာ ကြိုးကြားကြိုးကြားအရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ အရောင်းအဝယ်အေးစက်နေချိန်တွင် ၁၃ဝဝ စီစီကားများ စျေးအနည်းငယ် ဆင်းသွားပြီး အမြင့်ကားများမှာ စျေးအတက်/အကျမရှိသလို အရောင်းအဝယ်လည်း အေးစက်နေကြောင်း သိရသည်။ ထို့ပြင် ဧပြီလတွင် စတင် ကျင့်သုံးမည့် COE စနစ်ကို စောင့်ကြည့်နေခြင်း၊ တင်သွင်းရမည့် ပုံစံ ပြောင်းလဲသွားခြင်းနှင့် ပေးဆောင်ရမည့် အခွန်နှုန်းထားများ ပြောင်းလဲမှုကြောင့် တင်သွင်းပြီးသား ကားဟောင်းများကိုသာ ထိန်းရောင်းနေကြရသည်။

” COE စနစ်နဲ့ အခွန်အပြောင်းအလဲကို စောင့်ကြည့်နေတဲ့အတွက် အရောင်းအဝယ်က ခပ်အေးအေးပဲ၊ COE စနစ်ကျင့်သုံးမယ်ဆိုရင် ဘယ်ကားတွေကို ဘယ်လိုစျေးနဲ့ သတ်မှတ်ပေးမလဲဆိုတဲ့အပေါ်မူတည်တယ်၊ ကားတွေကို အမျိုးအစားအလိုက် စျေးသတ်မှတ်ချက်တွေထွက်လာရင်တော့ ရန်ကုန်လိုင်စင်စျေးကွက်တစ်ခုဆိုပြီး ထွက်ပေါ်လာမယ်၊ နောက်ပြီး လျှော့ချမယ့် ဝင်ငွေခွန်တွေကိုလည်း အတိတကျသတ်မှတ်ပေးမယ်ဆိုရင် လျော့သွားတဲ့စျေးအပေါ်မူတည်ပြီး အင်ဂျင်ပါဝါနည်းတဲ့ကားက တစ်စျေး၊ အင်ဂျင်ပါဝါမြင့်တဲ့ ကားကတစ်စျေးဆိုပြီး စျေးသတ်မှတ်ချက်လေးတစ်ခု ဖြစ်လာမယ်၊ အခုအချိန်မှာတော့ အားလုံးက ဘယ်လိုပြောင်းလဲမှုတွေလာမ လဲဆိုတာ စောင့်ကြည့်နေကြလို့ အရောင်းအဝယ်အေးနေပါတယ်၊ နံပါတ် ထွက်ပြီး သိန်း ၁၅ဝ ဝန်းကျင် ဖရီးပါမစ်ကားလေးတွေလောက်ပဲအရောင်း အဝယ်ဖြစ်တယ်၊ ဧပြီလမှာထုတ်ပြန်မယ့် မူဝါဒတွေ ထွက်ပေါ်လာမှပဲ ကားစျေးအတက်/အကျနဲ့ စျေးကွက်ဘယ်လိုဖြစ်လာမလဲဆိုတာခန့်မှန်းလို့ ရမှာဖြစ်ပါတယ်”ဟု ‘ Bagan Automotive ကားအရောင်းစင်တာ’ မန်နေဂျင်းဒါရိုက်တာ ကိုရန်မျိုးအောင်က ဆိုသည်။

နယ်လိုင်စင်အပ်ကားများကို ရန်ကုန်လိပ်စာမပေးတော့သည့်နောက်ပိုင်းတွင် အပ်ကားရှားပါးသွားပြီး ရန်ကုန်အမည်ပေါက်စလစ်သည်လည်း ကျပ် ၁၂၇ သိန်းအထိ စျေးမြင့်တက်သွားခဲ့သည်။ နယ်စလစ်များမှာမူ ဝယ်လက်နည်းနေသဖြင့် ကျပ် ၁ဝ၅ သိန်းအထိ စျေးကျဆင်းသွားကြောင်း ကားစျေးကွက်အတွင်းမှ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here