ဖမ်းဆီးအရေးယူခဲ့ရသည့် စည်းကမ်းမဲ့ယာဉ် နှစ်သောင်းကျော်တွင် YBS ခရီးသည်တင်ယာဉ် တစ်သောင်းကျော် ပါဝင်

718

ရန်ကုန်၊ မတ်
တစ်နှစ်အတွင်း ဖမ်းဆီးအရေးယူခဲ့သည့် စည်းကမ်းမဲ့ယာဉ် နှစ်သောင်းကျော်ရှိပြီး YBS ခရီးသည် တင်ယာဉ် တစ်သောင်းကျော်ပါဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှုးရုံးမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မောင်းနှင်နေသည့် စည်းကမ်းမဲ့ယာဉ်များကို စီမံချက်တစ်ခုဖြင့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ တာဝန်ရှိသူများပူးပေါင်း၍ ဖမ်းဆီးအရေးယူခဲ့ရာ တစ်နှစ်အတွင်း ၂၆,၃ဝ၉ စီး ဖမ်းဆီးခဲ့ပြီး YBS ခရီးသည်တင်ယာဉ် ၁၇,၉၁၇ စီးပါဝင်ကြောင်း သိရသည်။

” YBS စနစ် စတင်ပြေးဆွဲတဲ့ အချိန်ကစပြီး သက်ဆိုင်ရာအဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ပူးပေါင်းအဖွဲ့ကနေ စည်းကမ်းပျက်ယာဉ်တွေကို အထူးကြပ်မတ် အရေးယူခဲ့ရာမှာ ဒီအချိန်အထိ အမှု တစ်သောင်းကျော် ရှိခဲ့ပါတယ်၊ အခု နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ စည်းကမ်းဖောက်ဖျက်တဲ့ ကားနည်းလာတာ တွေ့ရပါတယ် ” ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူးကြီး ဦးဝင်းလွင်က ပြောသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့ အပါအဝင် YRTA ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ နယ်ပယ်များရှိ တာဝန်ရှိသူများ ပူးပေါင်း၍ ပူးပေါင်းစစ်ဆေးရေး အဖွဲ့ ၁ဝ ဖွဲ့ စည်းကာ ရန်ကုန်မြို့တွင်းတစ်လျှောက် စစ်ဆေးမှုများပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပူးပေါင်းစစ်ဆေးရေးအဖွဲ့ ၁ဝ ဖွဲ့မှ စတင်စစ်ဆေးအရေးယူခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက် မှ ၂ဝ၁၈ ခုနှစ်၊ မတ် ၄ ရက်အထိ စည်းကမ်းမဲ့ယာဉ် ဖမ်းဆီးအရေးယူခဲ့ရသည့် အမှု ၂၆,၃ဝ၉ မှုတွင် YBS ခရီးသည်တင် ယာဉ် ၁၇,၉၁၇ မှု ၊ အငှားယာဉ်(တက္ကစီ) ၄,၆၉၃ မှု၊ ကိုယ်ပိုင်ယာဉ် ၃,၃၉၃ မှု ရှိ ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်၍ အရေးယူမှုများထဲတွင် အရှိန်ပြင်း မောင်းနှင်ခြင်း၊ မရပ်ရနေရာများတွင် ရပ်နားခြင်း စသည့်အမှုများမှာ အများဆုံး ဖြစ်ကြောင်း သိရသည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here