ပွင့်လင်းရာသီရောက်ရှိလာသဖြင့် ကားသစ်ရော ကားဟောင်းပါ အဝယ်လိုက်လာသည့် ကားစျေးကွက်

764

ပွင့်လင်းရာသီ ရောက်ရှိလာသဖြင့် ကားစျေးကွက်လည်း ပြန်လည် လှုပ် ခတ်လာပြီး ၁၃ဝဝ စီစီ နံပါတ်ထွက်ပြီးသားကားများနှင့် ၆၆ဝ စီစီ မီနီ ထရပ်များ အရောင်းအဝယ် ဖြစ်လာသည်။ နယ်အဝယ်များ ပြန်ဆင်း လာသည့်အတွက် နယ်လိုင်စင်နံပါတ်ထွက်ပြီးသား ကားများလည်း အ ရောင်းအဝယ် ဖြစ်နေသည်။ ဂျပန်ညာမောင်းကားများ အရောင်းအဝယ် ဖြစ်နေသလို ပြည်ပမှ တင်သွင်းသော Brand New ကားများနှင့် SKD ကားများလည်း အဝယ်ပြန်လိုက်လာသည်။ ပြည်တွင်း၌ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်သည့် ကုမ္ပဏီများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ကားအမျိုးအစားသစ်များ တိုးလာသောကြောင့် ရွေးချယ်စရာကားများ လည်း ပိုများလာခဲ့သည်။

“အောက်တိုဘာလဆန်းကစပြီး အရောင်းအဝယ် ပြန်ကောင်း လာပါတယ်၊ အမြင့်ကားတွေထက်စာရင် ၁၃ဝဝ စီစီကားတွေနဲ့ ၆၆ဝ စီစီပစ်ကပ်တွေ ပိုပြီး အရောင်းအဝယ်ဖြစ်ပါတယ်၊ ပွင့်လင်းရာသီ ရောက် လာတဲ့အတွက်လည်း နယ်အဝယ်တွေ ပြန်ဆင်းလာပါတယ်၊ အခုအချိန်မှာ နယ်ဝယ်လိုအားက ၆ဝ ရာခိုင်နှုန်းလောက်ရှိပြီး ရန်ကုန်ဝယ်လိုအားက ၄ဝ ရာခိုင်နှုန်းဝန်းကျင် ရှိပါတယ်၊ ဒီလထဲမှာ ကျပ်သိန်း နှစ်ရာဝန်းကျင် နံပါတ်ထွက်ပြီးသား ကားတွေဆိုရင် လက်ထဲမှာ ရှိရင်ရှိသလောက် ရောင်း ရပါတယ်၊ အမြင့်ကားတွေလည်း အဝယ်ပြန်လိုက်လာပြီး Kluger ၊ Vanguard ၊ Harrier ၊ Alphard ၊ Land Cruiser တို့လည်း အဝယ် လိုက်လာသလို မကြာသေးခင်က မိတ်ဆက်ခဲ့တဲ့ Mitsubishi Xpander ၊ Hyundai Tucson ၊ Suzuki New Ertiga နဲ့ Hyundai Creta တို့လည်း အဝယ်လိုက်ပါတယ်”ဟု MMM ကားအရောင်းစင်တာမှ မန်နေဂျင်း ဒါရိုက်တာ ကိုမင်းမင်းမောင်က ဆိုသည်။

ပေးဆောင်ရသည့်ဝင်ငွေခွန် သက်သာသွားခြင်းကြောင့် ကားစျေး ကွက်အတွင်း ကားသစ်စျေးကွက် အားကောင်းလာသလို နံပါတ်ထွက်ပြီး သား ညာမောင်းကားများလည်း စျေးကွက်ကိုဆက်ပြီး ဦးဆောင်နေသည်။ လက်ရှိကားစျေးကွက်တွင် Mazda Demio ၂ဝဝ၈ မိုဒယ်ကို ကျပ် ၁၆၂ သိန်းဝန်းကျင်၊ Toyota Vitz ၂ဝ၁၁ မိုဒယ်ကို ကျပ် ၁၈၅ သိန်းဝန်းကျင်၊ Toyota Probox ၂ဝဝ၇/၂ဝဝ၈ မိုဒယ်ကို ကျပ်သိန်း ၁၈ဝ ဝန်းကျင်၊ Honda Fit ၂ဝဝ၈ မိုဒယ်(အဖြူရောင်) ကျပ် ၁၈၅ သိန်းဝန်းကျင်တို့တွင် အရောင်းအဝယ် ဖြစ်နေသည်။ အမြင့်ကားများထဲတွင်လည်း Toyota Crown ၂ဝဝ၄ မိုဒယ်ကို ကျပ်သိန်း ၃၉ဝ ဝန်းကျင်၊ Honda CR-V ၂ဝဝ၆ မိုဒယ်ကို ကျပ်သိန်း ၃၉ဝ ဝန်းကျင်၊ Toyota Kluger ၂ဝဝ၆ မိုဒယ်ကို ကျပ်သိန်း ၄၉ဝ ဝန်းကျင်၊ Toyota Alphard ၂ဝဝ၄ မိုဒယ်ကို ကျပ်သိန်း ၅၁ဝ ဝန်းကျင်နှင့် Toyota Vanguard ၂ဝ၁ဝ မိုဒယ်ကို ကျပ် ၆၄၅ သိန်းဝန်းကျင် ပေါက်စျေးရှိကြောင်း သိရသည်။ တက္ကစီများထဲတွင် နယ်လိုင်စင် Toyota Probox ၊ Toyota Fielder ၊ Nissan AD Van တို့မှာ အဝယ်အေးနေပြီး စျေးအနည်းငယ်ပြန်ဆင်းသွားသည်။

“ဒီရက်ပိုင်းမှာ ၁၃ဝဝ စီစီ နံပါတ်ထွက်ပြီးသား နယ်လိုင်စင်ကားတွေ အရောင်းအဝယ်ဖြစ်လာပါတယ်၊ ပွင့်လင်းရာသီ ရောက်လာတဲ့အတွက် လည်း နယ်အဝယ်တွေ ပြန်ဆင်းလာပြီး ကားဟောင်းရော ကားသစ်ပါ အရောင်းအဝယ် ဖြစ်ပါတယ်၊ ရန်ကုန်အဝယ် အများစုကတော့ အရစ်ကျ စနစ်နဲ့ ဝယ်လို့ရပြီး ရန်ကုန်လိုင်စင်လည်း ရရှိတဲ့ SKD ကားတွေကို ဦးစားပေး ဝယ်ယူလာကြပါတယ်၊ ဒီလထဲမှာ လုပ်ငန်းသုံးကားတွေလည်း အဝယ် ပိုလိုက်လာပါတယ်၊ သီတင်းကျွတ်ရုံးပိတ်ရက်တွေ အပြီးမှာ အဝယ်တွေ ပိုဆင်းလာပါတယ်၊ ကားသစ်တွေထဲမှာ ရွေးချယ်စရာတွေ ပိုများလာပေမဲ့ စျေးကွက်အကြိုက်ဖြစ်တဲ့ ညာမောင်းကားတွေကတော့ စျေးအရမ်းကျသွားတာမျိုး မရှိနိုင်ပါဘူး”ဟု United Eleven မှ မန်နေ ဂျင်းဒါရိုက်တာ ကိုအောင်သူက ပြောသည်။

အပ်ကားရှားပါးနေခြင်းကြောင့် ရန်ကုန်စလစ်နှင့်နယ်စလစ်ကြားတွင် စျေးကွာဟချက် ရှိနေသေးသည်။ စလစ်စျေးကွက်အတွင်း ဘတ်စ်စလစ် များ ထွက်မလာသေးသော်လည်း ရန်ကုန်လိုင်စင် ဖောက်စွပ်/ဖြတ်ဆက် ကားစလစ်အချို့ကို ကျပ်သိန်း တစ်ရာဝန်းကျင်ဖြင့် ထုတ်ရောင်းလာကြ သည်။ ဖောက်စွပ်စလစ်များ ဝင်ရောက်လာခြင်းကြောင့်လည်း ရန်ကုန် လိုင်စင် အမည်ပေါက်စလစ်စျေးမှာ ကျပ် ၁ဝ သိန်းခန့်ပြန်ကျသွား၍ သက်တမ်းနှစ် နှစ်ဆယ် ရန်ကုန်လိုင်စင်စလစ်မှာ ကျပ်သိန်း ၁၂ဝ ဝန်း ကျင် ရောက်သွားပြီး နယ်လိုင်စင်စလစ်မှာ ကြိုက်ရောင်း၊ ကြိုက်ဝယ်ပုံစံမျိုး ဖြင့် အရောင်းအဝယ် ဖြစ်နေသည်။

”အရောင်းအဝယ်တွေ အကောင်းကြီး မဟုတ်သေးပေမဲ့ လကုန် ပိုင်းလောက်ဆိုရင် ပိုကောင်းလာမယ်လို့ ထင်ပါတယ်၊ စလစ်စျေးနဲ့ ကား စျေးက ၁ဝ သိန်းဝန်းကျင်ပြန်ကျသွားပြီး ဒီထက်ကျဖို့တော့ မရှိပါဘူး၊ နယ်စလစ်နဲ့ ရန်ကုန်စလစ်ကြားမှာလည်း ၁၅ သိန်းကျော် စျေးကွာဟ နေပါတယ်၊ သီတင်းကျွတ်ရုံးပိတ်ရက်တွေ မတိုင်ခင်က လဆန်းပိုင်းမှာ တော်တော်လေး ရောင်းရပါတယ်၊ ပိတ်ရက်တွေမှာတော့ အပြင်အဝယ်တွေ ထက် ဝယ်/ရောင်းတွေပဲ ဆင်းကြပါတယ်”ဟု ကားဝယ်/ရောင်း ကိုစန်းဝင်းရှိန်က ပြောသည်။

ဖောက်စွပ်/ဖြတ်ဆက်စလစ်များ စျေးကွက်အတွင်း ဝင်လာသော ကြောင့် စလစ်စျေးများပြန်ကျသွားခြင်းနှင့် ပေးဆောင်ရသော ဝင်ငွေခွန် များ သက်သာသွားခြင်းတို့ကြောင့် ကားသစ်စျေးကွက်မှာ ပို၍အားကောင်း သွားသည်။ ထို့ပြင် အသစ်မိတ်ဆက်သည့် ကားများကို စိတ်ဝင်စားမှု များလာခြင်းကြောင့်လည်း ကားသစ်ကားဟောင်းစျေးကွက်မှာ မျှတသွား ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here