အီတလီကားကုမ္ပဏီ Lamborghini ဆိုတာ နာမည်ကျော်အနုပညာရှင်တွေ၊ အားကစားသမားတွေ၊ သန်းကြွယ်သူဌေးတွေအကြိုက် တန်ဖိုးမြင့်ပြိုင်ကားတွေ အစဉ်တစိုက် ထုတ်လုပ်ရောင်းချနေတဲ့ ထိပ်တန်း ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Lamborghini က ထုတ်လုပ်တဲ့ ကားမိုဒယ်တိုင်းနီးပါးက စွမ်းဆောင်ရည်မြင့်မားသလို တည်ဆောက်မှုအရလည်း နည်းပညာမြင့်မားတာကြောင့် သာမန်ကားတွေထက် စျေးနှုန်းမြင့်မားလျက်ရှိတာ အမှန်ပါပဲ။ ၁၉၆၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Lamborghini ရဲ့ ၅၇ နှစ်တာသက် တမ်းအတွင်း အလန်းစားပြိုင်ကားတွေ ထုတ်လုပ်ရောင်းချခဲ့ပြီး ကမ္ဘာတစ်လွားက ဖောက်သည်တွေကလည်း တခုတ်တရ ဝယ်ယူရတာမျိုးဖြစ်ပါတယ်။ ၂ဝ၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်းပြုလုပ်တဲ့ 2019 Frankfurt Motor Show မှာ Lamborghini က တရားဝင် မိတ်ဆက်ပြသခဲ့တဲ့ နောက်ဆုံးပေါ်ပြိုင်ကားက ပြပွဲလာပရိသတ်တွေကိုသာမက ကမ္ဘာတစ်လွားက ကားဝါသနာရှင်တွေရဲ့အာရုံကို လွမ်းမိုးဖမ်းစားနိုင်ခဲ့ပါတယ်။
ကားဝါသနာရှင် အများစုရဲ့အာရုံကို လွမ်းမိုးဖမ်း စားနိုင်လောက်အောင်လည်း Lamborghini Sian FKP 37 ပြိုင်ကားရဲ့ဒီဇိုင်းပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းက သားနားသပ်ရပ်လွန်းပါတယ်။ Sian FKP 37 ပြိုင်ကားဟာ Lamborghini ရဲ့သမိုင်းတစ်လျှောက် စက်သုံးဆီနဲ့ လျှပ်စစ်စွမ်းအင် တွဲဖက်အသုံးပြုနိုင်တဲ့ ပထမဆုံးသော hybrid Sports Car ဖြစ်တာကလည်း ထူးခြားမှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ Sian ဆိုတာက အီတလီနိုင်ငံမှာအသုံးပြုတဲ့ Bolognese စကားအရ ‘အလင်းရောင်တန်း’ လို့အမည်ရပြီး FKP ဆိုတာကတော့ Lamborghini ရဲ့ မိခင်ကုမ္ပဏီ Volkswagen Group ရဲ့ အမှုဆောင်ဘုတ်အဖွဲ့ဥက္ကဌဟောင်း ကွယ်လွန်သူ Ferdinand Karl Piech ရဲ့ နာမည်အတို ကောက်ဖြစ်သလို 37 ကတော့ ၎င်းမွေးဖွားခဲ့တဲ့ ၁၉၃၇ ခုနှစ်ကို ရည်စူးထားတာပါ။ Sian ပြိုင်ကား မှာ စွမ်းအင်ထုတ်လုပ်မှုမြင့်မားတဲ့ 6.5 Litre V12 gasoline အင်ဂျင်နဲ့အတူ လျှပ်စစ်မိုတာတစ်လုံး တွဲစပ်ထားပြီး စွမ်းအင်ထုတ်လုပ်မှုပမာဏက နှစ်ခု ပေါင်းဆိုရင် မြင်းကောင်ရေ ၈ဝ၇ ကောင်အားရှိပါတယ်။
၂ ဒသမ ၈ စက္ကန့်အတွင်း သုညမိုင်ကနေ မိုင်ခြောက်ဆယ်အထိ အရှိန်တင်နိုင်ပြီး အမြင့်ဆုံး အ နေနဲ့ တစ်နာရီ ၂၁၇ မိုင်နှုန်းအထိ မောင်းနှင်နိုင်တာကြောင့် အလန်းစားပြိုင်ကားတစ်စီးဆိုတာ သက်သေပြစရာမလိုတော့ပါဘူး။ လေထုကိုဖြိုခွင်းနိုင်ဖို့အတွက် အကောင်းဆုံး Aerodynamic နည်းပညာကို အသုံး ပြုထားတာကြောင့် လမ်းမတွေထက် အပေါ့ပါးဆုံး အနေအထားနဲ့ မောင်းနှင်နိုင်မှာဖြစ်သလို ဘော်ဒီ ကောက်ကြောင်းနဲ့ အတွန့်အခေါက်ဒီဇိုင်းတွေက ပြိုင်ဘက်ကုမ္ပဏီတွေကထုတ်လုပ်တဲ့ ဘယ်လိုပြိုင်ကား မျိုးကိုမဆို ကောင်းကောင်းယှဉ်နိုင်ပါတယ်။ လေးဘီးယက်စနစ်ဖြစ်ပြီး 7-Speed SR Automated manual နဲ့ မောင်းနှင်ရမှာဖြစ်ပါတယ်။ တစ်စီးလုံးကို ခြုံကြည့်ရင် Sian ရဲ့ကောက်ကြောင်းက Lamborghini ရဲ့ တခြားပြိုင်ကားမိုဒယ်တွေနဲ့ ဆင်တူသယောင် ရှိပေမဲ့လည်း သေသေချာချာကြည့်ရင်တော့ အနည်းငယ် ကွဲပြားပါတယ်။
အရှေ့ပိုင်းရုပ်ထွက်က အမိုက်စားဖြစ်ပြီး အထူးသဖြင့် ဘောနတ်အပေါ်ပိုင်းအထိရှိတဲ့ အရှေ့ဘက် မီးကြီးက Y-shape ပုံစံဖြစ်တာကြောင့် ဆန်းပြားတဲ့ ဒီဇိုင်းလို့ ဆိုနိုင်ပါတယ်။ ဘောနတ်အပေါ်မှာ အလျားလိုက် လေစုပ်ပေါက်တစ်ခုပါဝင်ပြီး အရှေ့ဘက် Skirt က လူငယ်လူလတ်ပိုင်းတွေ စိတ်ကြိုက်တွေ့စေမယ့် ဖန်တီးမှုပါပဲ။ နောက်ဘီးဖုံးအပေါ်မှာ အတွင်းလှိုက် လေစုပ်ပေါက်တစ်ခုစီ ထည့်ပေးထားလို့ အင်ဂျင်လေ စီးဆင်းမှု ပိုကောင်းစေသလို အမြင်အရလည်း ဆန်းပြားတဲ့ပုံစံကို ပိုင်ဆိုင်ထားပါတယ်။ အထူးခြားဆုံးကတော့ အနောက်ဘက်ဒီဇိုင်းဖြစ်ပြီး ခေါင်မိုးကနေ နောက်မီးနားအထိကိုတော့ မြားခေါင်းပုံ လေစုပ်ပေါက်ကြီးတွေ တပ်ဆင်ထားသလို ပဉ္စဂံပုံမီးသီးသုံးလုံးဒီဇိုင်းက သားနားလွန်းပါတယ်။ အနောက်ဘက် Diffuser Area ကို Skirt အကြီးစားပုံစံ ဖန်တီးထားပြီး ဆဌဂံပုံစံ ခရိုမီယမ်အိပ်ဇောပိုက်တစ်ခုစီကို ဘယ်ညာ တစ်ဖက်တစ်ချက်မှာ ထည့်ပေးထားသလို မြန်နှုန်းမြင့် မောင်းတဲ့အခါ ဆူညံသံလျှော့ချပေးနိုင်တဲ့စနစ်လည်းပါဝင်ပါတယ်။
ထိုင်ခုံနှစ်ခုကို အမိုက်စား Leather နဲ့ ချုပ်လုပ်ထားပြီး သိပ္ပံဇာတ်ကားတွေထဲကပုံစံ ပြုလုပ်ပေးထားလို့ သိပ္ပံဇာတ်ကားထဲက သရုပ်ဆောင်တစ်ယောက်လို ခံစားမိမှာ အမှန်ပါပဲ။ Center Console က ဒက်ရှ်ဘုတ်အထိရှိတာကြောင့် ရှည်လျားကျယ်ပြန့်သလို တည်ငြိမ်မှုနဲ့ ဆန်းပြားတဲ့ဒီဇိုင်းကို ပေါင်းစပ်ခံစားရမှာ သေချာပါတယ်။ D-shape စတီယာရင်ကို အနွေး ဓာတ်ပေးနိုင်ပြီး ယာဉ်မောင်းသူအတွက် စတီယာရင် အောက်ဘက်မှာ ကြီးမားကျယ်ပြန်တဲ့ Digital Display တစ်ခုပါဝင်သလို ခေတ်မီနည်းစနစ်ပေါင်းများစွာ ကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ လုပ်ဆောင်နိုင်မှာပါ။ တံခါးနှစ်ပေါက် Lamborghini Sian ပြိုင်ကားရဲ့ တာယာကို အီတလီထိပ်တန်းတာယာကုမ္ပဏီ Pirelli က ထုတ်လုပ်ပေးထားပြီး ရာသီမရွေး အသုံးပြုနိုင်တဲ့ တာယာတွေဖြစ်တာကြောင့် လုံခြုံစိတ်ချရမှုအပြည့်ပါပဲ။
Lamborghini ဟာ Sian မိုဒယ်ကို ကားခေါင်မိုး နဲ့ရော အမိုးမပါတဲ့ဗားရှင်းအနေနဲ့ပါ အရေအတွက် ကန့်သတ်ထုတ်လုပ် ရောင်းချသွားမှာ ဖြစ်ပါတယ်။ အမိုးပါတဲ့ဗားရှင်းအတွက် အစီးရေအနေနဲ့ ၆၃ စီး သာ ရောင်းချသွားမှာဖြစ်ပြီး Lamborghini ကုမ္ပဏီ တည်ထောင်တဲ့ ၁၉၆၃ ခုနှစ်ကို ရည်ညွန်းရောင်းချမှာဖြစ်ပါတယ်။ အမိုးမပါတဲ့ Roadster ဗားရှင်းကို တော့ ၁၉ စီးသာ ထုတ်လုပ်ရောင်းချသွားမှာပါ။ ဒီ နှစ်ကုန်ပိုင်းမှာ ရောင်းချဖို့စီစဉ်ထားတဲ့ Lamborghini Sian တစ်စီးရဲ့စျေးနှုန်းက အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ သန်းရှိတာကြောင့် စျေးကြီးတဲ့ အလန်းစား ပြိုင်ကားလို့ဆိုနိုင်ပေမဲ့လည်း Lamborghini အမှု ဆောင်အရာရှိချုပ် Stefano Domenicali က ပေးရတဲ့စျေးထက်မကတဲ့ ခံစားမှုမျိုးရရှိနိုင်မယ်လို့ အာမခံထားပါတယ်။