ပြိုင်ပွဲဝင်ကားနဲ့ခွဲခြားရခက်တဲ့စွမ်းရည်မြင့် လမ်းပေါ်မောင်းပြိုင်ကား 2018 Zenvo TSR-S

1259

ဒိန်းမတ်နိုင်ငံက စွမ်းဆောင်ရည်မြင့် စူပါပြိုင်ကားကုမ္ပဏီ Zenvo ဟာ ကုမ္ပဏီရဲ့ ပထမဆုံးကားမိုဒယ် Zenvo ST1 ကို ထုတ်လုပ်စျေးကွက်တင်ပြီးနောက် ၂ဝ၁၆ ခုနှစ်ထဲမှာ TS1 မိုဒယ်ကို အစားထိုးထုတ်လုပ်ခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ်ရဲ့ ဂျီနီဗာကားပြပွဲကြီးမှာတော့ TS1 ကိုတင်မက TS1 ကို အခြေခံထားတဲ့ ပြိုင်ပွဲမောင်း ကားမိုဒယ် TSR ရဲ့ Concept ကားကိုပါ ပွဲထုတ်ပြသခဲ့ပါတယ်။ ၂ဝ၁၈ ခုနှစ်ရဲ့ ဂျီနီဗာ ကားပြပွဲမှာလည်း Zenvo ရဲ့ အခြေခံအကျဆုံး လမ်းပေါ်မောင်း ပြိုင်ကား လို့ဆို့ရမယ့် နောက်ဆုံးပေါ် မိုဒယ်သစ် TSR-S ကို ထုတ်လုပ်မှုမိုဒယ်အဖြစ် ပြသခဲ့ပါတယ်။ ST1 GT နဲ့ ပြိုင်ပွဲမောင်းကား TSR တို့ရဲ့ ကြားမှာရှိတဲ့ TSR-S ပြိုင်ကားသစ်ဟာ မူရင်း ST1 ပြိုင်ကား ကိုယ်ထည်နဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒါပေမဲ့ TSR မိုဒယ်ရဲ့ အသစ်မွမ်းမံထားတဲ့ လေခွင်းအား အစိတ်အပိုင်းတွေတင်မက အများသုံးလမ်းမှာရော ကားပြိုင်ကွင်းထဲမှာပါ စွမ်းဆောင်ရည်တိုးတက်စေမယ့် ထူးထူးခြားခြား အပြင်အဆင်သစ်တွေလည်း ပါဝင်ပါတယ်။ TSR-S ဆိုတဲ့ မိုဒယ်အမည်မှာ S ဟာ အများသုံးလမ်းပေါ် မောင်းခွင့်ရ Street Legal Version ကို ရည်ညွှန်းထားတာပါ။ Zenvo အနေနဲ့ TSR-S ပြိုင်ကားသစ်ကို တစ်နှစ်မှာ ငါးစီးပဲ ထုတ်လုပ်ရောင်းချသွားဖို့ ကန့်သတ်ထားပါတယ်။ ကားစျေးကို အတိအကျ မသိရသေးပေမဲ့ အရင်မိုဒယ်တုန်းကတော့ အမေရိကန်ဒေါ်လာ တစ်သန်းကျော်ဖြစ်တာကြောင့် ကျွမ်းကျင်သူတွေက 2018 Zenvo TSR-S ကားသစ်ရဲ့ စျေးဟာ ဒေါ်လာနှစ်သန်းနီးပါးဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။ စူပါပြိုင်ကားစျေးကွက်မှာ Zenvo TSR-S နဲ့ အဓိကပြိုင်ဘက်ဖြစ်လာမှာကတော့ Koenigsegg Agera RS နဲ့ Bugatti Chiron တို့ပါပဲ။

TSR-S ပြိုင်ကားသစ်ဟာ TSR မိုဒယ်ရဲ့ လမ်းပေါ်မောင်းဗားရှင်းဖြစ်တာကြောင့် ကားကိုယ်ထည် ဒီဇိုင်းအတော်များများဟာ TSR နဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒါပေမဲ့ Zenvo ဟာ TSR-S ပြိုင်ကားသစ်ကို လေခွင်းအားအပြင်အဆင်သစ်တွေနဲ့ ထပ်တိုးမွမ်းမံထားပြီး ပိုပေါ်လွင်ဆန်းသစ်အောင် ဖန်တီးထားပါတယ်။ ကားမှာ အမြင်အာရုံကို အဖမ်းစားနိုင်ဆုံးကတော့ အသစ်မွမ်းမံထားတဲ့ ကားအရှေ့အလယ်ပိုင်းနဲ့ အရှေ့ဘမ်ပါဧရိယာတို့ပါပဲ။ ကားရှေ့မျက်နှာစာက ရှဲလ် (Grille) အရွယ်အစားကတော့ TSR မိုဒယ်ထက် နည်းနည်းပိုကြီးပြီး ကားရှေ့မျက်နှာစာရဲ့ အနိမ့်ဆုံးက Splitter တွေဆီအထိ ရှဲလ်ဧရိယာကို ချဲ့ထွင်ဖန်တီးထားပါတယ်။ Splitter တွေကိုလည်း ထပ်တိုးမွမ်းမံထားပြီး ကားအရှေ့ဘက်အထိ အများကြီးချဲ့ကားမထားပေမဲ့ ဘေးဘက်က ခံ့ညားလှပတဲ့ လေစုပ်ပေါက်တွေကို ထည့်သွင်းထားပါတယ်။ အဲဒီလိုဒီဇိုင်းသစ်ဟာ အရှေ့ဘက်မြေဝပ်အားကို ကောင်းစေသလို ကားကိုယ်ထည်အောက်ဘက်ကို တိုက်ရိုက်လေစီးဆင်းစေပြီး ကားအရှေ့ကနေအနောက်အထိ မြေဝပ်အားကို တိုးတက်ကောင်းမွန်စေပါတယ်။ အဆင့်မြှင့်တင်မွမ်းမံထားတဲ့ ရှေ့ဘမ်ပါနဲ့ ကားရှေ့ဘီး လေပေါက်တို့ဟာ ကားဘီးဝန်းကျင်က လေကိုတည်ငြိမ်နေစေပါတယ်။ ထူးခြားတဲ့ Zenvo ကားရှေ့မီးတွေကိုလည်း အသစ်မွမ်းမံထားရာမှာ အပေါ်ဘက် ထောင့်စွန်းက ကားမီးအုံ ဒီဇိုင်းသစ်မှာ သေးငယ်တဲ့ LED ကားမီးလေးတွေ ထပ်တိုးတပ်ဆင်ထားပြီး ကားမီးခွက်အုံကြီးတစ်ခုလုံးကို ကာဗွန်ဖိုင်ဘာသားနဲ့ ဖန်တီးထားပါတယ်။ ဒါ့ပြင်ကားမှာ Bi-LED နည်းပညာ နဲ့ တရွတ်ဆွဲမှုကို လျှော့ချပေးမယ့် လေစုပ်ပေါက်တွေလည်း ပါဝင်ပါတယ်။ ကားရှေ့စက်ဖုံးပေါ်က အရွယ်အစားကြီးမားတဲ့ လေစုပ်ပေါက်တွေဟာ ပြိုင်ပွဲဝင်ဗားရှင်းတုန်းကလို မပြောင်းမလဲရှိနေပေမဲ့ လေစုပ်ပေါက်နှစ်ခု ရဲ့ အလယ်က ဧရိယာကိုတော့ ကာဗွန်ဖိုင်ဘာသား နဲ့ ဖန်တီးတည်ဆောက်ထားပါတယ်။ အဲဒီကာဗွန်ဖိုင်ဘာသား ဧရိယာနဲ့ ကားဘမ်ပါတို့ကိုတော့ လိမေ္မာ်ရောင် အစင်းလိုင်းခပ်သေးသေးနဲ့ ပေါင်ခတ်အနားသတ်ပေးထားပါတယ်။ ကားဘီးတွေကလည်း TSRလို ပြိုင်ပွဲသုံးမဟုတ်ဘဲ ထူးခြားကွဲပြားတဲ့ ကားဘီးဒီဇိုင်းနဲ့ လမ်းပေါ်မောင်းကားသုံးတာယာတွေကို အစားထိုးတပ်ဆင်ထားပါတယ်။ ကားအနောက်ဘက်မှာ TSR အပြင်အဆင်တွေနဲ့ ခပ်ပါးပါးထပ်တိုးထားတဲ့ လေခွင်းအပြင်အဆင်သစ်တွေပါတဲ့ ဒီဇိုင်းသစ်တွေ ရောနှောနေပါတယ်။ အထင်ရှားအသိသာဆုံး ထူးခြားချက်က TSR-S မိုဒယ်အတွက် အထူးဖန်တီးထားတဲ့ ကာဗွန်ဖိုင်ဘာသား လေပင့်အားထိန်းတောင်ပံကြီးပဲဖြစ်ပြီး ကားခေါင်မိုးလောက်အထိ မြင့်မားပါတယ်။ Zenvo ကနေ Centripetal လို့အမည်ပေးထားတဲ့ အဲဒီ တောင်ပံကြီးဟာ ခပ်ကွေးကွေးအသွင်ရှိတာကြောင့် လမ်းပေါ်မောင်းကားလား၊ ပြိုင်ပွဲဝင်ကားလားဆိုတာ ခွဲခြားရခက်ပါတယ်။ နောက်ထပ်ထူးခြားချက်တစ်ခုက ကား နောက်ဖုံးတစ်ခုလုံးကို နေရာယူထားတဲ့ LMP1 ပုံစံ Air Scoop ကြီးပါပဲ။ Diffuser ကလည်း TSR နဲ့ ဆင်တူပေမဲ့ ခပ်ပါးပါး မွမ်းမံထားတာကြောင့် ကားအောက်ပိုင်းလေစီးဆင်းမှုကို ပိုကောင်းစေပြီး တည်ငြိမ်မှုကိုလည်း ပိုတိုးစေပါတယ်။ ကားနောက်မီးတွေမှာတော့ ကိုယ်ထည်အလေးချိန်လျှော့ချဖို့အတွက် မီးအုံတစ်ခုတည်းပဲ တပ်ဆင်ထားပါတယ်။ ကားကိုယ်ထည်တစ်ခုလုံးနီးပါးကို ကာဗွန်ဖိုင်ဘာသားတွေနဲ့ တည်ဆောက်ထားပြီး အောက်ခံထည်ကိုတော့ ပေါ့ပါးကြံ့ခိုင်တဲ့ အလူမီနီယမ်နဲ့သံမဏိတို့ ပေါင်းစပ်ဖန်တီးထားပါတယ်။

TSR-S ပြိုင်ကားသစ်မှာ သူ့နောင်တော် TSR လို 5.8 Liter V8 Twin-Supercharged အင်ဂျင်တပ်ဆင်ပေးထားပေမဲ့ မြင်းကောင်ရေ 1177 အား အထိ ထုတ်လုပ်ပေးနိုင်တာကြောင့် TSR ထက် စွမ်းအင်ပိုများပါတယ်။ သူ့နောင်တော်နဲ့မတူတဲ့ TSR-S ရဲ့ အထူးခြားဆုံးအချက်ကတော့ ပြောင်းလဲထွက်ရှိနေတဲ့ စွမ်းအင်တွေအတွက် Performance Setting ကို Manual နည်းနဲ့ ပြောင်းလဲချိန်ညှိနိုင်တာပါပဲ။ အင်ဂျင်က ထုတ်လုပ်ပေးလိုက်တဲ့ စွမ်းအင်တွေကို Paddle-Shift  ဂီယာ ခုနစ်ချက်ကနေတစ်ဆင့် ကားဘီးတွေဆီ ပို့လွှတ်မောင်းနှင်စေမှာပါ။ ကားရဲ့ အမြင့်ဆုံးအမြန်နှုန်းက တစ်နာရီကို ၂ဝ၂ မိုင်နှုန်းဖြစ်ပြီး ၂ ဒသမ ၈ စက္ကန့် အတွင်းမှာ သုညမိုင်ကနေ တစ်နာရီ ၆၂ မိုင်နှုန်းရောက်အောင် အရှိန်မြှင့့််တင်နိုင်ပါတယ်။ နှစ်ယောက်စီး ကားအတွင်းခန်းကတော့ ပြိုင်ကားဆန်ဆန် အတော်လေးရိုးရှင်းပြီး ကားမောင်းသူအသုံးပြုရတာ လွယ်ကူအဆင်ပြေစေဖို့ ဦးစားပေးဖန်တီးထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here