ပြိုင်ကားစုဆောင်းသူတွေအတွက် အဓိကရည်ရွယ်ထားတဲ့ 2017 Chevrolet Corvette Grand Sport Collector Edition

865

နာမည်ကျော် အမေရိကန်ကားကုမ္ပဏီ Chevrolet ဟာ ကုမ္ပဏီရဲ့ အထင်ကရ ပြိုင်ကားမိုဒယ်တစ်ခုဖြစ်တဲ့ Corvette ကားတွေကို ၁၉၅၃ ခုနှစ်ကတည်းက ထုတ်လုပ်စျေးကွက်တင်ခဲ့ပြီး အခုဆိုရင် မျိုးဆက်ခုနစ်ဆက် တိုင်ခဲ့ပါပြီ။ ၂ဝ၁၆ ခုနှစ်ရဲ့ ဂျီနီဗာကားပြပွဲမှာတော့ စွမ်းဆောင်ရည်မြင့် Corvette Grand Sport(GS) ကားသစ်ကို ၂ဝ၁၇ မိုဒယ်အဖြစ် ပွဲထုတ်ခဲ့ပြီး အဲဒီ မိုဒယ်နဲ့အတူ အရေအတွက် အကန့်အသတ်နဲ့ထုတ်လုပ်မယ့် အထူးထုတ်ဗားရှင်းသစ်တစ်ခုကိုပါ ပွဲထုတ် ပြသခဲ့ပါတယ်။ အဲဒါကတော့ ပြိုင်ကားစုဆောင်းသူတွေအတွက် အဓိကရည်ရွယ်ထားတဲ့ Corvette Grand Sport Collector Edition ပဲ ဖြစ်ပါတယ်။ ၂ဝ၁၇ မိုဒယ်အဖြစ် စျေးကွက်တင်ရောင်းချလိုက်တဲ့ Corvette Grand Sport Collector Edition ပြိုင်ကားသစ်ကို စုစုပေါင်း ကားအစီးရေ တစ်ထောင် ထုတ်လုပ်သွားမှာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှာတော့ အစီး ၈၅ဝ ပဲ ရောင်းချသွားမှာပါ။ Coupe ကိုယ်ထည် ပုံစံရော အမိုးဖွင့်ကားပုံစံကိုပါ ရွေးချယ်ရရှိနိုင်မယ့် Collector Edition ကို အခုအချိန်အထိ Coupe ကိုယ်ထည်ပုံစံ ၇၈၄ စီးနဲ့ အမိုးဖွင့်ကိုယ်ထည် ၁၅၁ စီး တည်ဆောက်ထုတ်လုပ်ခဲ့ပြီး တာကြောင့် စုစုပေါင်း ၉၃၅ စီးအထိ ထုတ်လုပ်ခဲ့ပြီးပါပြီ။ ကားစျေးနှုန်းကတော့ ကိုယ်ထည်ပုံစံအပေါ်မူတည်လို့ ကွဲပြားသွားတာကြောင့် Coupe ပုံစံဆိုရင် အမေရိကန်ဒေါ်လာ ၈ဝ,၁၉ဝ နဲ့ အထက်ဖြစ်ပြီး အမိုးဖွင့်ကိုယ်ထည်နဲ့ Corvette Collector Edition ဆိုရင်တော့ ဒေါ်လာ ၈၄,၁၉ဝ နဲ့အထက် ဖြစ်ပါတယ်။

 

Corvette Grand Sport ရဲ့ အထူးကန့်သတ် ဗားရှင်း Collector Edition ပြိုင်ကားသစ်ရဲ့ တံခါးနှစ်ပေါက် ကားကိုယ်ထည်ဟာ နောင်တော် Grand Sport နဲ့ အတော်လေးဆင်တူပေမဲ့ ခပ်ပါးပါး ထပ်တိုးမွမ်းမံထားတဲ့ ဒီဇိုင်းအပြင်အဆင်သစ်တွေကို တွေ့မြင်နိုင်ပါတယ်။ ဗြက်ကျယ်ကျယ်နဲ့ ခပ်ဝပ်ဝပ် ကားအရှေ့ဘက် ဒီဇိုင်း၊ ရှေ့မျက်နှာစာထက်စာရင် နည်းနည်းပိုမြင့်တဲ့ ကားနောက်ပိုင်း၊ ဗြက်ကျယ်တဲ့ ကားအနောက်ဘက်စွန်း၊ တောင့်တင်းကြံ့ခိုင်တဲ့ ကားဘီးခုံးတွေ၊ ပါးဟက်ပုံ လေစုပ်ပေါက်တွေ၊ Side Skirt နဲ့ အတွန့်အချိုးကောက်ကြောင်းတွေနဲ့ ပြိုင်ကားအဆန်ဆုံး လှပနေတဲ့ ကားဘေးဘက်ပုံစံတို့ဟာ ရိုးရိုး Grand Sport မိုဒယ်နဲ့ ဆင်တူပါတယ်။ ဒါ့ပြင် Collector Edition ဗားရှင်းဟာ Grand Sport မိုဒယ်ရဲ့ ကားအရှေ့ဘက်စက်ဖုံးပေါ်က လေစုပ်ပေါက်၊ လှပတဲ့ ကားရှေ့မီးတွေနဲ့ Front Splitter တွေကိုလည်း အမွေခံရရှိထားပါတယ်။ ရိုးရိုး Grand Sport မိုဒယ်နဲ့မတူတဲ့ Collector Edition ရဲ့ ထူးခြားကွဲပြားမှုတွေထဲမှာ ထပ်တိုးအဆင့်မြင့်တင်ထားတဲ့ ကိုယ်ထည်ဆိုင်းထိန်းစနစ်၊ Z06 ပုံစံ အနောက်ဘက်ဘီးခုံး ဧရိယာဒီဇိုင်း၊ Z06 ပုံစံနဲ့ ဆင်တူတဲ့ ရှဲလ် (Grille) နဲ့အတူ တစ်မူထူးခြားတဲ့ ဒီဇိုင်းအပြင်အဆင်တွေလည်း ပါဝင်ပါတယ်။ ပုံမှန်ပြိုင်ပွဲသုံးကားတစ်စီးဆိုတာထက်ပိုတဲ့ Corvette Grand Sport Collector Edition ရဲ့ နောက်ထပ် ထူးခြားချက်တစ်ခုကတော့ ကားကိုယ်ထည်အရောင်အသွေးပါပဲ။ ကားကိုယ်ထည် တစ်ခုလုံးကို Watkins Glen Gray လို့ခေါ်တဲ့ မီးခိုးရောင်တစ်မျိုးဆေးခြယ်ထားပြီး ကားရှေ့မီးတွေရဲ့ အစွန်းတစ်ဖက်က ကားရှေ့ဘီးခုံး ဧရိယာမှာ Tension Blue ခေါ် အပြာရောင် အစင်းနှစ်လိုင်းကို ထူးခြားဆန်းသစ်စွာ ခြယ်သပေးထားပါတယ်။ ဒါ့ပြင် နက်မှောင်တဲ့ ကားဘီးအရောင်နဲ့ လိုက်ဖက်အောင် ကားစက်ဖုံးလေစုပ်ပေါက်ရှိတဲ့နေရာကစလို့ ကားခေါင်မိုး အလယ်ကနေ ကားအနောက်ဘက်ပိုင်းအထိ ဆေးခြယ်ပေးထားတဲ့ အနက်ရောင်ဧရိယာကိုလည်း တွေ့မြင်ကြရမှာပါ။ ကားကိုယ်ထည်မှာ Chevrolet အမှတ်တံဆိပ်လိုဂိုနဲ့ Corvette မိုဒယ်အမည်တင်မက Grand Sport ဆိုတဲ့ စာသားတွေကိုလည်း အထင်အရှားရေးထိုးတပ်ဆင်ထားပါတယ်။

 

ကားရဲ့စက်စွမ်းအင်နဲ့ စွမ်းဆောင်ရည်ပိုင်းကတော့ နောင်တော် Grand Sport မိုဒယ်နဲ့ အတူတူပဲဖြစ်တာကြောင့် Collector Edition မှာလည်း မြင်းကောင်ရေ ၄၆ဝ အား 6.2 Liter LT1 V8 အင်ဂျင်ကို တပ်ဆင်ပေးထားပါတယ်။ Collector Edition ရဲ့ နှစ်ယောက်စီး အတွင်းခန်းကို ကားကိုယ်ထည်အရောင်နဲ့ လိုက်ဖက်အောင် အနက်နဲ့ အပြာရောင်တို့ကိုပဲ လှပဆန်းသစ်စွာ မွမ်းမံဖန်တီးပေးထားပါတယ်။ ကားထိုင်ခုံတွေကိုလည်း အနက်နဲ့အပြာ နှစ်ရောင်စပ်ဒီဇိုင်းဖန်တီးထား တဲ့ အပြာရောင် Leather အဖြစ် တွေ့မြင်ကြရမှာပါ။ ဒါ့ပြင် Center Console ၊ ဒက်ရှ်ဘုတ်နဲ့ ကားတံခါးအတွင်းဘက်မှာလည်း အပြာရောင်ဆေးခြယ်ထားတဲ့ Leather ဧရိယာတွေပါဝင်ပြီး အဲဒီအပြင်အဆင်တွေနဲ့ လိုက်ဖက်အောင် ဒိုင်ခွက်နဲ့ သတင်းအချက်အလက်ပြ ဖန်သားပြင်တို့မှာလည်း အပြာရောင်ဖျော့ဖျော့မီးလေးတွေ တန်ဆာဆင်ထားပါတယ်။ Collector Edition ရဲ့ ကားအတွင်းခန်းမှာ ရိုးရိုး Grand Sport မိုဒယ်နဲ့ ထူးခြားကွဲပြားတဲ့ အပြင်အဆင်တစ်ခုကတော့ အပြာရောင်အောက်ခံပေါ်မှာ Collector Edition ဆိုတဲ့ စာတန်းနဲ့ နံပါတ်စဉ်လေးကို ရေးထိုးတပ်ဆင်ပေးထားတာပဲ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here