ပြန်လည်နှိုးထနီးကပ်လာပြီဖြစ်သည့် ပြည်တွင်း၊ပြည်ပ ခရီးသွားလုပ်ငန်း

85

 

မြန်မာနိုင်ငံတွင် တစ်သက်နှင့်တစ်ကိုယ် မည်သူမျှ မကြုံဖူးကြသော Covid-19 ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကို ယခု ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစ၍ ယနေ့အထိ ရင်ဆိုင်နေကြရသည်။ လက်ရှိအချိန်အထိ Covid-19 ရောဂါပိုး မြန်မာနိုင်ငံတွင် ပျောက်ကွယ်သွားခြင်းမရှိသေး၍ စီးပွားရေးလုပ်ငန်း အများစု ထိခိုက်နေပြီး ဆုံးရှုံးမှုများသည့်လုပ်ငန်းများအနက် ခရီးသွားလုပ်ငန်းများနှင့် ဆက်စပ်လုပ်ကိုင်သူများအားလုံးလည်း အပါအဝင်ဖြစ်သည်။ မတ်လကုန် ဝန်းကျင်မှစ၍ ပြည်ပလေကြောင်းလိုင်းများအားလုံး ရပ်ဆိုင်းလိုက်ပြီး နောက်ပိုင်း ပြည်ပခရီးသွားလုပ်ငန်းမှာ လုံးဝရပ်ဆိုင်းသွားခဲ့သည့်အပြင် ပြည်တွင်းခရီးသွားလုပ်ငန်းမှာလည်း ဒယိမ်းဒယိုင်နှင့် ထိခိုက်မှုများစွာ ကြုံတွေ့ခဲ့ရသည်။ ပြီးခဲ့သည့်ရက်ပိုင်းက Covid-19 ကြောင့် ခရီးသွား ကဏ္ဍနှင့်သက်ဆိုင်သော လုပ်ငန်းပေါင်းများစွာ ထိခိုက်ခဲ့ရသည့် မြန်မာ နိုင်ငံတွင် ခရီးသွားကဏ္ဍ ပြန်လည်ဦးမော့လာစေရန် ခရီးစဉ်လေးခု စတင် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့ရာ ခရီးသွားလုပ်ငန်းလောကသားများအကြား မျှော်လင့်ချက်ရောင်နီ စတင်ပေါ်လာပြီဟု ဆိုရပေမည်။
မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း ပိုမို ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွန့်စားအားကစား ခရီးသွားလုပ်ငန်း၊ အစားအသောက်ဆိုင်ရာ ခရီးသွား လုပ်ငန်း၊ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်း၊ သဘာဝအခြေခံ ခရီးသွား လုပ်ငန်း၊ စိုက်ပျိုးရေးအခြေခံ ခရီးသွားလုပ်ငန်း၊ မြစ်တွင်းနှင့် မီးရထားအပျော်စီး ခရီးသွားလုပ်ငန်း၊ ကုန်းတွင်းယာဉ်တန်းနှင့် အဏ္ဏဝါ ခရီးသွားလုပ်ငန်း၊ MICE ခရီးသွားလုပ်ငန်းတို့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ Covid-19 ကပ်ရောဂါရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် လုံးဝ နီးပါး ရပ်ဆိုင်းခဲ့ရပြီး ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရေးအတွက် ကနဦး ကြိုးပမ်းမှုအဖြစ် အပျော်စီးလေယာဉ်ခရီးစဉ်ကို ဒီဇင်ဘာလဆန်းပိုင်းတွင် လည်းကောင်း၊ မြစ်တွင်းသင်္ဘောခရီးစဉ်ကို ဒီဇင်ဘာလ ဒုတိယပတ် တွင် လည်းကောင်း၊ ကုန်းတွင်းယာဉ်တန်းနှင့် အဏ္ဏဝါခရီးသွားလုပ်ငန်း တို့ကို ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် လည်းကောင်း စတင်သွားမည် ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Covid-19 ကာလ ကနဦးကြိုးပမ်းမှုအဖြစ် ခရီးစဉ်လေးခု စတင် အကောင်အထည်ဖော်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့၏ သတ်မှတ်ထားသော စံသတ်မှတ်ချက်များအပေါ် မူတည်၍ ဆောင်ရွက်သွားရန် လျာထားကာ ခရီးစဉ်ဖြစ်မြောက်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများထံ အကြောင်းကြားထားသည်။
မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့နိုင်ရန်အတွက် Covid-19 ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း၏ စီးပွားရေးကဏ္ဍများအပေါ် သက်ရောက်မှုစစ်တမ်းသိရှိနိုင်ရန်လည်း ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အခြား သော ဌာနဆိုင်ရာများပူးပေါင်းကာ အချက်အလက်များ ကောက်ယူသည့် စစ်တမ်း ပြုလုပ်ခဲ့သည်။ အဆိုပါစစ်တမ်းတွင် ၂၀၁၈ ခုနှစ်၌ မြန်မာနိုင်ငံသို့ ပြည်ပဧည့်သည်ဝင်ရောက်မှုမှာ ၃,၅၅၁၄၂၈ ဦးရှိပြီး ၂၀၁၉ ခုနှစ်တွင် ၄,၃၆၄,၁၀၁ ဦးရှိခဲ့သဖြင့် ရာခိုင်နှုန်းအားဖြင့် ၂၃ ရာခိုင်နှုန်းတိုးတက်ခဲ့ကာ ယခု ၂၀၂၀ ပြည့်နှစ်တွင်မူ Covid-19 ကပ်ရောဂါကြောင့် ပြည်ပခရီးသွား ဧည့်သည်ဝင်ရောက်မှု သိသာစွာ ကျဆင်းသွားသဖြင့် ဝင်ငွေအပိုင်းမှာလည်းများစွာ ကျဆင်းခဲ့ရသည့်အပြင် ကမ္ဘာလှည့်ခရီးသွားများနှင့် ဆက်စပ်သော လုပ်ငန်းများမှ ရရှိသည့် ဝင်ငွေမှာလည်း ၈၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ထိုသို့ ဝင်ငွေ ၈၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည့် လုပ်ငန်းကဏ္ဍများအနက် နိုင်ငံတကာ လေကြောင်းလိုင်းများနှင့် ပြည်တွင်းသယ်ယူပို့ဆောင်ရေးကဏ္ဍ၊ အစားအသောက်နှင့် အဖျော်ယမကာ လုပ်ငန်းကဏ္ဍ၊ တည်းခိုနေထိုင်ရေး ကဏ္ဍ၊ ဖျော်ဖြေရေးယဉ်ကျေးမှုဆိုင်ရာ ပွဲတော်နှင့် ပြပွဲများ၊ ခရီးသွားဧည့်သည်များ ဈေးဝယ်ထွက်ခြင်းနှင့် အခြားကဏ္ဍများ စသည်တို့ ပါဝင်ကာ ကဏ္ဍအလိုက် စစ်တမ်းကောက်ကြည့်ရာ ယခင်နှစ်များထက် ယခု ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(ခန့်မှန်း)အထိ ရရှိသောဝင်ငွေများကို ရာခိုင်နှုန်း တွက်ချက်ကြည့်သည့်အခါ ၈၁ ရာခိုင်နှုန်း ကျဆင်းသွားသည်ကို တွေ့ရှိရကြောင်း ယင်းစစ်တမ်းတွင် ဖော်ပြထားသည်။
ထိုသို့ ရပ်နားသွားခဲ့ရသည့် လုပ်ငန်းများအနက် ဟိုတယ်နှင့် တည်း ခိုရိပ်သာလုပ်ငန်းများနှင့် တွဲဖက်လုပ်ကိုင်သော Car Rental လုပ်ငန်း အများစုလည်း ပါဝင်သည်။ ရာခိုင်နှုန်းဖြင့်တွက်ကြည့်ပါက ၇၃ ရာခိုင်နှုန်း ရပ်နားသွားခဲ့ရသည်။ Covid-19 ရောဂါ မဖြစ်ပွားမီကာလက မြန်မာ တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဟိုတယ်နှင့် တည်းခို ရိပ်သာများသို့ ဧည့်သည် လာရောက်တည်းခိုမှု အခြေအနေမှာ ၂၀၁၉ ခုနှစ်တွင် ၇,၉၉၁,၅၅၆ ဦးရှိခဲ့သော်လည်း Covid-19 ဖြစ်ပွားသည့် ယခု ၂၀၂၀ ပြည့်နှစ်တွင် ဒီဇင်ဘာလအထိ ခန့်မှန်းမှုအရ ၃,၁၆၁,၁၁၆ ဦးသာ ကျန်ရှိတော့သဖြင့် ၄,၈၃၀,၄၄၀ ဦး လျော့နည်းကာ ရာခိုင်နှုန်းအားဖြင့် ၆၀ ရာခိုင်နှုန်း ကျဆင်းသွားနိုင်သည်ဟု ခန့်မှန်းထားကြသည်။ ထို့ပြင် ဟိုတယ်၊ တည်းခိုရိပ်သာများနှင့် ချိတ်ဆက်လုပ်ကိုင်နေကြသော Car Rental လုပ်ငန်းများလည်း ၂၀၁၉ ခုနှစ်တွင် ၁၈၂ ခု ရှိခဲ့သော်လည်း Covid-19 ကာလအတွင်း လုပ်ငန်းပေါင်း ငါးဆယ်သာ ကျန်ရှိသဖြင့် ခန့်မှန်းမှုအရ ၇၃ ရာခိုင်နှုန်း ကျဆင်းသွားနိုင်ကာ ဧည့်လမ်းညွှန်လုပ်ကိုင်သူ အရေအတွက်မှာလည်း ၅၃ ရာခိုင်နှုန်းခန့် ကျဆင်းသွားနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ Covid-19 ကြောင့် မြန်မာ့ခရီး သွားလုပ်ငန်း၏ စီးပွားရေးကဏ္ဍများအပေါ် သက်ရောက်မှုစစ်တမ်း၌ ဖော်ပြထားသည်ကို တွေ့ရသည်။
ဟိုတယ်၊ တည်းခိုရိပ်သာများ၏ ဆက်စပ်လုပ်ငန်းများဖြစ်ကြသည့် KTV ၊ SPA နှင့် အခြား အသေးစားဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် Covid-19 မဖြစ်ပွားမီ ၂၀၁၉ ခုနှစ်တွင် လုပ်ငန်းပေါင်း ၂၇၇ ခု ရပ် တည်နိုင်ခဲ့သော်လည်း ယခုအခါ Covid-19 ကြောင့် လုပ်ငန်းပေါင်း ၁၇၃ ခု ရပ်နားသွားရသောကြောင့် လက်ရှိတွင် လုပ်ငန်း ၁၀၄ ခုသာ ကျန်ရှိတော့သဖြင့် ခန့်မှန်းရာခိုင်နှုန်း ၆၂ ရာခိုင်နှုန်းအထိ ကျဆင်းသွား သည်။
ယင်းသို့ တစ်ဟုန်ထိုး ကျဆင်းသွားခဲ့ရသည့် အကြောင်းရင်းမှာ Covid-19 ကူးစက်ရောဂါကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ မြန်မာနိုင်ငံသို့ လာရောက်သည့် တရုတ်ဧည့်သည်များအား ဆိုက်ရောက်ဗီဇာ (VOA) ထုတ်ပေးခြင်းကို ယာယီ ရပ်ဆိုင်းထားခြင်းကြောင့် တရုတ်ခရီး သည်များ ဝင်ရောက်မှု သိသာစွာကျဆင်းခဲ့ခြင်းဖြစ်ပြီး အခြားနိုင်ငံများမှ ဧည့်သည်များ ဝင်ရောက်မှုကိုလည်း ယာယီရပ်ဆိုင်းထားခဲ့ခြင်းက အဓိက အကြောင်းရင်းလည်း ဖြစ်နေသည်။ အချို့သော ခရီးသွားလုပ်ငန်းများနှင့် ဟိုတယ်လုပ်ငန်းများတွင် ကြိုတင်ချုပ်ဆိုခဲ့သော ခရီးသွားလုပ်ငန်းဆိုင်ရာစာချုပ်များ ပျက်ပြယ်ခဲ့ခြင်းများလည်း ဖြစ်ပေါ်ခဲ့ရသည့်အပြင် သက် ဆိုင်ရာ ခရီးသွားလုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များ အနေဖြင့် လည်း ထိခိုက်နစ်နာမှုများ၊ ဆုံးရှုံးမှုများစွာရှိနေကြောင်း အဆိုပါဝန်ကြီး ဌာန၏ Covid-19 ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း၏ စီးပွားရေးကဏ္ဍများအပေါ် သက်ရောက်မှုစစ်တမ်း၌ ဆက်လက်ဖော်ပြထားသည်။
Covid-19 ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းသွား ခဲ့ရသော မြန်မာနိုင်ငံတွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းများ ပြန်လည်ထူထောင်လာနိုင်ရန်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မူလ အခြေအနေပြန်ရောက်ရန် Myanmar Tourism Strategic Recovery (၂၀၂၁-၂၀၂၅) ကို ရေးဆွဲပြီးပြီဖြစ်သည့်အတွက် မကြာမီ ခရီးသွားလုပ် ငန်းနှင့် ဆက်စပ် လုပ်ကိုင်သူများအားလုံးအတွက် ဆုံးရှုံးမှုများကို အမြန် ကုစားနိုင်တော့မည်မှာ သေချာသလောက်ရှိနေသည်။
အဆိုပါ Myanmar Tourism Strategic Recovery Roadmap (၂၀၂၁-၂၀၂၅) ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် Stakeholder များအား ချပြပြီး Roadmap နှင့် Align ဖြစ်သည့် မိမိဒေသလိုအပ်ချက် နှင့်ကိုက်ညီသော Regional Tourism Master Plan (RTMP) ကို ဆွေးနွေးအတည်ပြုရမည်ဖြစ်ကြောင်း၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး၊ ပြည်နယ်ရုံးခွဲများအနေဖြင့်လည်း ဒေသခံ Stakeholder များနှင့် ညှိနှိုင်း၍ Regional Tourism Master Plan မူကြမ်း စတင်ရေးဆွဲရာတွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင် အသင်း ၁၁ သင်းတို့ကလည်း ပါဝင်ကူညီဆောင်ရွက်ပေးရန်နှင့် Forum များတွင် ပါဝင်ဆွေးနွေးအတည်ပြုပေးကြရန် လိုအပ်မည်ဖြစ်ကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူများက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ၌ Stay at Home စတင် ချိန်မှစ၍ ခရီးသွားလုပ်ငန်းသည်လည်း လုံးဝ ရပ်တန့်သွားခဲ့ကာ ယင်း လုပ်ငန်းများအပေါ် ထိခိုက်မှုများအား ကုစားပေးနိုင်ရန် Myanmar Tourism Rescue Plan ကို Survival ၊ Reopening နှင့် Relaunching အဆင့် သုံးဆင့် ချမှတ်ဆောင်ရွက်ခဲ့ပြီး Tourism National Guidelines for Covid-19 safe Services Beta Version VI ကိုလည်း အောက်တိုဘာလဆန်းပိုင်းက ထုတ်ပြန်ခဲ့သည်။
Covid-19 အလွန်ကာလ၌ နိုင်ငံတကာခရီးသွားများ မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံစိတ်ချရသည့် ခရီးစဉ်ဒေသအဖြစ် ယုံကြည်လက်ခံလာ စေရန် Enchanting Myanmar Health and Safety Protocols for Safe Tourism Myanmar ကိုလည်း ရေးဆွဲပြီးဖြစ်ကာ Protocol နှင့်အညီ လုပ်ဆောင်နိုင်ရန် သင်တန်းပေးမည့် Trainer များ၊ Protocol နှင့် ညီမညီ စစ်ဆေးမည့် Inspector များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းလေ့ကျင့်၍ လက်မှတ်များ ထုတ်ပေးသွားရန်လည်း စီစဉ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ထပ်မံသိရသည်။
လက်ရှိ ရင်ဆိုင်နေရဆဲဖြစ်သည့် Covid-19 ဒုတိယလှိုင်းနှင့် ပထမလှိုင်းကာလကလည်း Covid-19 ကြောင့် ခရီးသွားလုပ်ငန်းကျ ဆင်းသော ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ခရီးသွားလုပ်ငန်းနယ် ပယ်အတွင်း ပါဝင်ဆောင်ရွက်နေကြသည့် လက်လုပ်လက်စားအခြေခံ လူတန်းစားများဖြစ်သော စက်လှေမောင်းဆရာ၊ ဆိုက်ကားဆရာ၊ မြင်း လှည်းဆရာ၊ လက်မှုပညာသည်များ၊ ခေါင်းရွက်ဗျပ်ထိုးဈေးသည်များ စသည်တို့အတွက် Covid-19 Relief Package-1 ခရီးသွားလုပ်ငန်း (အခြေခံ)သင်တန်းကို ရက်သတ္တပတ် လေးပတ်(၈ ရက်)ကြာ ဖွင့်လှစ်၍ လည်းကောင်း၊ ဟိုတယ်ဇုန်အသီးသီးမှ ဟိုတယ်ဝန်ထမ်းများအတွက် Covid-19 Relief Package-2 ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု(မွမ်းမံ) ရက်သတ္တပတ် သုံးပတ် (၁၅ ရက်) သင်တန်းများကို လည်းကောင်း အသီးသီး ပို့ချခဲ့သည့်အပြင် သင်တန်းပို့ချသူ ဆရာများကို တစ်ရက်လျှင် ကျပ် နှစ်သောင်း၊ သင်တန်းသူ၊ သင်တန်းသားများကို တစ်ရက်လျှင် ကျပ် ၄,၈၀ဝ နှုန်းဖြင့် အသီးသီးထောက်ပံ့ ပေးခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။ ယင်းသို့ ပို့ချပေးခြင်းကြောင့် ခရီးသွားလုပ်ငန်း နယ်ပယ်အတွင်း လုပ်ကိုင်နေသူများ စားဝတ်နေရေး အတွက် အထောက်အပံ့ဖြစ်စေရုံမက ကိုယ်ရည်ကိုယ်သွေး တိုးတက်လာ စေရန် ရည်ရွယ်သည်ဟု တာဝန်ရှိသူများက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်မှစ၍ ယခု ၂၀၂၀ ပြည့်နှစ်၊ စက်တင် ဘာလကုန်အထိ ခရီးသွားလုပ်ငန်းနယ်ပယ်အတွင်း ပါဝင်ဆောင်ရွက်သူ များအတွက် လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေရန် သင်တန်းများ ဆက်တိုက်ပို့ချခဲ့ရာ သင်တန်းစုစုပေါင်း ၃၇၃ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သင်တန်းသူ၊ သင်တန်းသားပေါင်း ၂၃,ဝ၀ဝ ကျော် တက်ရောက်ခဲ့ကြ ကြောင်း အဆိုပါဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
သင်တန်းများဖွင့်လှစ်ခဲ့မှုများအနက် ဧည့်လမ်းညွှန် (အထူး) မွမ်းမံ သင်တန်း၊ ဧည့်လမ်းညွှန် (အခြေခံ)သင်တန်း၊ ဒေသဧည့်လမ်းပြသင်တန်း၊ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း၊ Digital Marketing Online သင်တန်း၊ Supervisory Skill သင်တန်း၊ ဘာသာစကားသင်တန်း၊ ဟိုတယ် စာရင်းကိုင်သင်တန်း၊ အင်းလေကန်တစ်ဝိုက်ရှိ စက်လှေမောင်း၊ ယာဉ်မောင်းများအား အသိပညာပေးသင်တန်း၊ ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့ပညာပေးသင်တန်း၊ Covid-19 Relief Package-1 ဖြစ်သည့် ခရီးသွား လုပ်ငန်းဆိုင်ရာ(အခြေခံ) သင်တန်း၊ Covid-19 Relief Package-2 ဖြစ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု(မွမ်းမံ)သင်တန်း စသည့်သင်တန်း များကို ၂၀၁၆ ခုနှစ်၊ ဧပြီ ၁ ရက်မှ ယခု ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ကုန်အထိ သင်တန်းအကြိမ်ရေ ၃၇၃ ကြိမ် ဖွင့်လှစ်နိုင်ခဲ့ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ ထိုသို့ဖွင့်လှစ်ရာတွင် မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း၊ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအသင်း စသည့် အသင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ဖွင့်လှစ်ခဲ့သည်ဟုဆိုသည်။

Covid-19 ကပ်ရောဂါသည် မည်သည့်အချိန်၌ ပျောက်ကွယ်သွား မည်ကို မည်သည့်ပညာရှင်မှလည်း မခန့်မှန်းနိုင်သေးပေ။ Covid-19 ကပ်ရောဂါကြီး ပပျောက်သွားမှ ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ် မည်ဆိုပါက နှစ်ကာလများစွာ စောင့်ဆိုင်းရဦးမည့် အနေအထားလည်း ဖြစ်နေသည်။ Covid-19 ကပ်ရောဂါသည် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ ပေါ်တွင် ဆက်လက် တည်ရှိကူးစက်ဖြစ်ပွားနေဦးမည်ဖြစ်ရာ Covid-19 နှင့်အတူ ဆက်လက် ရှင်သန်နေထိုင်ရမည်ဖြစ်သဖြင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် လုပ်ငန်းကဏ္ဍအသီးသီးကို ပုံမှန်အတိုင်း ပြန်လည် ဆောင်ရွက်လုပ်ကိုင်နိုင်ရန် စဉ်းစားကြံဆ ကြိုးပမ်းကြရမည် ဖြစ်ကာ ယင်းသို့ ယှဉ်တွဲနေထိုင်ခြင်းမပြုပါက နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အလွန်နှောင့်နှေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ဒီဇင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်သည် စီးပွားရေးလုပ်ငန်းအများစုကို ပြန်လည်ဖွင့်ပေးတော့မည်ဟု စကားဦးသမ်းလိုက်ခြင်းဖြစ်သည်ဟု မန္တလေးမြို့ခံများက သုံးသပ်သည်။
ဒုတိယအကြိမ် Covid-19 ကူးစက်မှုနှုန်းမြင့်မားလာချိန်မှစ၍ ယခု အချိန်အထိ ခရီးသွားလုပ်ငန်းများ ရပ်တန့်နေသော်လည်း လာမည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းတွင် ပြန်ဖွင့်နိုင်ရန် ဆောင်ရွက်နေကာ နိုင်ငံတကာပြန်ဖွင့်ချိန်တွင် ပြန်လည်ဖွင့်လှစ်ရန် ဆောင်ရွက်ရမည့် အဆင့်များရှိသကဲ့သို့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန် လိုအပ် ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်က ပြောဆိုလိုက်သည်။ ဒီဇင်ဘာ ၂၂ ရက်က ကျင်းပခဲ့သော Covid-19 Safe Service ဆင့်ပွားသင်တန်းကို မန္တလေးတွင် စတင်ဖွင့် လှစ်သည့် အခမ်းအနား၌ Online System ဖြင့် အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းလည်းဖြစ်သည်။ ထို့ကြောင့် လာမည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလထဲတွင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းများလည်း ပြန်လည်ဖွင့်လှစ်ပေးရန် သေချာသ လောက် ရှိနေသည်။
ပြည်တွင်းလေကြောင်း ခရီးစဉ်များကိုလည်း ဒီဇင်ဘာ ၁၆ ရက် မှစ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ SOP များနှင့်အညီ စတင်ပြေးဆွဲနေပြီဖြစ်ရာ လာမည့် ဇန်နဝါရီ ၁ ရက်တွင် ပြည်ပ လေ ကြောင်းခရီးစဉ်များလည်း ပြန်လည် ပြေးဆွဲခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ လေကြောင်းလိုင်းများ စတင်ဖွင့်လှစ်လိုက်ခြင်းကြောင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားလာမှုများ ရှိလာမည်ဖြစ်သကဲ့သို့ ခရီးသွား လုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်သူများလည်း လုပ်ငန်းများ ပြန်လည် အသက်ဝင်လာတော့မည်ဖြစ်ကာ မကြာမီ ပြည်တွင်းခရီးသည်တင်ယာဉ် လိုင်းများလည်း စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်ပေး တော့မည်ဟု သတင်းများထွက်ပေါ်နေသည်။ သို့သော် နိုင်ငံတော်အစိုးရက ခရီးသည်တင်ယာဉ်လိုင်းများနှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်မည်ကို တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ လတ်တလောတွင်မူ ခရီး သွား လောကသားများအားလုံး လုပ်ငန်းများ ပြန်လည်စတင်လုပ်ကိုင်နိုင်ရန် အားလုံးကိုယ်စီ စိုင်းပြင်းလျက်ရှိနေပေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here