ပြန်ကျရန်မရှိဘဲ တက်စျေးဖြင့် ငြိမ်နေသော ကားစျေးများကြောင့် အရောင်းအဝယ်အေးသွားသည့် ကားစျေးကွက်

1943

၂ဝ၁၈ မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်ကြောင့် အောက်တိုဘာတစ်လလုံး တောက်လျှောက်မြင့်တက်ခဲ့သည့် ကားစျေးများ သည် မိုင်ကုန်သွားပြီဖြစ်၍ အရောင်းအဝယ် အဖြစ်နည်းသွားပြီး တက် စျေးဖြင့် စျေးကွက်ငြိမ်နေကြောင်း သိရသည်။ အမြင့်ဆုံး အတိုင်းအတာ တစ်ခုအထိ မြင့်တက်ခဲ့သော ကားစျေးများမှာ ထပ်တက်ရန် အခြေအနေ မရှိတော့သကဲ့သို့ ပြန်ကျမည့် အနေအထားလည်း မရှိပေ။ ယခုအချိန်တွင် ကားရောင်းချမည့်သူများအနေဖြင့်လည်း အရောင်းအဝယ်ဖြစ်ရန်အတွက် စျေးလျှော့ ရောင်းချမည်ဆိုပါက နောက်တစ်စီးပြန်ဝယ်ရာတွင် တက်စျေးအတိုင်း ဝယ်ယူရမည်ဖြစ်ရာ ကြိုက်စျေးမရလျှင် မရောင်းဟု တင်းခံ နေကြသဖြင့် နိုဝင်ဘာလဆန်းမှစ၍ ကားအရောင်းအဝယ်မှာ ပြန်လည် ငြိမ်သက်သွားခဲ့သည်။

 

”မူဝါဒတွေ ထွက်ပြီးနောက်ပိုင်း နှစ်ပတ်လောက်အထိ စျေးကွက်က လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ပေမဲ့ ဒီရက်ပိုင်းမှာတော့ အရောင်းအဝယ်တွေပြန် အေးသွားပါတယ်၊ တစ်ဦးချင်းတင်သွင်းတဲ့ စလစ်ကပ်ကားတွေကို ပုံမှန်အတိုင်း ပါမစ်သက်တမ်း တိုးပေးလိုက်တဲ့အတွက်လည်း ပါပါတယ်၊ ကားစျေးက တက်စျေးနဲ့ငြိမ်နေပေမဲ့ ရန်ကုန်လိုင်စင် ကျပ်သိန်း ၁၅ဝ နဲ့ နှစ်ရာကြား ကားတွေကတော့ ပုံမှန်အရောင်းအဝယ် ဖြစ်ပါတယ်၊ ကားစျေးက ထပ်တက်ဖို့လည်း မရှိ၊ ကျဖို့လည်း မရှိတဲ့အတွက် တက်စျေးနဲ့ ငြိမ်နေလို့ အရောင်းအဝယ် ပါးသွားပါတယ်၊ စလစ်စျေးဆိုရင်လည်း နိုဝင်ဘာလဆန်းကစပြီး ဒီရက်ပိုင်းအထိ ကျပ် ၁၃၅ သိန်းဝန်းကျင်မှာ ငြိမ်နေပါတယ်၊ အရင်တုန်းက ကားစျေးတွေ တက်ပြီဆိုရင် အရောင်းအဝယ် ကောင်းလေ့ရှိပေမဲ့ အခုကတော့ စျေးတွေ အရမ်းတက်သွားတဲ့အတွက် အရောင်းအဝယ် ကျဲသွားပါတယ်၊ စျေးပြန်ကျမှာကို မစောင့်ဘဲ ဝယ်တဲ့သူက တစ်ဦးနှစ်ဦးပဲ ရှိပါတယ်၊ အခုလို ကားစျေးတွေမြင့်တက်သွားတာက မူဝါဒအပြောင်းအလဲကြောင့်ပါ၊ ဝယ်ရောင်းတွေက ကားစျေးတွေကို ဆွဲတင်တာ မဟုတ်ပါဘူး၊ အစိုးရအနေနဲ့ မူဝါဒထုတ်ပြန်တဲ့အခါမှာ နောက်ငါးနှစ်အတွင်း၊ နောက်ဆယ်နှစ်အတွင်း ဘယ်လိုအပြောင်းအလဲတွေ လုပ်မယ်ဆိုတာ ကြိုပြီး Plan လည်း ချမပြတဲ့အတွက် မှန်းဆပြီး လုပ်နေရပါတယ်”ဟု ကားဝယ်/ရောင်း ကိုမျိုးမင်းသူက ဆိုသည်။

 

ကားစျေးများ တောက်လျှောက် မြင့်တက်သွားသည့်အတွက်လည်း အဝယ်များက ကားအသစ်များနှင့် တစ်ပတ်ရစ်ကားဟောင်းများကို ချိန်ဆပြီးဝယ်ယူနေကြသဖြင့် စျေးနှုန်းအပြောင်းအလဲမရှိသော Brand New ကားများမှာ ရောင်းအားမြင့်တက်လာကြောင်း သိရသည်။ ရန်ကုန်လိုင်စင်ဖြင့် စလစ်ကပ်တင်သွင်းသည့် Honda Fit Shuttle ၊ Honda Fit GK3 ၊ Toyota Axio တို့မှာ ကျပ်သိန်း သုံးရာနားကပ်သွားသဖြင့် ပြည်တွင်းထုတ် Suzuki Ciaz မှာ ရောင်းအားသိသိသာသာ တက်သွားခဲ့သည်။ Suzuki Ciaz သည် CKD ၊ SKD စနစ်ဖြင့် ထုတ်လုပ်သောကြောင့် ရန်ကုန်လိုင်စင် အမည်ပေါက်ရရှိသလို ငါးနှစ် အရစ်ကျဖြင့်လည်း ဝယ်ယူနိုင်သောကြောင့် ၁၃ဝဝ စီစီ ဂျပန်တစ်ပတ်ရစ် ယာယီနံပါတ်ကားများထက် ဝယ်လိုအား ပိုမိုမြင့်တက်သွားကြောင်း သိရသည်။

 

”ဒီရက်ပိုင်းမှာ စျေးကွက်က တော်တော်လေး အေးနေပါတယ်၊ ကားစျေးက ထပ်တက်စရာမရှိတော့တဲ့အတွက် အချိန်အတိုင်းအတာတစ်ခုရောက်ရင် ပြန်ကျသွားမှာပါ၊ ကားစျေးတွေကို ပြန်ချမရောင်းဘဲ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲအပေါ်မှာပဲ မူတည်ပါတယ်၊ တောင့်မခံနိုင်တဲ့အချိန်ကျရင်တော့ ကားစျေး ပြန်ဆင်းသွားမှာပါ၊ နောက်ပြီး Brand New ကားတွေရဲ့စျေးနား ကပ်သွားရင်လည်း ဂျပန်ကားဟောင်းတွေရဲ့စျေးက ရပ်သွားမှာပါ၊ ၁၃ဝဝ စီစီကားထဲမှာဆိုရင် Toyota Axio ၊ Honda Fit Shuttle တို့ဆိုရင် ကျပ်သိန်း သုံးရာကျော်သွားပြီ၊ Honda Fit GE6 ၂ဝ၁၁၊ ၂ဝ၁၂ မိုဒယ် ရန်ကုန်လိုင်စင်နံပါတ်အသစ်ဆိုရင်လည်း သိန်း ၂၆ဝ ကျော်သွားတဲ့အတွက် ဒီကားတွေကို ဝယ်မစီးကျတော့ဘဲ ပြည်တွင်းထုတ် Brand New ဖြစ်တဲ့ Suzuki Ciaz ဘက်ကို လှည့်သွားပါတယ်၊ အခုအချိန်မှာ Used ကားတစ်စီးကို တင်သွင်းမယ်ဆိုရင် ဒီမှာရောင်းနေတဲ့ Brand New ကားတွေရဲ့ စျေးကိုချိန်ပြီးမှ သွင်းသင့်၊ မသွင်းသင့်ဆိုတာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်၊ Vanguard တစ်စီးကို တင်သွင်းမယ်ဆိုရင် အရင်းတင် ကျပ်သိန်း ၇၂ဝ လောက် ရှိပါတယ်၊ ဒါဆိုရင် Vanguard ကို သိန်း ခုနစ်ရာကျော် ပေးပြီး ဝယ်စီးမလား၊ ဒီမှာရှိတဲ့ Brand New ကားတွေထဲက Mazda CX 5 ၊ Ford Everest တို့ကို သိန်း ခြောက်ရာကျော် ပေးစီးမလားဆိုတာ စဉ်းစားစရာ ဖြစ်သွားပါတယ်၊ ဒါကြောင့် ဂျပန်အမြင့်ကားတွေ တင်သွင်းမယ်ဆိုရင် ဒီက Brand New ကားတွေ ထဲက Camry ၊ Fortuner တို့ ရှိသလို၊ အနိမ့်ကားထဲမှာလည်း Nissan Sedan ၊ Suzuki Ciaz တို့ရှိတဲ့အတွက် ဒီကားတွေရဲ့စျေးကိုကျော်ပြီး တက်လို့မရပါဘူး၊ ဒါပေမဲ့ မြန်မာပြည်အပါအဝင် တခြားနိုင်ငံမှာထုတ်တဲ့ ကားတွေက ဂျပန်ပြည်တွင်းထုတ်ကားတွေကို ယှဉ်လို့တော့ မရပါဘူး၊ ဒါကြောင့် လာမယ့်နှစ်ကစပြီး တင်သွင်းလို့မရတော့တဲ့ ဂျပန်ပြည်တွင်းထုတ် ကားတွေထဲက Toyota Axio ၊ Toyota Premio ၊ Honda Fit GE6 ၊ Honda Fit Shuttle ၊ Toyota Fielder Van တို့ကိုတော့ ဝယ်ယူထားသင့်ပါတယ်”ဟု ‘ MMM ကားအရောင်းစင်တာ’ မန်နေဂျင်းဒါရိုက်တာ ကိုမင်းမင်းမောင်က ဆိုသည်။

 

နိုဝင်ဘာလဆန်းပိုင်းမှစ၍ ကားအရောင်းအဝယ်များ ငြိမ်သက်သွား သည်ဟုဆိုသော်လည်း ၁၃ဝဝ စီစီကားများထဲတွင် Honda Fit GK3 ၊ Honda Fit Shuttle ၊ စလစ်ကပ်ကားများထဲတွင် Toyota Alphard နှင့် Toyota Wish တို့မှာ ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ကားအရောင်းစင်တာများကလည်း စျေးကွက်အကြိုက်ဖြစ်သည့် ထိုကားများကို အဓိကတင်သွင်းထားကြပြီး စလစ်စျေးနှင့် လေလံစျေးမြင့်တက်ချိန် တွင် နောက်ကားများ တင်သွင်းမည်ဆိုပါက ရောင်းစျေးနှင့်ပြန်မရတော့သဖြင့် ခေါ်စျေးအတိုင်းသာ အနည်းငယ် စျေးညိနှိုင်းပြီး ရောင်းချမှုပြုကြောင်း သိရသည်။

 

”အရောင်းအဝယ် အရမ်းအကောင်းကြီး မဟုတ်ပေမဲ့ စျေးကွက်အကြိုက်ကားတွေဖြစ်တဲ့ Honda Fit GK3 ၊ Honda Fit Shuttle ၊ Toyota Alphard ၊ Toyota Wish စတဲ့ကားတွေကတော့ ပုံမှန်အတိုင်းရောင်းရပါတယ်၊ ကားတစ်စီးကိုရောင်းပြီး နောက်တစ်စီး ပြန်သွင်းမယ်ဆိုရင် ပေးဆောင်ရတဲ့အခွန်တွေ၊ စလစ်စျေး၊ လေလံစျေးနဲ့ တွက်ကြည့်ရင် ရောင်းခဲ့တဲ့စျေးနဲ့ ပြန်သွင်းလို့မရတော့ပါဘူး၊ ဒါကြောင့်လည်း ကားအသစ်တင်သွင်းဖို့ထက် သွင်းထားတဲ့ လက်ကျန်ကားတွေကိုပဲ ထိန်းရောင်းနေရပါတယ်၊ လာမယ့်နှစ်ကစပြီး ညာမောင်းကားတွေ ပေးမသွင်းတော့တဲ့ အတွက် ပြည်တွင်းမှာထုတ်လုပ်တဲ့ SKD ကားတွေကတော့ စျေးကွက် အားသာချက် ရရှိသွားမှာဖြစ်ပါတယ်၊ ကားစျေးတွေမြင့်တက်သွားသလို ထုတ်ပြန်လိုက်တဲ့မူဝါဒအရ တင်သွင်းဖို့လည်း ခက်သွားတဲ့အတွက် အရင် လိုတော့ စျေးလျှော့ပြီး ရောင်းချလို့မရတော့ပါဘူး”ဟု ‘ MTC ကားအရောင်းစင်တာ’ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာကျော်ကျော်အောင်က ဆိုသည်။

 

၂ဝ၁၈ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မူဝါဒများ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်းတွင် ကားစျေးနှင့်အပြိုင် စလစ်စျေးများလည်း မြင့်တက်သွားခဲ့ရာ အောက်တိုဘာ တတိယပတ်တွင် ကျပ်သိန်း ၁၄ဝ အထိ မြင့်တက်ခဲ့သည်။ သို့သော် တစ်ဦးချင်းပါမစ် လျှောက်ထားမှုများကို ဒီဇင်ဘာ ၁၅ ရက်အထိ ဆောင်ရွက်ပေးမည်ဟု ကြေညာခဲ့ပြီးနောက်ပိုင်းတွင် အချိန်ရသွားသဖြင့် စလစ်ဝယ်လိုအားလည်း တန့်သွားပြီး နိုဝင်ဘာလဆန်း မှ ဒုတိယပတ်အထိ ကျပ် ၁၃၅ သိန်း ဝန်းကျင်၌ စျေးငြိမ်နေကြောင်း သိရသည်။

 

”အရင်လတွေထက်စာရင် အရောင်းအဝယ် အကောင်းကြီးမဟုတ်ပေမဲ့ နံပါတ်ထွက်ပြီးသား ရန်ကုန်လိုင်စင်ကားတွေကတော့ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်ပါတယ်၊ ရန်ကုန်လိုင်စင်ကားတွေထဲမှာ ၁၃ဝဝ စီစီ ကားတွေဖြစ်တဲ့ Honda Fit GE6 ၊ Toyota Vitz ၊ Toyota Ractis ၊ Suzuki Swift  စတဲ့ ကျပ်သိန်း ၁၅ဝ နဲ့ ၁၆ဝ ကြား ကားတွေ အရောင်းအဝယ် ဖြစ်ပါတယ်၊ စလစ်စျေးကတော့ ကျပ် ၁၃၅ သိန်း ဝန်းကျင်မှာ စျေးငြိမ်နေပါတယ်၊ ကားစျေးတွေက တက်သွားပြီး ပြန်မကျတဲ့အတွက် လက်ထဲမှာကိုင်ထားတဲ့ ကားတွေကိုရောင်းပြီး နောက်တစ်စီးပြန်ဝယ်ရင် ခက်တာကြောင့် စျေးကိုတင်းခံပြီးရောင်းနေကြလို့ အရောင်းအဝယ် ငြိမ်သွားတာ ဖြစ်ပါတယ်”ဟု ကားဝယ်/ရောင်း ကိုအောင်ဇော်ကဆိုသည်။

 

နိုဝင်ဘာလဆန်းပိုင်းမှစ၍ စလစ်စျေးများ အပြောင်းအလဲမရှိဘဲ ငြိမ်သက်လျက်ရှိရာ သက်တမ်း နှစ် နှစ်ဆယ် အမည်ပေါက်စလစ်သည် ကျပ် ၁၃၅ သိန်းဝန်းကျင်၊ တိုက်ကြေနှင့် တက္ကစီစလစ်သည် ကျပ် ၁၂၅ သိန်းဝန်းကျင် ပေါက်စျေးရှိကြောင်း သိရသည်။ ယခုလအတွင်း ၁၉၉၈ မိုဒယ်နှင့်အောက် ဘတ်စ်များ အပ်နှံခွင့်ပေးမည်ဖြစ်ရာ ထိုဘတ်စ်စလစ်များ ဝင်ရောက်လာပါက စလစ်စျေး ကျပ်သိန်း ၁၃ဝ ဝန်းကျင်အထိ ကျဆင်း သွားဖွယ်ရှိကြောင်း ကားတင်သွင်းသူများက ခန့်မှန်းထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here