ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံဝန်ထမ်းများအတွက် ကြေညာထားသည့် မော်တော်ယာဉ်ရောင်းချပေးရေး အစီအစဉ်သည် Automotive Policy နှင့် ဆန့်ကျင်နေဟုဆို

232

ရန်ကုန်၊ ဇန်နဝါရီ
ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံဝန်ထမ်း များအတွက် ကြေညာထားသည့် မော်တော်ယာဉ် ရောင်းချပေးရေး အစီအစဉ်သည် Automotive Policy နှင့် ဆန့်ကျင်သလို ဖြစ်နေ ကြောင်း AAM အသင်း ဥက္ကဌ ဦးအောင်ဝင်း၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့်မေလက ကြေညာ ခဲ့သည့် Automotive Policy အခန်း-၃ ကာလရှည်ငါးနှစ်မျှော် မှန်းချက်အပိုဒ်(က)၊ စာပိုဒ်-၁၃(ခ) နှင့် စာပိုဒ်-၁၆(ခ)တို့တွင် ဖော်ပြ ထားသည့် ရည်မှန်းချက်များအား ဆန့်ကျင်ဘက် ဖြစ်နေကြောင်း AAM နှင့် EUROCHAM Myanmar တို့ ပူးပေါင်းကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

‘‘အခွန်သက်သာခွင့်နဲ့ ပေးမယ့် ပါမစ်အရေအတွက်က ခန့်မှန်းရသလောက် ကိုးသောင်း၊ တစ်သိန်းဝန်းကျင်လောက် ရှိပါတယ်၊ ပြီးခဲ့တဲ့နှစ် တစ်နှစ်လုံးမှ ကားအစီးရေ နှစ်သောင်းခွဲလောက်ပဲ ရောင်းခဲ့ရလို့ အခုလိုပါမစ်အများ ကြီးကို အခွန်သက်သာခွင့်နဲ့ ပေးမယ်ဆိုရင် ဝန်ထမ်းပါမစ်နဲ့ ကားစီးမယ့်အခြေအနေဖြစ်လာမှာပါ၊ ဒီ သတင်းကြောင့် ကားစျေးကွက် ရပ်တန့်သွားတဲ့အတွက် Car Industry မှာ ရင်းနှီးမြှုပ်နှံထား တဲ့သူတွေအားလုံး နစ်နာမှုတွေ ရှိ နေပါတယ်၊ ဒီခွင့်ပြုချက်က Automotive Policy မှာ ပါဝင်တဲ့ ရည် ရွယ်ချက်တွေနဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်နေတဲ့အတွက် AAM အနေနဲ့ အဲ့ဒီအစီအစဉ်ကို ပယ်ဖျက်ပေးဖို့ သမ္မတရုံးကို တင်ပြခဲ့တာ ဖြစ်ပါတယ်၊ ဒီတိုင်းခွင့်ပြုမယ်ဆိုရင်တော့ International Automobile လောကမှာ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကျ ဆင်းလာနိုင်ပါတယ်’’ဟု ဦးအောင် ဝင်းက ဆိုသည်။

Automotive Policy ၏ ကာလရှည် ငါးနှစ်မျှော်မှန်းချက်တွင် ကားသစ်ရောင်းချမှု ကျယ်ပြန့်လာပြီး CKD စနစ်ဖြင့် ထုတ် လုပ်နိုင်မည့်စက်ရုံများ ဖွံ့ဖြိုးတိုး တက်စေရေးအတွက် အားပေးကူ ညီရန် ထည့်သွင်းဖော်ပြထားသော ကြောင့် အခွန်သက်သာခွင့်ဖြင့် ကားတင်သွင်းခွင့် ပေးခြင်းမှာ ဆန့် ကျင်ဘက်ဖြစ်နေကာ Automotive Industry တွင် လာရောက် ရင်းနှီးမြှုပ်နှံထားသူများအတွက် ဆုံးရံှုး နစ်နာမှုများ ရှိလာမည် ဖြစ်ကြောင်း သိရသည်။ ခွင့်ပြုပေးမည့်ပါမစ်များအနက် ၇ဝ ရာခိုင်နှုန်းကျော်ဝန်းကျင် မှာ ကိုယ်တိုင်တင်သွင်းခြင်းထက် ပါမစ်များ ပြန်ရောင်းမည်ဖြစ်ရာ မူအရ တစ်နှစ်ကျော်မှသာ ရောင်းချ ခွင့်ပေးထားသောကြောင့် အစိုးရ ဝန်ထမ်းများ စည်းကမ်းချိုးဖောက်လာနိုင်ကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။
ဆန်းသစ်ေအာင်

LEAVE A REPLY

Please enter your comment!
Please enter your name here