ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် မော်တော်ယာဉ်ဝယ်ယူခွင့်တွင် ခွင့်ပြုမည့် ငွေပမာဏအား ရာထူးအဆင့်အလိုက် ထုတ်ပြန်ကြေညာ

245

 

ရန်ကုန်၊ စက်တင်ဘာ ၃၀

ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် မော်တော်ယာဉ်ဝယ်ယူခွင့်ပြုရာတွင် ခွင့်ပြုမည့် ငွေပမာဏအား ရာထူးအဆင့်အလိုက် ထုတ်ပြန်ကြေညာထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကြေညာချက်အရသိရသည်။

အောက်တိုဘာ ၁ ရက်မှစ၍ ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် မော်တော်ယာဉ်ဝယ်ယူခွင့်ပြုရာတွင် ခွင့်ပြုမည့်ငွေပမာဏအား ရာထူးအဆင့်အလိုက်ကြေညာရာ၌ အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်များအတွက် ကျပ်သိန်း ငါးရာနှင့်ညီမျှသော CIF တန်ဖိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များအတွက် ကျပ်သိန်း သုံးရာနှင့်ညီမျှသော CIF တန်ဖိုး၊ ညွှန်ကြားရေးမှူးများအတွက် ကျပ်သိန်း သုံးရာနှင့်ညီမျှသော CIF တန်ဖိုး၊ ဒုတိယညွှန်ကြားရေးမှူးများအတွက် ကျပ်သိန်းသုံးရာနှင့်ညီမျှသော CIF တန်ဖိုး၊လက်ထောက်ညွှန်ကြားရေးမှူးနှင့်အောက်အဆင့်ဝန်ထမ်းများအတွက် ကျပ်သိန်းသုံးရာနှင့်ညီမျှသော စက်ရုံထုတ်ရောင်းဈေး ရှိသည့် ကားများကို ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

“ဒီကနေ့နိုင်ငံပိုင်သတင်းစာတွေနဲ့ စီးပွား/ကူးသန်း ဝန်ကြီးဌာနရဲ့ဝက်ဘ်ဆိုက်မှာ ဝန်ထမ်းတွေကို ကားပါမစ် ပေးမယ်ဆိုတာကို ကြေညာထားပါတယ်၊ ဒီပါမစ်ကို ရောင်းချခွင့်ပြု/မပြု၊ အင်ဂျင်ပါဝါကန့်သတ်ချက်ရှိ/မရှိနဲ့ သက်သာခွင့်ပေးမယ့် အခွန်တွေအတွက် ကြေညာချက် ထပ်ထုတ်ပြန်နိုင်ဖို့ကို ဆွေးနွေးနေဆဲဖြစ်ပါတယ် “ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နောင်နှစ်များတွင်လည်း အောက်တိုဘာ ၁ ရက်နေ့၌ အသက် ၅၇ နှစ်နှင့်အထက် ရှိလာမည့် ပင်စင်ယူရန် သုံးနှစ်အလိုဖြစ်သော ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိထားပြီး တာဝန်ထမ်းဆောင်ဆဲ ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် မော်တော်ယာဉ်တင်သွင်း/ဝယ်ယူခွင့်ကို ထုတ်ပြန်ကြေညာ ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here