ပြည်သူလူထုအနေဖြင့် ယခုကာလအတွင်း မလိုအပ်ဘဲ ခရီးမသွားကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပန်ကြား

81

 

မန္တလေး၊ နိုဝင်ဘာ ၂၀

မြန်မာနိုင်ငံတွင် Covid-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်သူလူထုအနေဖြင့် ယခုကာလအတွင်း မလိုအပ်ဘဲ ခရီးသွားလာခြင်း၊ လူစုလူဝေးပြုလုပ်ခြင်း စသည်တို့ကို ဆောင်ရွက်ခြင်းမပြုဘဲ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် မိမိတို့၏ နေထိုင်ရာနေအိမ်များတွင်သာ တတ်နိုင်သမျှ နေထိုင်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မေတ္တာရပ်ခံပန်ကြားလိုက်သည်။

မြန်မာနိုင်ငံ၏ ရာသီဥတုအခြေအနေမှာ ဆောင်းရာသီသို့ စတင်ကူးပြောင်းချိန်ဖြစ်ပြီး သဘာဝအားဖြင့် ဗိုင်းရပ်စ်ရောဂါပိုးများအတွက် ရောဂါကူးစက်ပြန့်ပွားမှုကို ပိုမိုဖြစ်စေနိုင်သော ကာလဖြစ်သည့်အပြင် မကြာခင်ရောက်ရှိလာမည့် ပွင့်လင်းရာသီအချိန်များနှင့ ်အများပြည်သူ ရုံးပိတ်ရက်ရှည်များတွင် ပြည်သူလူထုအနေဖြင့် ခရီးသွားလာခြင်းများပြုပါက ရောဂါပိုးကူးစက်မှုများ ပိုမိုပြန့်ပွားစေနိုင်ကြောင်း၊ ထို့ပြင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲ အကြိုကာလနှင့် ရွေးကောက်ပွဲနောက်ပိုင်းဖြစ်ပေါ်ခဲ့သော လူစုလူဝေးများကြောင့် ရောဂါကူးစက်ဖြစ်ပွားမှု တိုးမြင့်ခြင်းရှိမရှိ စောင့်ကြပ်ကြည့်ရှု ကာကွယ်ထိန်းချုပ်ခြင်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည့်အပြင် အထူးအစီအစဉ်အနေဖြင့် တိုင်းဒေသကြီးနှင့ ်ပြည်နယ်အစိုးရအဖွဲ့များ ဦးဆောင်ကာ မျက်နှာနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign) ဖြင့် မျက်နှာနှင့် နှာခေါင်းစည်း၊ မျက်နှာအကာနှင့် လက်ကမ်းစာစောင်များ အခမဲ့ပေးဝေခြင်း၊ လက်ကိုင်အသံချဲ့စက်များဖြင့် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ယခု ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁၈ ရက် ည ၈ နာရီအချိန်အထိ Covid-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၇၃၃,၂၂ ဦး တွေ့ရှိခဲ့ပြီး ဆေးရုံတက်လူနာများ၏ ၇၅ ရာခိုင်နှုန်းသည် ဆေးရုံဆင်းခွင့်ရရှိကာ သေဆုံးသူဦးရေ စုစုပေါင်း ၁,၆၅၀ ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နိုဝင်ဘာ ၁၉ ရက် ညပိုင်းက ထုတ်ပြန်သော တိုက်တွန်းပန်ကြားချက်တွင် ဖော်ပြထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ- MOHS

LEAVE A REPLY

Please enter your comment!
Please enter your name here