ပြည်ပပြန်များ Covid-19 ရောဂါဓာတ်ခွဲအဖြေ Negative ဖြစ်မှသာ မန္တလေးတိုင်းဒေသကြီးရှိ သက်ဆိုင်ရာဒေသများသို့ သွားရောက်ခွင့်ပြုမည်

112

 

မန္တလေး၊ နိုဝင်ဘာ ၁၀

ပြည်ပမှ အကြောင်းအမျိုးမျိုးဖြင့် ဝင်ရောက်လာပြီး ရန်ကုန်တိုင်းဒေသကြီးမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးသို့ လာရောက်မည့်သူများနှင့် သင်္ဘောသားများအနေဖြင့် Covid-19 ရောဂါ ဓာတ်ခွဲအဖြေ Negative ဖြစ်မှသာ သက်ဆိုင်ရာဒေသများသို့ သွားရောက်ခွင့်ပြုမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

အဆိုပါ ပြည်ပပြန်များအနေဖြင့် ပြည်ပမှ စတင်ဝင်ရောက်လာပြီး ရန်ကုန်တိုင်းဒေသကြီးသို့ ရောက်ရှိပါက သတ်မှတ်ထားသော Hotel Quarantine (သို့) Community Based Facility Quarantine များ၌ ခုနစ်ရက် နေထိုင်စေကာ ငါးရက်မြောက်နေ့တွင် Swab ဓာတ်ခွဲနမူနာရယူစစ်ဆေးမည်ဖြစ်ကြောင်း၊ ဓာတ်ခွဲအဖြေ ရောဂါမရှိ(Negative)ကြောင်း အဖြေရရှိပါက PPE ဝတ်စုံဝတ်ဆင်၍ သက်ဆိုင်ရာဒေသများသို့ သွားရောက်ခွင့်ပြုမည်ဖြစ်ကာ ထိုသို့ သွားရောက်ရာတွင်လည်း သီးခြားစီစဉ်ထားသည့် မော်တော်ယာဉ်ဖြင့် လမ်းခရီး၌ အများပြည်သူနှင့်သက်ဆိုင်သည့် မည်သည့်နေရာတွင်မျှ ရပ်နားခြင်းမပြုဘဲ သက်ဆိုင်ရာခရီးဆုံးအထိ တိုက်ရိုက်သွားရောက်ရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထပ်မံသိရသည်။

ထိုပြည်ပပြန်များအနေဖြင့် မန္တလေးတိုင်းဒေသကြီးရှိ သက်ဆိုင်ရာဒေသသို့ ရောက်ရှိပါကလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော သတ်မှတ်ချက်များနှင့်အညီ Home Quarantine ခုနစ်ရက်နေထိုင်ရမည်ဖြစ်သည်။ ထိုသို့ လိုက်နာခြင်းမရှိဘဲ အခြားမြို့များသို့ ကြားဖြတ်သွားရောက်ခဲ့ကြောင်း ပြောပြရန် ငြင်းဆန်သူ (သို့) နေရပ်လိမ်လည်ဖော်ပြသူ၊ သွားရောက်ခဲ့သည့်နေရာများအား မမှန်မကန်ဖြေကြားသူ၊ စစ်ဆေးမှုများကို ကြည်ဖြူစွာပူးပေါင်းဆောင်ရွက်ခြင်းမရှိသူ စသည့်ပုဂ္ဂိုလ်များကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က နိုဝင်ဘာ ၇ ရက်တွင် ထုတ်ပြန်သည်။

ကျော်ကျော်အောင်(ကလေးမြို့)
မန္တလေးတိုင်းအဝင် စစ်ဆေးရေးဂိတ်များထဲမှ တစ်ခုဖြစ်သည့် တောင်သာမြို့နယ် Covid-19 ကာကွယ်နိုင်ရန် ယာဉ်/လူစစ်ဆေးရေးစခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ-မန္တလေးတိုင်းအစိုးရအဖွဲ့ Facebook Page။

LEAVE A REPLY

Please enter your comment!
Please enter your name here