ပြည်ထောင်စုလွှတ်တော်မှ ပြဌာန်းလိုက်သော ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေကို အများပြည်သူသိရှိနိုင်ရန် အသိပညာပေးမှုများ မန္တလေး၊ ကျောက်ဆည်နှင့် ကလေးမြို့တို့တွင် ပြုလုပ်

300

 

မ​န္တ​လေး၊ ဇွန် ၁

ပြည်ထောင်စုလွှတ်တော်မှ ပြီးခဲ့သည့် မေ ၂၆ ရက်က ပြဌာန်းလိုက်သော ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေကို အများပြည်သူသိရှိနိုင်ရန် အသိပညာပေးမှုများကို ယနေ့ ဇွန် ၁ ရက်တွင် မန္တလေး၊ ကျောက်ဆည်နှင့် ကလေးမြို့တို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

” ၂၀၂၀ ပြည့်နှစ်၊ မေ ၂၆ ရက်မှာ အသစ်ပြဌာန်းလိုက်တဲ့ မော်တော်ယာဉ်ဥပဒေကို လမ်းအသုံးပြုသူတွေ၊ ယာဉ်အသုံးပြုသူတွေ၊ ယာဉ်မောင်းတွေ သိရှိအောင် မျှဝေပွဲ၊ ပညာပေးပွဲလေးဖြစ်ပါတယ်၊ ဥပဒေအသစ်ဆိုတော့ အရင်ဥပဒေမှာ လိုအပ်တဲ့ဟာလေးတွေရှိတယ်၊ အဲဒါကို သင့်လျော်အောင် ပြန်လည်ပြီး ပြင်ဆင်ရေးဆွဲပြဌာန်းထားတာ ရှိတယ်၊ ဒီဥပဒေကို သိထားခြင်းအားဖြင့် ပြည်သူတွေ ဘယ်လိုအကျိုးကျေးဇူးရှိမလဲ၊ ဒီဥပဒေကို နားလည်အောင် ဘယ်လိုလိုက်နာရမလဲ၊ ဒဏ်ငွေတွေက ဘယ်လိုရှိတယ်၊ ဒီဥပဒေကို မလိုက်နာရင် ဘယ်လိုအရေးယူလို့ရတယ်၊ ကျွန်တော်တို့ပေးတဲ့စာအုပ်တွေကို ဖတ်ကြည့်အားဖြင့် သူတို့သိရှိတယ်၊ သိရှိခြင်းအားဖြင့် ငါတော့ ဒါ မလုပ်သင့်ဘူး၊ ပြစ်ဒဏ်တွေက ဘယ်လိုရှိတယ်ဆိုတာ သိရှိပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” ဟု မန္တလေးတိုင်း အမှတ် (၁၄)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ၊ မဟာအောင်မြေမြို့နယ် တပ်ဖွဲ့စုမှ ဒုရဲမှူး သောင်းထိုက်ဦးက ပြောကြားသည်။

ထိုသို့ ပညာပေးမှုကို ယနေ့ ဇွန် ၁ ရက်တွင် စတင်လုပ်ဆောင်ခြင်းဖြစ်ပြီး မန္တလေးတစ်မြို့လုံး တပ်ဖွဲ့စုအလိုက်၊ နယ်မြေအလိုက် သင့်လျော်သည့်နေ့များတွင် ပညာပေးဆက်တိုက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခု ဥပဒေသစ်တွင် ထူးခြားချက်အနေဖြင့် မော်တော်ဆိုင်ကယ်များ နေ့ခင်းဘက်ရော ညဘက်ပါ ရှေ့မီးအနိမ့်ဖွင့်၍ မောင်းနှင်ရမည်ဟု ပြဌာန်းထားသဖြင့် ယင်းကိစ္စကိုပါ အများပြည်သူသို့ ထည့်သွင်းပညာပေးခဲ့ကြောင်း အမှတ် (၁၄)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

“အဓိက နေသာတဲ့အချိန်မှာထက် မိုးအေးတဲ့အချိန်၊ မိုးရွာတဲ့အချိန်မှာ ကားလေးတွေ၊ ဆိုင်ကယ်လေးတွေမှာ ရှေ့မီးလေးတွေ ပါပါတယ်၊ မီးထွန်းခြင်းဖြင့် ယာဉ်အန္တရာယ်မဖြစ်အောင် သတိထားမိမယ်၊ ယာဉ်တိုက်မှုတွေနည်းသွားမယ်၊ ပညာပေးကာလကိုလည်း စာအုပ်တွေ ရရင်ရသလို ရိုက်နှိပ်ပြီး တိုးမြှင့်ဝေသွားမှာပါ” ဟု အဆိုပါရုံးမှ ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ဆိုသည်။

ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၁၀၇)၌ မော်တော်ယာဉ်ဥပဒေ (၂၀၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေပုဒ်မ ၅၅) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်ဟုလည်း ဖော်ပြထားသဖြင့် ယခုဥပဒေသစ်သည် စတင်အသက်၀င်နေပြီဖြစ်ကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here