ပြည်ထောင်စုလွှတ်တော်မှ စက်မှုဇုန်ဥပဒေပြဌာန်း

325

 

ကလေး၊ မေ ၂၉

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် လက်မှတ်ရေးထိုးထားသော စက်မှုဇုန်ဥပဒေကို မေ ၂၇ ရက်က ပြည်ထောင်စုလွှတ်တော်မှ ပြဌာန်းလိုက်ကြောင်း သိရသည်။

အဆိုပါ ဥပဒေတွင် အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်၊ ရည်ရွယ်ချက်၊ ဗဟိုကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ဒေသဆိုင်ရာကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ စက်မှုဇုန် သတ်မှတ်ကြေညာခြင်း၊ စက်မှုဇုန်တည်ထောင်ခြင်း၊ ရန်ပုံငွေထူထောင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်း၊ ရင်းနှီးတည်ဆောက်သူ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ရင်းနှီးမြှုပ်နှံသူ၏ တာဝန်များ၊ မြေအသုံးချခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံဆောင်ရွက်ခြင်း၊ ပေးချေငွေများအပေါ် ဝင်ငွေခွန်ကောက်ခံခြင်း၊ စက်မှုဇုန်လုပ်ငန်းများအား အခွင့်အရေးခံစားခွင့်ပြုခြင်း၊ စက်မှုဇုန်များအား အောင်မြင်စွာလည်ပတ်လုပ်ကိုင်နိုင်ရန် စီမံဆောင်ရွက်ခြင်း၊ စက်မှုဇုန်စီမံခန့်ခွဲရေးဆိုင်ရာ အငြင်းပွားမှုများဖြေရှင်းခြင်း၊ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခြင်းနှင့် အယူခံခြင်း၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များ၊ အထွေထွေ စသည်ဖြင့် အခန်းပေါင်း (၂၀)နှင့် ပုဒ်မပေါင်း (၇၅)ခုပါဝင်ကာ စက်မှုဇုန်များသည် ပြည်ထောင်စုအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအောက်တွင် တည်ရှိမည်ဖြစ်ကြောင်း၊ ထို့ပြင် အခန်း (၈) တားမြစ်ချက်များ ပုဒ်မ (၅၇)တွင် မည်သူမျှ စက်မှုဇုန်အတွင်း ကျုးကျော်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ အဆောက်အဦး ဆောက်လုပ်ခြင်း၊ လမ်းဖောက်ခြင်းမပြုရဟု ပြဌာန်းထားပြီး ပုဒ်မ (၅၈)၌ မည်သူမျှ စက်မှုဇုန်အတွင်း စွန့်ပစ်ပစ္စည်များကို စနစ်တကျမရှိသော နည်းလမ်းဖြင့်စွန့်ပစ်ခြင်း၊ ရေဆိုးမြောင်းများကို ကျူးကျော်ပိတ်ဆို့ခြင်း၊ ကုန်ကြမ်းနှင့် လောင်စာများအား စနစ်တကျမရှိသောနည်းလမ်းဖြင့် ထားသိုခြင်း၊ လမ်းများပေါ်တွင် ယာဉ်ယန္တရားများ စည်းကမ်းမဲ့ရပ်နားခြင်း (သို့) ပစ္စည်းများ စုပုံထားရှိခြင်း မပြုရ စသည့် ပြဌာန်းချက်များလည်းပါဝင်ကြောင်း ယင်းဥပဒေပြဌာန်းချက်များတွင် ဖော်ပြထားသည်။

အဆိုပါဥပဒေ ပုဒ်မ ၅၇ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကာ ပုဒ်မ (၅၈)ကို ဖောက်ဖျက်ကျူးလွန်ပါကလည်း ထိုသူကို အနည်းဆုံး ကျပ် ငါးသိန်းမှ အများဆုံး ကျပ်သိန်း နှစ်ဆယ်အထိ ငွေဒဏ်ချမှတ်နိုင်ပြီး ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်ကြောင်း သိရသည်။

တည်ထောင်ပြီး စက်မှုဇုန်များသည် ဤဥပဒေအရ စက်မှုဇုန်အဖြစ် သတ်မှတ်ကြေညာနိုင်ရေးအတွက် ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဟုလည်း နိုင်ငံတော်သမ္မတလက်မှတ်ရေးထိုးထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ကလေး စက်မှုဇုန်ထုတ်ကားများကို မြင်တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here