ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့်ကားများအပေါ် ကောက်ခံသော အထူးကုန်စည်ခွန် လျှော့ချပေးရန် ကားထုတ်လုပ်သည့် လုပ်ငန်းရှင်များ တောင်းဆို

941

ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် ကားများအပေါ် ကောက်ခံသော အထူးကုန်စည်ခွန်ကို လျှော့ချပေးရန် ကားထုတ်လုပ်သည့် လုပ်ငန်းရှင်များက တောင်းဆိုတင်ပြဆွေးနွေးထားကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

 

မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် ပြည်ပမှ မော်တော်ယာဉ်များမှာယူတင်သွင်းသည့် လုပ်ငန်းရှင်များက အခွန်ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်တွင်းအခွန်များဦးစီး ဌာနမှ တာဝန်ရှိသူများထံ တင်ပြ ဆွေးနွေးခဲ့ရာ ပြည်တွင်း၌ ထုတ်လုပ်သည့် ကားများအပေါ် ကောက်ခံနေသည့် အထူးကုန်စည်ခွန်ကို သတ်မှတ် ရောင်းစျေး၏ ၆ဝ ရာခိုင်နှုန်းအပေါ်တွင်သာ ကောက်ခံရန် တင်ပြခဲ့ကြောင်း သိရသည်။

 

”မော်တော်ယာဉ် ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တချို့က တင်သွင်းတဲ့ကားထက် ထုတ်လုပ်တဲ့ကားက အခွန်ပိုများနေတယ်လို့ တင်ပြဆွေးနွေးခဲ့သလို တင်သွင်းသူတွေကလည်း ပြည်တွင်းမှာ ထုတ်လုပ်တဲ့ကားတွေ မပေးဆောင်ရတဲ့ တခြားအခွန်အခတွေကို ပေးနေရတယ်လို့ တင်ပြဆွေးနွေးခဲ့ပါတယ်၊ ဌာနအနေနဲ့ လုပ်ငန်းရှင်တွေရဲ့ အခက်အခဲတွေ ဘယ်လိုရှိနေတယ်ဆိုတာ တင်ပြဆွေးနွေးခိုင်းရုံသက်သက်ပဲ ရှိပါတယ်၊ အခွန် လျှော့ချ ပေး၊ မပေးကတော့ ပြည်ထောင်စုအစိုးရက သတ်မှတ်ပေးတာ ဖြစ်ပါတယ်”ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် ပြည်ပမှ တင်သွင်းသည့်ကားများကို ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်နှင့် ဝင်ငွေခွန်များ ကောက်ခံလျက်ရှိပြီး ပြည်တွင်း၌ထုတ်လုပ်သည့် မော်တော်ယာဉ် များကိုလည်း ဝင်ငွေခွန်နှင့် အထူးကုန်စည်ခွန်များ ကောက်ခံလျက်ရှိကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here