ပြည်တွင်းထုတ် CKD/SKD ကားများ စျေးကွက်အားကောင်းလာပြီး ရန်ကုန်လိုင်စင် ၁၃ဝဝ စီစီ ကားများတက်စျေးဖြင့် အရောင်းအဝယ်အေးသွားသည့် ကားစျေးကွက်

1448

စျေးကွက်အတွင်း ရန်ကုန်လိုင်စင်ဖြင့် အသစ်တင်သွင်းထားသည့် ၁၃ဝဝ စီစီ ရောင်းကားများနည်းသွားသလို ကားအရောင်းစင်တာများတွင်ရှိသော Honda Fit GK3 ၊ Honda Fit Shuttle စသည့် ကားများကိုလည်း ကျပ်သိန်း သုံးရာဝန်းကျင်အထိ ခေါ်ရောင်းနေကြသဖြင့် ပြည်တွင်း၌ CKD ၊ SKD စနစ်ဖြင့် ထုတ်လုပ်သော ရန်ကုန်လိုင်စင်အမည်ပေါက် Suzuki Ciaz ၊ Suzuki Ertiga နှင့် Nissan Sunny တို့သည့် ပစ္စည်း ပြတ်သည်အထိ ဝယ်လိုအားမြင့်တက်နေကြောင်း သိရသည်။ ၂ဝ၁၈ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များ ထုတ်ပြန်ပြီးနောက်ပိုင်းတွင် မိုင်ကုန် မြင့်တက်သွားသော ကားစျေးများမှာလည်း တက်စျေးဖြင့် အရောင်းအဝယ် အဖြစ်နည်းသောကြောင့် စျေးကွက် ပြန်လည် ငြိမ်သက် သွားခဲ့သည်။

 

”လာမယ့်နှစ်ရဲ့ ကားတင်သွင်းခွင့်မူဝါဒအရ စလစ်ကပ်တင်သွင်းမှု ကို ရောက်ရှိမိုဒယ်အောက် ငါးနှစ်အတွင်း၊ ဖရီးပါမစ်တင်သွင်းမှုကို ရောက်ရှိမိုဒယ်အောက် သုံးနှစ်အတွင်းပဲ ခွင့်ပြုထားပြီး ဘယ်မောင်းတစ်မျိုးတည်းကိုပဲ တင်သွင်းရမှာဖြစ်တဲ့အတွက် မူရင်း ကားတန်ဖိုးစျေးကများသွားမှာ ဖြစ်ပါတယ်၊ ဒါကြောင့်လည်း ရောက်ရှိပြီးသား ကားတွေရဲ့စျေးက အထိုက်အလျောက် မြင့်တက်သွားမှာပါ၊ ဒါပေမဲ့ ပြည်တွင်းမှာ ထုတ်လုပ်နေတဲ့ CKD ၊ SKD ကားတွေ Showroom တွေမှာ တင်သွင်းရောင်းချနေတဲ့ Brand New ကားတွေနဲ့ယှဉ်ပြီး စျေးတက်မှာတော့ မဟုတ်ပါဘူး၊ ဥပမာ Nissan Sunny Brand New ရန်ကုန်လိုင်စင်ကားကို ကျပ်သိန်း ၂၄ဝ ရောင်းချနေလို့ ၁၃ဝဝ စီစီ ကားဟောင်းတစ်စီးက ဒီကားထက်ပိုပြီး စျေးမြင့်တက်ဖို့တော့ မရှိပါဘူး၊ နောက်ပြီး ရန်ကုန်လိုင်စင် ထုတ်မပေးတဲ့ အတွက်လည်း CKD ကားတွေလိုမျိုး လွယ်လွယ်ကူကူ ရောင်းလို့ရမှာ မဟုတ်ပါဘူး၊ CKD ၊ SKD ကားတွေကို လိုအပ်တဲ့ Demand အတိုင်း ထုတ်လုပ်ပေးနိုင်မယ်ဆိုရင် ကားစျေးက အတိုင်းအတာတစ်ခုမှာ တည်ငြိမ်သွားမှာပါ”ဟု ‘ United Diamond Motor ‘ မန်နေဂျင်းဒါရိုက်တာ ဦးအေးထွန်းက ဆိုသည်။

 

စျေးကွက်အတွင်း တက်စျေးများဖြင့် အရောင်းအဝယ် အဖြစ်နည်းသကဲ့သို့ တစ်ဦးချင်းကားတင်သွင်းခွင့်ပါမစ် လျှောက်ထားမှုကိုလည်း ဒီဇင်ဘာ ၁၅ ရက်အထိ ခွင့်ပြုပေးလိုက်သဖြင့် ပါမစ်လျှောက်ရန်ကိုသာ အာရုံစိုက်မှု များလာခဲ့သည်။ တစ်ဦးချင်းဖရီးပါမစ် နယ်လိုင်စင်ဖြင့်လည်း ၆၆ဝ စီစီ မီနီထရပ်များကို ပါမစ်လျှောက်လာကြသလို တိုက်ကြေစလစ်ကပ်၍လည်း ၁၃ဝဝ စီစီ Homda Fit GK3 ၊ Honda Fit Shuttle  Toyota Axio တို့ကို ရန်ကုန်လိုင်စင်ဖြင့် ပါမစ်လျှောက်လာကြသည်။

”ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက အရောင်းအဝယ်ကောင်းခဲ့ပေမဲ့ ဒီရက်ပိုင်းမှာ ပြန်ငြိမ်သွားတယ်၊ နယ်လိုင်စင်နဲ့သွင်းထားတဲ့ Honda Fit GE6  ၊ Toyota Belta တို့ဆိုရင်လည်း ကျပ်သိန်း ၁၈ဝ ဝန်းကျင်မှာ စျေး ငြိမ်သွားတယ်၊ နယ်အဝယ် အဆင်းနည်းသွားသလို အရောင်းအဝယ်လည်း ငြိမ်နေတဲ့အတွက် စလစ်စျေးလည်း ပြန်ဆင်းသွားတယ်၊ ဒီနှစ်မူဝါဒနဲ့ တစ်ဦး ချင်း ပါမစ်လျှောက်တာကို ဒီဇင်ဘာ ၁၅ ရက်အထိ ခွင့်ပြုလိုက်တဲ့အတွက်လည်း  အလောတကြီး မဝယ်ကြတော့ဘဲ ပါမစ်လျှောက်ပြီး ကိုယ်တိုင်သွင်းမယ့်သူတွေ ရှိလာကြတယ်၊ ဒီရက်ပိုင်းမှာ တစ်ဦးချင်းဖရီးပါမစ်နဲ့ ၆၆ဝ စီစီ မီနီထရပ်တွေကိုလည်း ပါမစ်လျှောက်တာတွေ များလာတယ်၊ ကားစျေးက ထပ်တက်ဖို့ အခြေအနေ နည်းသွားတယ်ဆိုပေမဲ့ လာမယ့် နှစ်ကစပြီး ညာမောင်းကား ပေးမသွင်းတော့တဲ့အတွက် ကျဖို့အနေအထားလည်း သိပ်မရှိပါဘူး၊ စတိနံပါတ် ကားတွေထက်စာရင် ရန်ကုန်လိုင်စင် နံပါတ်ထွက်ပြီးသား ကားလေးတွေကတော့ ပုံမှန်အရောင်းအဝယ်ရှိပါတယ်”ဟု ‘ United Eleven Motor ‘ မန်နေဂျင်းဒါရိုက်တာ ကိုအောင်သူက ဆိုသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လုပ်ငန်းသုံး ကားများကို ဘယ်မောင်း၊ ညာမောင်း မခွဲခြားဘဲ ၂ဝဝ၈ မိုဒယ်အထိ လျှော့ချတင်သွင်းခွင့်ပေးမည်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက စက်မှုဇုန်လိုက်ထရပ်များအပ်နှံပြီး လူစီးစလစ်ထုတ်ပေးမည်ဟု ကောလာဟလသတင်းများ ထွက်ပေါ်နေသော်လည်း နှစ်မကုန်ခင်အထိ မူဝါဒပြောင်းလဲရန် မရှိသောကြောင့် စျေးကွက်အခြေအနေလည်း အပြောင်းအလဲရှိမည် မဟုတ်ပေ၊ ပုံမှန်အတိုင်း လာမည့်နှစ် ဇန်နဝါရီ ၁ ရက်မှစ၍ သက်တမ်း နှစ် နှစ်ဆယ် ပြည့်သည့် ၁၉၉၈ မိုဒယ်ကားများကိုသာ အပ်နှံခွင့်ပေးမည်ဖြစ်သောကြောင့် မူဝါဒအပြောင်းအလဲနှင့် အပ်ကားသစ်များ ဝင်ရောက်လာမည်ဖြစ်ရာ နှစ်အစတွင် စလစ်စျေးများ ပြန်လည် ကျဆင်းသွားမည်ဖြစ်သည်။ ရန်ကုန်မြို့အတွင်း အသုံးပြုနေသည့် နယ်လိုင်စင်ကားများကို မြို့ဝင်ကြေး ပြန်လည်ကောက်ခံမည်ဟု သတင်းများ ထွက်ပေါ်နေ၍လည်း နယ်ကားများမှာ အရောင်းအဝယ်အေးသွားခဲ့သည်။

 

စျေးကွက်အတွင်း တက်စျေးအတိုင်းခေါ်ရောင်းပါက အရောင်းအဝယ်မဖြစ်ဘဲ ပုံမှန်စျေးထက် အနည်းငယ်ချရောင်းမှသာ အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။ နံပါတ်ထွက်ပြီးသား ရန်ကုန်လိုင်စင် ကားများကိုလည်း အပြင်ဝယ်လက်ထက် ဝယ်/ရောင်းအချင်းချင်းသာ ပြန်ဝယ်ကြသဖြင့် စျေးကွက်အီသွားကြောင်း သိရသည်။

 

”ဒီတစ်ပတ်အတွင်းမှာ အရောင်းအဝယ်တွေ ပြန်အေးသွားပါတယ်၊ စျေးကွက်ထဲမှာ စျေးတန်တဲ့ကားတစ်စီး ထွက်လာပြီဆိုရင်လည်း ဝယ်/ ရောင်းအချင်းချင်းပဲ လှည့်ဝယ်နေကြတာ များပါတယ်၊ ရန်ကုန်လိုင်စင်နဲ့ တင်သွင်းထားတဲ့ ၁၃ဝဝ စီစီ နံပါတ်အသစ်ကားတွေဆိုရင်လည်း အပြင် အဝယ်ထက် ဝယ်/ရောင်းအချင်းချင်း ပြန်ကောက်ကြတာများတယ်၊ အရင်တုန်းက ကျပ်သိန်း ၁၈ဝ ခေါ်ရောင်းတဲ့ ကားတစ်စီးကို အခုအချိန်မှာ သိန်းနှစ်ရာကျော် ခေါ်ရောင်းနေပေမဲ့ ခေါ်စျေးပဲရှိတယ်၊ တကယ် အရောင်းအဝယ် မဖြစ်ဘူး၊ စျေးတွေ မြင့်တက်သွားတဲ့အတွက် အဝယ်မရှိတဲ့အခါကျတော့ စျေးကွက်က သိသိသာသာ အေးသွားတယ်၊ ဒီရက်ပိုင်းမှာ အပြင်ဝယ်လက်က မရှိသလောက်နည်းသွားတယ်၊ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် စျေးကွက်က အီသွားဖို့ရှိပါတယ်၊ စျေးကွက်အခြေအနေက အရင်လို သုံးပတ်၊ လေးပတ်လောက်အထိ မခံတော့ဘဲ တစ်ပတ်နဲ့တစ်ပတ် ကောင်းလိုက်/မကောင်းလိုက် ဖြစ်နေပါတယ်၊ အရောင်းအဝယ် ကောင်းလာပြီဆိုတာနဲ့ စျေးကွက်ထဲကကားတွေရော အွန်လိုင်းမှာတင်ရောင်းတဲ့ ကားတွေပါ စျေးဆွဲတင်ပြီး ခေါ်ရောင်းကြတဲ့အတွက် ကိုယ်လည်း ဝယ်မရ၊ သူလည်း ရောင်းလို့မရတဲ့ အခြေအနေမျိုး ဖြစ်သွားပါတယ်၊ လာမယ့်နှစ်အတွက် မူဝါဒထွက်ပေါ်လာပေမဲ့လည်း စျေးကွက်အခြေအနေကတော့ ကောင်းလိုက်၊ မကောင်းလိုက်နဲ့ မငြိမ်သေးပါဘူး”ဟု ကားဝယ်/ရောင်း ကိုနိုင်လင်းက ဆိုသည်။

 

အပြင်ဝယ်လက်များကလည်း တက်စျေးအတိုင်းမပေးဘဲ ယခင် ပေါက်စျေးဖြင့်သာ စျေးဆစ်ပြီး ဝယ်ယူကြသဖြင့် စျေးတန်းစုံစမ်းရုံသာဖြစ်ပြီး လက်တွေ့ အရောင်းအဝယ်မဖြစ်ကြောင်း သိရသည်။ ဝယ်/ရောင်းများကလည်း လက်ထဲတွင်ရှိသောကားကို စျေးလျှော့ပြီး ရောင်းပါက နောက်တစ်စီး ပြန်ရှာရာတွင် တက်စျေးဖြင့်ဝယ်ရမည် ဖြစ်သောကြောင့် ကြိုက်စျေးမရလျှင် မရောင်းဘဲ တင်းခံနေကြသဖြင့် အရောင်းအဝယ် အဖြစ်နည်း သွားခြင်းဖြစ်ကြောင်း ကားဝယ်/ရောင်းများထံမှ သိရသည်။

 

”ကားစျေးတွေ တက်နေတဲ့အတွက် အရောင်းအဝယ်ကထင်သလောက် မကောင်းဘူး ဖြစ်နေပါတယ်၊ မူဝါဒပြောင်းလဲမှုကြောင့် ကားစျေးတွေ မြင့်တက်သွားပေမဲ့လည်း အဝယ်တွေက တက်တဲ့စျေးအတိုင်း မပေးချင်ကြဘူး၊ လွန်ခဲ့တဲ့ နှစ်လလောက်ကပေါက်စျေးကိုပဲ ပေးကြတဲ့အတွက်အရောင်းအဝယ်မဖြစ်ဘူး၊ အဝယ်အများစုက စျေးတက်တာကိုမသိရင် ကိုယ်လိုချင်တဲ့စျေးပဲ ပေးကြတယ်၊ ဝယ်/ရောင်းတွေဘက်ကကြည့်ရင်လည်း ကားစျေးတွေက တက်နေတဲ့အတွက် လျှော့ရောင်းလို့လည်းမရဘူး၊ ကိုယ် လိုချင်တဲ့စျေးရမှ ရောင်းမယ်ဆိုရင်လည်း အဝယ်က လှည့်ပြန်သွားရော၊ လျှော့ရောင်းမယ်ဆိုရင်လည်း နောက်ဝယ်မယ့်ကားက ရောင်းတဲ့စျေးနဲ့ မရတော့ဘူး၊ ဒါကြောင့် ကားစျေးကွက်အခြေအနေက အဆင်ပြေသလို ချိန်ဆပြီး ရောင်းနေရပါတယ်၊ စလစ်ကပ်ကားတွေထဲမှာတော့ ႊToyota Wish  ၊ Toyota Belta တို့က ပုံမှန်အတိုင်းအရောင်းအဝယ်ဖြစ်ပါတယ်၊ ရန်ကုန်လိုင်စင် ၁၃ဝဝ စီစီ ကားတွေကတော့ တက်စျေးအတိုင်း စျေးချပြီးမရောင်းချင်ကြတဲ့အတွက် အရောင်းအဝယ် အဖြစ်နည်းပါတယ်”ဟု ကားဝယ်/ရောင်း ဦးမြင့်ကြည်က ဆိုသည်။

 

နိုဝင်ဘာလ ပထမပတ်အထိ ၁၉၉၈ မိုဒယ်နှင့်အောက် YBS ဘတ်စ်များ အပ်နှံခွင့်မပေးသေးသောကြောင့် စလစ်စျေးမှာ ကျပ် ၁၃၅ သိန်းဝန်းကျင်တွင် စျေးမာနေသည်။ အပ်ကားရှားပါးနေသည့်အတွက်လည်း စျေးကျစရာအနေအထားမရှိဘဲ လာမည့်နှစ်အစမှာသာ ကျပ်သိန်း သုံးဆယ်မှ လေးဆယ်ကြား ကျဆင်းသွားဖွယ်ရှိနေသည်။ နိုဝင်ဘာလအတွင်း ဘတ်စ်စလစ်များ ဝင်ရောက်လာမည်ဆိုပါက စလစ်စျေးများ ကျပ်ငါးသိန်းမှ ၁ဝ သိန်းအထိ ကျဆင်းသွားဖွယ်ရှိကြောင်းလည်း ကားတင်သွင်းသူများက ခန့်မှန်းထားကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here