ပြည်တွင်းထုတ်ကားများကို ဧပြီလမှစ၍ COE စနစ်ဖြင့်သာ ရန်ကုန်လိုင်စင်ခွင့်ပြုမည်ဖြစ်ပြီး COE စနစ်အတွက် တန်ဖိုးသတ်မှတ်ရာတွင် အင်ဂျင်ပါဝါအပေါ်မူတည်၍ ကျပ်သိန်း သုံးဆယ်မှ ၁၂ဝ အထိ သတ်မှတ်မည်

2615

ရန်ကုန်၊ ဖေဖော်ဝါရီ
ပြည်တွင်းထုတ်ကားများကို ဧပြီလမှစ၍ COE စနစ်ဖြင့်သာ ရန်ကုန်လိုင်စင်ခွင့်ပြုမည်ဖြစ်ပြီးCOE စနစ်အတွက် တန်ဖိုးသတ်မှတ်ရာ တွင် အင်ဂျင်ပါဝါအပေါ် မူတည်၍ ကျပ်သိန်းသုံးဆယ်မှ ၁၂ဝ အထိ သတ်မှတ်ရန် ဆောင်ရွက်နေကြောင်း ကားတင်သွင်းရောင်းချသူများထံမှ သိရသည်။

ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့ရန်အတွက် တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့သည့် ရန်ကုန်လိုင်စင်ကားပါမစ်ကို လာမည့်ဧပြီလမှစ၍ COE စနစ်ဖြင့် ခွင့်ပြုရာတွင် ယခုနှစ်အတွက် ခွင့်ပြုပေးမည့် အစီးရေကို နှစ်သောင်းခွဲ အဖြစ် လျာထားကြောင်း သိရသည်။ ထိုစနစ်တွင် ပြည်ပမှတင်သွင်းကားနှင့် ပြည်တွင်းထုတ်ကားများကို တစ်ပြေးတည်းသတ်မှတ်၍ ရန်ကုန်လိုင်စင်ခွင့်ပြုမည်ဖြစ်ပြီး COE စနစ်အတွက် တန်ဖိုးများအနေဖြင့် ၁၃၅ဝ စီစီနှင့်အောက်ကို ကျပ်သိန်းသုံးဆယ်ဖြင့် ခွင့်ပြုရန် လျာထားကြောင်း သိရသည်။ ၁၃၅၁ စီစီမှ ၂ဝဝဝ စီစီအထိ ကားများကို ကျပ် သိန်းခြောက်ဆယ်၊ ၂ဝဝဝ စီစီမှ ၅ဝဝဝ စီစီအထိကို ကျပ်သိန်း ကိုးဆယ်နှင့် ၅ဝဝဝ စီစီအထက်ကို ကျပ်သိန်း ၁၂ဝ သတ်မှတ်ရန် လျာထားကြောင်း သိရသည်။

”ရန်ကုန်တစ်ခုတည်းအ တွက် COE စနစ်ကို ကျင့်သုံးမယ် လို့ သိရပါတယ်၊ ဧပြီလကစပြီး COE စနစ်နဲ့ ရန်ကုန်လိုင်စင်ဆောင်ရွက်ရမယ့် ကားတွေမှာ ပြည်တွင်းထုတ်ကားတွေလည်း ပါဝင်ပြီး တန်ဖိုးတွေကို အင်ဂျင် ပါဝါအလိုက် သတ်မှတ်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်၊ COE စနစ်အတွက် သက်တမ်းကို သက်တမ်းတိုး ငါးနှစ်အပါအဝင် ၁၅ နှစ် သတ်မှတ်ပေးထားပြီး ၁၅ နှစ် ကျော်ရင် နယ်လိပ်စာ ပြောင်းရမယ်လို့ ဆောင်ရွက်နေတာ တွေ့ရပေမဲ့ ရန်ကုန်ရှိပြီးသားဖြစ်တဲ့ မိုဒယ်နိမ့်ကားတွေကို နယ်နှင်မယ်ဆိုတာတော့ ထည့်သွင်းထားတာ မရှိဘူး သိရပါတယ်”ဟု ‘ RIXS Group ‘ မှ မန်နေဂျင်းဒါရိုက်တာ ကိုအောင်မျိုးသူက ပြောသည်။

ပြည်ပမှ တင်သွင်းသည့်ကားများနှင့်တန်းတူ ပြည်တွင်း၌တပ်ဆင်ထုတ်လုပ်သည့်ကားများကို COE စနစ်ဖြင့်သာ ရန်ကုန်လိုင်စင်ခွင့်ပြုမည်ဆိုပါက ပြည်တွင်းထုတ် SKD/CKD ကားများမှာ ယခင်ထက်စျေးနှုန်း ပိုများလာမည် ဖြစ်ကာ ဂျပန်ညာ မောင်းကားများနှင့် စျေးကွက်ယှဉ်ရ မည်ဖြစ်ပြီး စျေးကွက်ဝေစု နည်းသွားနိုင်သည်ဟု ကားလုပ်ငန်းရှင်များက သုံးသပ်ထားကြသည်။
ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here