ပြည်တွင်းခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရန် Influencer Marketing ဆောင်ရွက်မည်ဖြစ်သဖြင့် Blogger များ၊ Influencer များအား စတင်ဖိတ်ခေါ်

96

 

မန္တလေး၊ နိုဝင်ဘာ ၁၃

ပြည်တွင်းခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရန် Influencer Marketing ဆောင်ရွက်မည်ဖြစ်သဖြင့် Blogger များ၊ Influencer များနှင့် Digital Marketing Agency များကို စတင်ဖိတ်ခေါ်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

Covid-19 ကာလအလွန်တွင် ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသနှင့် ခရီးသွားဆွဲဆောင်မှုဆိုင်ရာ အကြောင်းအရာများကို Website များ၊ Online Channel များမှတစ်ဆင့် Digital Marketing နည်းလမ်းများဖြင့် မြှင့်တင်ကြော်ငြာပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မှုရှိစေရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသုံးစရိတ်များခေါင်းစဉ်ခွင့်ပြုချက်ဖြင့် Influencer Marketing လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကာ စိတ်ပါဝင်စားသည့် ပြည်တွင်း၊ ပြည်ပရှိ Influencer ၊ Blogger ၊ Digital Marketing Agency ကုမ္ပဏီများအနေဖြင့် EOI အဆိုပြုလွှာကို info@tourism.gov.mm နှင့် media@tourism.gov.mm သို့ ပေးပို့တင်သွင်းနိုင်ကြောင်း အဆိုပါဝန်ကြီးဌာနမှ ထပ်မံသိရသည်။

အဆိုပြုလွှာတင်သွင်းသော လူပုဂ္ဂိုလ်၊ သို့မဟုတ် ကုမ္ပဏီများအနေဖြင့် မည်သည့် Social Media Channel များဖြင့် လုပ်ဆောင်မည်၊ လက်ရှိ Like နှင့် Follower အရေအတွက်တို့ ဖော်ပြပေးရမည့်အပြင် ဓာတ်ပုံ၊ ဆောင်းပါး၊ ဗီဒီယို၊ Review ရေးသားခြင်း စသည့် မည်သည့်ပုံစံနှင့်လုပ်ဆောင်မည်တို့ကိုပါ အဆိုပြုလျှောက်လွှာတွင် ထည့်သွင်းဖော်ပြရမည်ဖြစ်သည်။

ထို့ပြင် လုပ်ငန်းဆောင်ရွက်လိုသည့်ကာလအပိုင်းအခြားကိုလည်း အတိအကျဖော်ပြပေးရမည်ဖြစ်ကာ ယင်း Influencer Marketing လုပ်ငန်းဆောင်ရွက်ရာ၌ ဝန်ဆောင်မှုအတွက် ကုန်ကျစရိတ် မည်မျှရှိနိုင်မည်တို့ကိုပါ ထည့်သွင်းတင်သွင်းရမည်ဖြစ်ပြီး အဆိုပြုလွှာကိုလည်း https://bit.ly/31LTKm2 တွင် Download ရယူနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ထပ်မံသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
Covid-19 ကာလမတိုင်မီက မန္တလေးမြို့သို့ လာရောက်လည်ပတ်သော ပြည်ပခရီးသွားများအား တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here