ပြင်ဦးလွင်မြို့ အောင်ဇေယျလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံကို ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မီးပွိုင့်တပ်ဆင်ပေးမည်

151

ပြင်ဦးလွင်၊ ဇွန် ၁၁

ပြင်ဦးလွင်မြို့ မြို့ပတ်လမ်း (ခေါ်) အောင်ဇေယျလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံကိည ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေးကော်မတီက မီးပွိုင့်တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စည်ပင်သာယာရေး၀န်ကြီး ဒေါက်တာရဲလွင်က ပြောကြားသည်။

“အဲဒီမီးပွိုင့်ကို ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ လျာထားပြီးဖြစ်လို့ အမြန်ဆုံး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ဇွန် ၁၀ ရက်က ကျင်းပသော ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၁၈ ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့)တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇော်ဇော်ရည်မွန်၏ ‘ ပြင်ဦးလွင်မြို့ မြို့ပတ်လမ်း (ခေါ်) အောင်ဇေယျလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံအား မီးပွိုင့်တပ်ဆင်ပေးနိုင်ခြင်းရှိ/မရှိ’ သိရှိလိုသည့်မေးခွန်းနှင့်စပ်လျဉ်း၍ ၎င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြင်ဦးလွင်မြို့ မြို့ပတ်လမ်း (ခေါ်) အောင်ဇေယျလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံရာနေရာသည် လမ်း ​လေးခုဆုံရာနေရာဖြစ်ပြီး အသွားအလာများပြားသည့်လမ်းဆုံတစ်ခုဖြစ်သည့်အပြင် အဝေးပြေးယာဉ်ရပ်နားစခန်းမှ မန္တလေး-ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ စသည့် အမြို့မြို့အနယ်နယ်သို့ ယာဉ်ပေါင်းစုံအသုံးပြုလျက်ရှိသောလမ်းဖြစ်သည့်အတွက် မီးပွိုင့်တပ်ဆင်ပေးစေလိုခြင်းဖြစ်ကြောင်း ဗိုလ်မှူးဇော်ဇော်ရည်မွန်က ပြောဆိုသည်။

“အရှေ့အနောက်ဖောက်လုပ်ထားတဲ့ ဗိုလ်ချုပ်လမ်းဟာဆိုရင် မြို့အနောက်ဘက်မှာရှိတဲ့ ကျေးရွာ​တွေနဲ့ ရပ်ကွက်ကြီး ကိုးခုက ရုံးသွားရုံးပြန် အလုပ်သမားတွေ သွားတဲ့လမ်းဖြစ်ပါတယ်၊ ပြင်ဦးလွင်မြို့ မြို့မစျေးကြီးဆီသွားတဲ့ လမ်းဆုံနေရာလည်းဖြစ်ပါတယ်၊ အဲဒီလမ်းဟာ မော်တော်ယာဉ်မတော်တဆမှု​တွေ၊ ဆိုင်ကယ်မတော်တဆမှု​တွေ ဖြစ်ပွားလေ့ရှိတာကိုလည်း တွေ့မြင်နေရပါတယ်၊ မီးပွိုင့်တပ်ဆင်ခြင်းအားဖြင့် ယာဉ်အန္တရာယ်လျော့ပါးလာစေမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ပြင်ဦးလွင်မြို့တွင်း တစ်နေရာအား တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here