ပေးကားပေး၏ မရ မဖြစ်ရလေအောင်

171

 

ဝန်ထမ်းများအတွက် ဝန်ထမ်းကားပါမစ်ဟူသည့် ပါမစ်တစ်ခု ပီပီပြင်ပြင် ဖြစ်ပေါ်လာပြီဖြစ်သည်။ ယခင်အစိုးရ အဆက်ဆက် ဟိုနေရာလည်း ပါမစ်၊ ဒီနေရာလည်း ပါမစ်ဖြင့် ပါမစ်ဆိုသည့် နာမ်စားများ တွင်တွင်သုံးနှုန်း ဆောင်ရွက်ခဲ့ကြရာ ထိုအစိုးရများ၏ မေတ္တာတော် ဓာတ်ကျရာနေရာများသည် လုပ်ကိုင်ခွင့်၊ လုပ်ပိုင်ခွင့်ဟူသည့် ပါမစ်များဖြင့် ရရှိခံစားသူများဘဝ အရောင်တောက်လေ့ရှိသည်။ အချို့ပါမစ်များသည် လက်သင့်ရာ စားတော်ခေါ်သကဲ့သို့ နီးစပ်ရာ၊ မျက်နှာကြီးရာ ကိုယ်ကျိုးစီးပွားတိုးပွားရာ များဖြစ်စေရန် ရှေးရှု၍ ပေးအပ်ခဲ့သည့်ပါမစ်များဖြစ်ခဲ့သည်။
ယခုအစိုးရလက်ထက်တွင်မူ ကားပါမစ်ဟူသည် ဝန်ထမ်းများနှင့် မသက်ဆိုင်နိုင်ဟူသည့် အနေအထားမှ တိုက်ရိုက်အချိုးကျကာ အသက် ၅၇ နှစ်အထက် ပင်စင်နီးဝန်ထမ်းကောင်းများကို ချီးမြှောက်သည့် အနေဖြင့် ကားတင်သွင်းခွင့်/ဝယ်ယူခွင့် ပါမစ်ပေါ်ထွက်လာခဲ့ခြင်းပင် ဖြစ်သည်။ ထိုပါမစ်သည် ယခင့်ယခင် ပါမစ်မျိုးများကဲ့သို့ မဟုတ်ဘဲ နိုင်ငံတော်၏ အရေးအရာတာဝန်များကို အစိုးရနှင့်အတူ ဝိုင်းဝန်းကြိုးပမ်းရွက်ဆောင် သော နိုင်ငံ့ဝန်ထမ်းများအတွက် ရှေးရှုသည့် ရပိုင်ခွင့်ပါမစ်တစ်ခုဖြစ်ပါသည်။ ယခု နှစ်ကုန်ခါနီး ထုတ်ပြန်သည့် ဝန်ထမ်းကားပါမစ် ရပိုင်ခွင့်သည် ၂၀၂၀ ပြည့်နှစ် အစောပိုင်းကာလက ဝန်ထမ်းကားတင်သွင်းခွင့်ကဲ့သို့ လုပ်သက် သတ်မှတ်ချက်မျိုးဖြင့် မဟုတ်တော့ဘဲ အသက် ၅၇ နှစ် အထက် ဝန်ထမ်းကောင်းရရှိထားသည့် ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအားလုံးဖြစ်ပြီး ရာထူးအဆင့်အလိုက် ကန့်သတ်ချက်များနှင့် တင် သွင်းခွင့်ပေးခြင်း ဖြစ်သည်။ ထိုပါမစ်ကို ကိုဗစ်ကာလအတွင်းမှာပင် ထုတ်ပြန်ခွင့်ပြုခဲ့ပြီး ယင်းထုတ်ပြန်ခဲ့ချိန်မှစကာ ကားလောကအဝန်းအဝိုင်း နှင့် ဝန်ထမ်းလောကတို့ကြား ဆက်နွှယ်ဆောင်ရွက်မှုများလည်း ကူးလူးယှက်နွယ်လာသည်။
၂၀၂၀ ပြည့်နှစ်အစောပိုင်းတွင် ဝန်ထမ်းကားတင်သွင်းခွင့်ပါမစ် တစ်ကြိမ်ကြောင့် ကားလောကလှုပ်ခတ်ခဲ့ပြီး ရွေးကောက်ပွဲ ပြီးဆုံးပြီး နောက် ထပ်မံပေါ်ထွက်လာသော အဆိုပါ ပါမစ်သည် လုပ်သက်ရင့် ပင် စင်သွားခါနီး ဝန်ထမ်းကြီးများအတွက်တော့ အမှန်တကယ်ပင် ဝမ်းမြောက်စရာဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း အငြိမ်းစားယူခါနီး သုံးနှစ်အလို ဝန်ထမ်းများ ဆက်လက်ထွက်ပေါ်နေမည်ဖြစ်သလို အဆိုပါ ဝန်ထမ်းပါမစ်သည်လည်း နှစ်စဉ်ရှိနေမည်ဖြစ်သည်။ သို့ရာတွင် အစိုးရမင်းက ချီးမြှင့်သည့် ဝန်ထမ်းများ၏ ရပိုင်ခွင့်ဟူသည် ပေးကားပေး၏ မရသကဲ့သို့ ဖြစ်ဖွယ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ဝန်ထမ်းကောင်းရရှိထားသည့် ဝန်ထမ်းများ၏ လစာခံစားခွင့်အရ အမှန်တကယ် စုမိဆောင်းမိရှိသည့် ဝန်ထမ်းဟူသည် လက်ချိုးရေတွက်၍ ရနိုင်သည်ဖြစ်ရာ သာမန်ဝန်ထမ်းများအဖို့ ပါမစ်အားရသည့်ဈေးနှင့် ရောင်းစားခွင့် ပေးသကဲ့သို့ပင်ဖြစ်နေသည်။ ထိုသို့ဆိုလျှင် မြေကွက်များ၊ တိုက်ခန်းများ၊ ဝန်ထမ်းအပိုင်အိမ်ရာများ ဖော်ထုတ်ချထားပေးလိုက်ခြင်းကသာ ၎င်းတို့၏ ဘဝတစ်သက် နိုင်ငံကို အလုပ်အကျွေးပြုခဲ့သည့် ဝန်ထမ်းများအတွက် ခိုင်မာသည့်အကျိုးခံစားခွင့်ဖြစ်စေမည်ဖြစ်ပါသည်။
နည်းအမျိုးမျိုးဖြင့် ကုန်ဈေးနှုန်းမြင့်တက်ခဲ့သမျှထဲတွင် ဝန်ထမ်းလစာ တိုးချိန်တိုင်း ပူးတွဲကာလိုက်ပါ မြင့်တက်တတ်သည့် ဓလေ့သည်လည်း အစိုးရအဆက်ဆက် မထိန်းချုပ်နိုင်ခဲ့သည့် ဖြစ်စဉ်ဖြစ်၍ ဝန်ထမ်းများ၏ တိုးပွားရရှိသည့် လစာဟူသည် သူ့အိုးနှင့်သူဆန် မတန်သေးသည့် အခြေအနေမျိုးဖြင့်သာ ခေတ်အဆက်ဆက် ဒုံရင်းဖြစ်ခဲ့ရသည်။ ခေတ်ကာလ အပြောင်းအလဲနှင့် ငွေကြေးဖောင်းပွမှုအပေါ်မူတည်ပြီး ယခင်တစ်ချိန်ကထက် လစာနှုန်းထားပမာဏ များပြားလာသော်လည်း ကုန်ဈေးနှုန်းသည် လစာနှင့်အညီ အမြဲရင်ပေါင်တန်းလျက်ရှိနေခဲ့သည်။ ထို့ကြောင့် အများစုသော ဝန်ထမ်းထုမှာ ငွေပိုငွေလျှံနှင့် စုရန်ဆောင်းရန်ဆိုသည်မှာ မလွယ်ကူချေ။ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဝန်ထမ်းလိုင်းခန်းရရှိသော ဌာနများမှ ဝန်ထမ်းများမှလွဲ၍ အိမ်ပိုင်ရာပိုင်မရှိ၍ နေထိုင်စရိတ် ပါထောင်းနေကြရသည့် ဝန်ထမ်းများအတွက်မူ လုပ်သက် မည်မျှပင်ရှိစေ၊ ပင်စင်မည်မျှပင်နီးပါစေ ကျောမွဲက ကျောမွဲဘဝသာဖြစ်ကာ ကားတစ်စီး ဝယ်ရန် စိတ်ကူးဟူသည်ပင်လျှင် ခြောက်အိပ်မက်သဖွယ် ကယောင်ကတမ်းဖြင့် ပြန်လည်နိုးထမိမည်ဖြစ်သည်။
မည်သည့် အဆင့်အတန်းဖြစ်စေ ဌာနတစ်ခုခု၌ အစိုးရဝန်ထမ်းအဖြစ် လုပ်သက်နှစ် နှစ်ဆယ်မျှအထိ ထမ်းဆောင်ပြီးပြီဆိုလျှင် ဤဝန်ထမ်းသည် နိုင်ငံ့အလုပ်အကျွေးဖြင့်ပင် ဘဝကို ရပ်တည်တော့မည်ဆိုသည်မှာ ၈၀ ရာခိုင်နှုန်း သေချာပြီဖြစ်သည်။ ထိုကဲ့သို့သော လုပ်သက်ရှိဝန်ထမ်းများကို လည်း နောက်ထပ် အငြိမ်းစားမယူခင် နှစ်များအတွင်း သက်သောင့် သက်သာဖြင့် မော်တော်ယာဉ် အသုံးပြုနိုင်ရန် ဘဏ်များနှင့် ချိတ်ဆက်၍ နိုင်ငံတော်မှ နှစ်ရှည်ချေးငွေတစ်ရပ်ဖြင့်သာ ထောက်ပံ့လိုက်မည်ဆိုလျှင် ဝန်ထမ်းများ ပါမစ်ရောင်းစားရသည်ထက် ပို၍အကျိုးရှိမည်ဖြစ်သည်။
ယခု ထုတ်ပြန်သကဲ့သို့ ပင်စင်နီး ဝန်ထမ်းများကိုသာ ချီးမြှောက်လို ပါလျှင်လည်း ထိုဝန်ထမ်း၏ မိသားစုဝင်များအပါအဝင် ဝင်ငွေတစ်ခု သတ်မှတ်ကာ ပင်စင်ယူပြီးနောက်ပိုင်း ဆက်လက်ပေးချေနိုင်မည့် ပမာဏ တစ်ခုဖြင့် နှစ်ရှည်အရစ်ကျ ကားဝယ်ယူခွင့်ပြုသင့်ပါသည်။ ယခု ချီးမြှောက်ခြင်းသည် ကာလတစ်ခုအတွင်း ယင်းပါမစ်များကို ပြန်လည်ရောင်း ချခြင်းဖြင့် ဆုငွေပေးအပ်ခြင်းသဘောမျှသာဟု ထင်မြင်ရပါသည်။ အခွန် နှုန်းထားသက်သာခွင့်အပြင် နှစ်ရှည်အရစ်ကျစနစ်ဖြင့် ကားဝယ်ယူခွင့် ပြုမည်ဆိုပါက ဝန်ထမ်းများအနေဖြင့် ထိုက်ထိုက်တန်တန် ဆုလာဘ် တစ်ခုရသကဲ့သို့ပင် ဖြစ်စေမည်ဖြစ်သည်။
လုပ်သက်ရင့်ဝန်ထမ်းများအား ပါမစ်ခွဲဝေချထားခြင်းတွင် အမြဲတမ်း အတွင်းဝန်နှင့် ညွန်ကြားရေးမှူးချုပ်များကို ၃၅၀ဝ စီစီနှင့်အောက် ကျပ် သိန်း ၅၀ဝ နှင့် ညီမျှသော CIF တန်ဖိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များကို ၂၅၀ဝ စီစီနှင့်အောက် ကျပ်သိန်း ၃၀ဝ နှင့်ညီမျှသော CIF တန် ဖိုး၊ ညွန်ကြားရေးမှူးများကို ၂၀ဝ၀ စီစီနှင့်အောက် ကျပ်သိန်း ၃၀ဝ နှင့်ညီမျှသော CIF တန်ဖိုး၊ ဒုတိယညွန်ကြားရေးမှူးများကို ၁၈၀ဝ စီစီ နှင့်အောက် ကျပ်သိန်း ၃၀ဝ နှင့်ညီမျှသော CIF တန်ဖိုး၊ လက်ထောက် ညွန်ကြားရေးမှူးနှင့်အောက်အဆင့်ကို SKD ကားများဝယ်ယူပါက ၁၈၀ဝ စီစီနှင့်အောက် ကျပ်သိန်း ၃၀ဝ နှင့် ညီမျှသော စက်ရုံထုတ်ရောင်းဈေးနှင့် အရောင်းပြခန်းမှ မော်တော်ယာဉ်များဝယ်ယူပါက ၁၃၅၀ စီစီနှင့်အောက် ကျပ်သိန်း ၃၀ဝ နှင့် ညီမျှသော CIF တန်ဖိုးကားများ ဝယ်ယူခွင့်ပင်ဖြစ် သည်။ ရာထူးကြီးငယ်အလိုက် ခံစားပိုင်ခွင့် ခွဲခြားပေးထားသော်လည်း ဝန်ထမ်းအများစုအနေဖြင့် တလုံးတခဲတည်း ဝယ်ယူနိုင်ရန်မဖြစ်နိုင်သကဲ့သို့ မြန်မာနိုင်ငံတွင် အရစ်ကျစနစ်ကျင့်သုံးနေသည့် ဘဏ်နှင့် အသေးစားချေး ငွေလုပ်ငန်းများမှ မော်တော်ယာဉ်အရစ်ကျအတွက် သတ်မှတ်သည့် နှစ် သက်တမ်းမှာ ပျမ်းမျှငါးနှစ်အထိအများဆုံးဖြစ်ရာ တစ်လလျှင် ကျပ် လေး၊ ငါးသိန်းနှင့်အထက် အနည်းဆုံးပေးသွင်းရမည်ဖြစ်သည်။ ညွှန်ကြားရေးမှူးချုပ်တစ်ဦး၏ လစာသည်ပင် တစ်လကျပ် ငါးသိန်းကျော်သာရရှိသည် ဖြစ်ရာ မိသားစုစားဝတ်နေရေးဦးစားပေးရလျှင် ကားအရစ်ကျအတွက် ငွေသွင်းဖို့ရာ ဖြစ်နိုင်ဖွယ်ရာ မရှိသကဲ့သို့ ကျန်သည့် ဝန်ထမ်းကောင်းလက်မှတ်ရ အောက်လက်ဝန်ထမ်းများအတွက်မူ ပါမစ်များ လက်လွှဲ ရောင်းကြရုံသာရှိတော့သည်။ ယခုမူ ကားများ ရှုပ်ထွေးများပြားနေဆဲ မြို့ကြီးများတွင် ဝန်ထမ်းပါမစ်ဖြင့် ကားများ ထပ်မံတိုးပွားရုံသာရှိပြီး အမှန်တကယ် နိုင်ငံ့အကျိုးပြုဝန်ထမ်းများအနေဖြင့် လျှော့ပေါ့ပေးသော အခွန်အပေါ် ရရှိသည့် အကျိုးအမြတ်သာ ခံစားနိုင်မည်ဖြစ်သကဲ့သို့ ကားတင်သွင်း/ ဝယ်ယူရာ၌ အကျိုးဆောင်ခနှုန်းထားများနှင့် အခြားကုန်ကျစရိတ်များကိုပါ ထပ်မံ နုတ်ပယ်မည်ဆိုပါက ခံစားခွင့်ဟူသည် ပေးကားပေး၏ မရဖြစ်မည် မှာ အမှန်ပင်ဖြစ်ပါသည်။
မည်သို့ပင်ဆိုစေ၊ သမ္မတရုံး၏ ညွှန်ကြားချက်ဖြင့် ခေတ္တဆိုင်းငံ့ပြီး နောက်ပိုင်း အောက်တိုဘာ ၁ ရက်တွင် အသက် ၅၇ နှစ်ပြည့်သော ဝန် ထမ်းကောင်းလက်မှတ်ရ ပင်စင်ယူခါနီး သုံးနှစ်အလို ဝန်ထမ်းအများစုအား ကားတင်သွင်းခွင့်ပြုခဲ့ခြင်းအပေါ် ကြိုဆိုရမည်သာဖြစ်သည်။ သို့ပါသော် လည်း ပေးကားပေး၏ မရဆိုသကဲ့သို့ မဖြစ်ရလေအောင် နှစ်ရှည်အရစ်ကျ စနစ်ဖြင့် အစိုးရဘဏ်၊ သို့မဟုတ် ပုဂ္ဂလိကဘဏ်များနှင့်ပူးပေါင်း၍ နိုင်ငံတော်အနေနှင့် ဝန်ထမ်းများ အမှန်တကယ် ကားပိုင်ဆိုင်ခွင့်အပေါ် လစ်ဟာနေသည့်အချက်ကို ဖြည့်တင်းပေးနိုင်မည်ဆိုပါက နိုင်ငံ့အကျိုးကို နှစ်ခြောက်ဆယ်တိုင်တိုင် ထမ်းဆောင်ခဲ့သည့် ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ ဝန်ထမ်းများအတွက် အမှန်တကယ်ပင် အကျိုးရှိစေမည်ဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here