ပေါ့ပေါ့ပါးပါးနဲ့ စတိုင်လ်ကျကျမောင်းနိုင်တဲ့ Street မိုဒယ် 2018 TRIUMPH STREET CUP ဆိုတာ …

904

 

၁၉ဝ၂ ခုနှစ်ကတည်းက ဆိုင်ကယ်တွေ ထုတ်လုပ်ပေးနေတဲ့ Triumph Engineering Co.,ltd ဟာ ၁၉၈၃ ခုနှစ်မှာ Triumph Motorcycle Ltd အဖြစ် ပြောင်းလဲခဲ့ပြီးနောက် အကြီးဆုံး ဗြိတိသျှဆိုင်ကယ်ထုတ်လုပ်သူအဖြစ် ရပ်တည်နေတာ လက်ရှိအချိန်အထိပါပဲ။ Triumph ဆိုင်ကယ်အမျိုးအစားတွေထဲမှာ Bonneville မိုဒယ်က တစ်ခုအပါအဝင်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ Utah ပြည်နယ်က ဆိုင်ကယ်အမြန်နှုန်းစံချိန်တွေတင်ဖို့ စမ်းသပ်မောင်းနှင်ရာ နာမည်ကျော် Bonneville Salt Flats ကွင်းပြင်ကျယ်ကြီးကို အစွဲပြုအမည်ပေးထားတာပါ။ ၁၉၅၉ ခုနှစ်တုန်းက စတင်ထွက်ပေါ်လာတဲ့ Triumph Bonneville ဟာ အခုဆိုရင် တတိယ မျိုးဆက်အထိ ရောက်ရှိနေပြီဖြစ်ပြီး မိုဒယ်ကွဲအများအပြားလည်း ထုတ်လုပ်နေပါတယ်။ Triumph Bonneville ရဲ့ နောက်ဆုံးပေါ် မိုဒယ်ကွဲက Triumph Street Cup ဖြစ်ပြီး ၂ဝ၁၇ ခုနှစ်ကမှ စတင်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ မြို့ပြလမ်းတွေမှာ စိတ်ကြိုက်မောင်းနိုင်အောင် အဆင့်မြင့်နည်းပညာတွေနဲ့ နောက်ဆုံးပေါ်အစိတ်အပိုင်းတွေ ပေါင်းစပ်ဖန်တီးထားတဲ့ Triumph Street Cup ဟာ ပုံစံရိုးရှင်းပေမဲ့ စတိုင်လ်ကျကျ စီးနိုင်တဲ့ Street Racer ဆိုင်ကယ်လို့ဆိုရင် မမှားပါဘူး။ ၂ဝ၁၈ ခုနှစ်အတွက် ထုတ်လုပ်ထားတဲ့ Triumph Street Cup မှာ စွဲမက်ဖွယ်အရောင်နှစ်မျိုး ရှိတဲ့အပြင် စိတ်ကြိုက်အလှဆင်နိုင်တဲ့ အပိုပစ္စည်းအမျိုးပေါင်း ၁၂ဝ ကျော် အထိ ရွေးချယ်နိုင်မှာပါ။

2018 Triumph Street Cup မှာ Displacement 900 CC ရှိ တဲ့ SOHC Parrallel Twin အင်ဂျင် တပ်ဆင်ပေးထားပါတယ်။ အအေးပေးစနစ်(Liquid Cooled) သုံးထားတဲ့ အင်ဂျင်ရဲ့ Camshaft က ၂၇ဝ ဒီဂရီပုံစံဖြစ်တာကြောင့် အသံနဲ့ တုန်ခါမှုနည်းပါးပြီး ကြံ့ခိုင်မှု ပိုကောင်းလာသလို အရင် Air Cooled အင်ဂျင်ထက် ဆီစားနှုန်း ၃၆ ရာခိုင်နှုန်းကျော် သက်သာစေမှာပါ။ Compression Ratio က 10.55:1 ဖြစ်ပြီး Bore နဲ့ Stoke က 4.6 x 80 mm ရှိပါတယ်။ လောင်စာဆီ ပို့လွှတ်မှု အတွက် Multipoint Sequential Electronic Fuel Injection စနစ် သုံးထားလို့ အင်ဂျင် တစ်မိနစ်လည်ပတ်နှုန်း(Rpm) 5900 မှာ မြင်းကောင်ရေ ၅၅ ကောင်အား၊ Rpm 3230 မှာ လိမ်လှည့်အား(Torque) 59 lb-ft ထုတ်ပေးနိုင်ပါတယ်။ ဂီယာငါးချက်စနစ် သုံးစွဲပြီး မောင်းရမယ့် Final Drive က Chain ပါ။ ဖရိမ်ကTubular Steel Cradle ပုံစံဖြစ်လို့ ခေတ်ဆန်ပြီး မာကျောတဲ့ အသွေးအမွေး ထွက်နေပါတယ်။ ရှေ့ဘက် ဆိုင်းထိန်းအတွက် KYB 41 mm Fork သုံးထားပြီး Fork ထက်/အောက် ကစားနိုင်တဲ့ပမာဏက ၁၂ဝ မီလီမီတာ ရှိပါတယ်။ နောက်ဘက်ဆိုင်းထိန်း အတွက်က KYB Twin Shock တပ်ဆင်ထားပြီး Shock ထက်/အောက် ကစားနိုင်တဲ့ ပမာဏက ၁၂ဝ မီလီမီတာ ဖြစ်ပါတယ်။ ရှေ့ဘရိတ်မှာ ပစ္စတင်နှစ်လုံးတပ် Nissin Floating Caliper နဲ့ Single 310 mm Floating Disc ၊ နောက်ဘရိတ်မှာ ပစ္စတင်နှစ်လုံးတပ် Nissin Floating Caliper နဲ့ Single 255 mm Disc တို့ သုံးထားပြီး Anti-lock Brake(ABS) စနစ်လည်း ထည့်ပေးထားပါတယ်။ ရှေ့ဘီးခွေက စပုတ်တံတွေပါတဲ့ ၁၈ လက်မအရွယ် အလူမီနီယမ်အလွိုင်းခွေဖြစ်ပြီး နောက်ဘီးခွေကတော့ ၁၇ လက်မအရွယ်ပါ။ လမ်းအချိုး/အကွေ့တွေအတွက် စွမ်းဆောင်ရည်ကောင်းမွန်တဲ့ တာယာတွေ သုံးထားပါတယ်။

2018 Triumph Street Cup ရဲ့ အမြင့်က နောက်ကြည့်မှန်မပါရင် ၄၃ ဒသမ ၅ လက်မရှိပြီး ရှေ့နဲ့ နောက်ဝင်ရိုးအကြား အကွာအဝေး (Wheelbase) က ၅၆ ဒသမ ၅ လက်မ ရှိပါတယ်။ Rake ၂၄ ဒသမ ၃ ဒီဂရီ၊ Trail ၃ ဒသမ ၉ လက်မရှိတဲ့ အချိုးကြောင့် ဆိုင်ကယ်လက်ကိုင်ကို ထိန်းကျောင်းကိုင်တွယ်ရတာ လွယ်ကူပါတယ်။ မြေပြင်ကနေ ထိုင်ခုံအမြင့်(Seat Height) ၃ဝ ဒသမ ၇ လက်မရှိတာက အရပ်မြင့်သူတွေအတွက် ပြဿနာမရှိပေမဲ့ အရပ်နိမ့်သူတွေကျရင် အခက်တွေ့နိုင်ပါတယ်။ ဆီတိုင်ကီက ၃ ဒသမ၂ ဂါလန်ဆံ့ပြီး ဆီစားနှုန်းက တစ်ဂါလန်ကို ၈၇ ကီလိုမီတာဖြစ်လို့ ဆီအပြည့်ရှိရင် ကီလိုမီတာ ၂၇ဝ ကျော် ခရီးကို တောက်လျှောက်မောင်းနိုင်ပါတယ်။ Dry Weight က ပေါင် ၄၄ဝ ရှိပြီး အလေးချိန်ပေါ့ပါးတဲ့အတွက် ပြိုင်ဘီးတစ်စီးလို မောင်းလို့ရပါတယ်။ အရှိန်နှုန်း၊ ဂီယာအနေအထား၊ ဆီလက်ကျန်၊ အချိန်နာရီစတဲ့ အချက်အလက်တွေကိုကြည့်ရှုဖို့ အဝိုင်းပုံ Twin Clock အချက်ပြဒိုင်ခွက်တပ်ထားသလို လုံခြုံရေးကိရိယာပါတဲ့ သော့ပေါက်က သော့တုနဲ့ ဖွင့်လို့မရအောင် စီမံထားပါတယ်။ ရှေ့မီးအုံက ဆိုင်ကယ်စတိုင်လ်ကို အသက်ဝင်စေသလို ရှေ့မီးအုံပေါ်မှာ ကိုယ်ထည်အရောင်နဲ့ လိုက်ဖက်တဲ့ လေကာမှန် (Fly-Screen) ပါလို့ ခရီးဝေးမောင်းရင် လေတိုးဒဏ် သိပ်ခံရမှာမဟုတ်ပါ ဘူး။ နောက်ကြည့်မှန်တွေကို ဆိုင်ကယ်လက်ကိုင်အစွန်းမှာ တပ်ထားတာကလည်း တခြားဆိုင်ကယ်တွေနဲ့မတူတဲ့ ထူးခြားချက်ပါပဲ။ ထိုင်ခုံကို ကျည်ဆန်ပုံဖန်တီးပေးထားပြီး မောင်းသူနောက်ကနေ တခြားတစ်ယောက် ထိုင်စီးလို့လည်းရပါတယ်။ မောင်းသူတစ်ယောက်တည်းဆိုရင် ထိုင်ခုံနောက်ပိုင်းကို Seat Cowl နဲ့ အုပ်ထားနိုင်ပြီး နောက်ကစီးမယ့်သူရှိတဲ့အခါ လွယ်လွယ်ကူကူ ပြန်ဖြုတ်လို့ရပါတယ်။ Thruxton R စတိုင်လ်ခြေနင်းပြား၊ Fork Protector တို့ကိုလည်း ပြိုင်ဘီးပုံစံထွက်အောင် တပ်ထားပါတယ်။

2018 Triumph Street Cup ကို အသုံးပြုတဲ့အခါ ခါးမတ်ပြီး စီးရတဲ့ပုံစံ(Ergonomics) ဖြစ်အောင် ကိုယ်ထည်၊ လက်ကိုင်၊ ထိုင်ခုံတွေကို သေချာဖန်တီးပေးထားလို့ ယုံကြည်မှုအပြည့်နဲ့ ယာဉ်ကြောပိတ်နေချိန်မှာ မြွေလိမ်မြွေကောက် တိုးဝင်ကျော်ဖြတ်နိုင်မှာပါ။ လမ်းနဲ့ ဆိုင်ကယ်ဘီးတွေ ထိတွေ့မှုကို ထိန်းချုပ်ပေးတဲ့ Switchable Traction Control နည်းပညာက လုံခြုံစွာမောင်းနိုင်တဲ့ လိမ်လှည့်အားကို ထုတ်ပေးမှာဖြစ်လို့ မတော်တဆဖြစ်နိုင်ခြေ မရှိသလောက်ပါပဲ။ စိတ်ကြိုက် အရှိန်နှုန်းနဲ့ Switchable Traction Control ကို ပိတ်ထားလို့ ရပါတယ်။ Torque-Assist Clutch စနစ်ကလည်း ပေါ့ပေါ့ပါးပါး Clutch ချိန်းနိုင်အောင် ကူညီပေးသွားမှာပါ။ Triumph ကထုတ်တဲ့ Street Twin မိုဒယ်နဲ့ ဆင်တူပေမဲ့ စတိုင်လ်ပိုကျအောင် တည်ဆောက်ထားတဲ့ 2018 Triumph Street Cup ကို Racing Yellow / Silver Ice ၊ Jet Black / Silver Ice အရောင်နှစ်မျိုးထုတ်လုပ်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here