ပူပြင်းသည့်နွေရာသီတွင် ဆိုင်ကယ်စီးသူများသတိပြုရမည့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်

1192

ဒီရက်ပိုင်း တစ်နိုင်ငံလုံးနီးပါး တွေ့ကြုံနေရတာက နေ့အပူချိန်ပြင်းလွန်းမှုဖြစ်ပြီး မန္တလေး၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်အပါအဝင် ဒေသအများစုမှာ ရင်ဆိုင်အန်တုနေရသူတွေ များပြားလှပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလကဆို ကမ္ဘာ့သမိုင်းတစ်လျှောက် တတိယ အပူချိန်အမြင့်ဆုံးဖြစ်ခဲ့သလို အခု ၂ဝ၁၈ ခုနှစ်၊ ဧပြီလ စတုတ္ထပတ်အတွင်းဟာလည်း မြန်မာနိုင်ငံမှာ ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း လွန်ကဲအဆင့်မှာ  ရှိနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သူ့ရဲ့ Facebook စာမျက်နှာကနေ သတိပေးနှိုးဆော်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်ကဆိုရင် နေ့အပူချိန်တွေဟာ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှာ 26 °C-30 ° C ခန့်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက် ပိုင်း)၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ တနသင်ာ္ရီတိုင်းဒေသကြီးတို့မှာ 31 °C-35 °C ခန့်၊ ကျန်ဒေသတွေမှာ 36 °C-42 °C ခန့်ရှိနိုင်တယ်လို့ ဒေါက်တာထွန်းလွင်က ထပ်ပြီးသတိပေးထားပြန်ပါတယ်။

အခု ဧပြီလကုန်ပိုင်းဟာ နွေဦးကာလ ရောက်ရှိလာပြီဖြစ်တာကြောင့် ဘယ်သူမဆို ဆိုင်ကယ်အသုံးပြု သွားလာသူတိုင်း နွေရာသီမှာ အပြင်ထွက်ရင် ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို သတိထားသင့်လှပါတယ်။ ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကြောင့် နေလောင်တာ၊ အသားအရောင်  ညိုမည်းလာတာတွေဖြစ်စေနိုင်ပြီး ထိတွေ့မှုကြာလာတာနဲ့အမျှ မျက်စိတိမ်စွဲတာ၊ အရွယ်မတိုင်ခင် အရေပြားတွေ အိုမင်းရင့်ရော်တာ၊ ခုခံအားကျဆင်းတာ၊ အရေပြားကင်ဆာဖြစ်တာ စတဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ဆိုင်ကယ်စီးနင်းသူတွေ၊ ဆိုင်ကယ်ချစ်သူတွေအားလုံး ပူပြင်းတဲ့ နွေရာသီကာလမှာ ခရမ်းလွန်ရောင်ခြည်မသင့်ဖို့နဲ့ အပူဒဏ်ကို ဘယ်လိုကာကွယ်ရမယ်၊ အပူဒဏ်ကြောင့် ကျန်းမာရေး ချို့တဲ့မှုမရှိအောင် ကာကွယ်ပုံ ကာကွယ်နည်းစတာတွေကို လိုက်နာကျင့်သုံးနိုင်စေဖို့ ပြောပြပေးသွားပါ့မယ်။

မှန်ကာပါတဲ့ ဆိုင်ကယ်ဦးထုပ်နှင့် မျက်မှန်၏ အရေးပါမှု

ဆိုင်ကယ်စီးတိုင်း အသက်အန္တရာယ်မထိခိုက်ဖို့ဆိုရင် အရည်အသွေး ပြည့်မီစိတ်ချရတဲ့ ဆိုင်ကယ်ဦးထုပ်ဆောင်းရမယ်ဆိုတာ သင်အပါအဝင် လူတိုင်းသိရှိထားပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ အခုနွေရာသီမှာတော့ အပြင်ထွက်တိုင်း ဆိုင်ကယ်ဦးထုပ်ဆောင်းတဲ့အခါမှာ အရည်အသွေးပြည့်မီရုံတင်မကဘဲ မှန်ကာပါတဲ့ ဆိုင်ကယ်ဦးထုပ်ကို ဆောင်းစေချင်ပါတယ်။ မှန်ကာပါရှိခြင်းက သင့်မျက်နှာအသားအရေ နေလောင်ဒဏ်ကို ကာကွယ်ပေးနိုင်သလို လေထုထဲက ဖုန်မှုန့်၊ အမှိုက်သရိုက်တွေ သင့်မျက်နှာပေါ် ထိတွေ့လာနိုင်မှုကိုလည်း ကာကွယ်ပြီးသားဖြစ်ပါတယ်။ ဒါကြောင့် နွေရာသီမှာ ဆိုင်ကယ်နဲ့အပြင်ထွက်ရင် မှန်ကာပါတဲ့ ဆိုင်ကယ်ဦးထုပ်ကို ဆောင်းခြင်းဟာ သင့်အလှတရားနဲ့ ခရမ်းလွန်ရောင်ခြည် အန္တရာယ်ကို ကြိုတင်ကာကွယ်ထားပြီး ဖြစ်စေမှာပါ။ ဒါပေမဲ့ ဆိုင်ကယ်ဦးထုပ်မှန်ဟာလည်း မှန်အကြည်ထက် မှန်အနက်၊ ဒါမှမဟုတ် Polarized ပါတဲ့ မှန် အမျိုးအစားဖြစ်ရင် ပိုကောင်းပါတယ်။ အဲဒီလိုပဲ သင့်မှာ မှန်ကာပါတဲ့ ဆိုင်ကယ်ဦးထုပ်မရှိခဲ့ဘူးဆိုရင်တော့ ခရမ်းလွန်ရောင်ခြည်ကို ၉၉ ရာ ခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်ကို တပ်ဆင်သင့်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာ မျက်စိကို အလွယ်တကူ ထိခိုက်စေနိုင်တာကြောင့် အပြင်ထွက်တိုင်း နေကာမျက်မှန်တပ်ဆင်သင့်သလို မနက် ၁ဝ နာရီကနေ ညနေ ၄ နာရီအတွင်း နေရောင်ခြည် တိုက်ရိုက်ထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်တိမ်းနိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။

မှန်ကန်သော ဝတ်စားဆင်ယင်မှုနှင့် ကာကွယ်နည်း

မှန်ကန်သင့်လျော်တဲ့ ဝတ်စားဆင်ယင်မှုက  မော်တော်ဆိုင်ကယ် မတော်တဆထိခိုက်မှုဖြစ်သည့်တိုင်အောင် အတိုင်းအတာတစ်ရပ်အထိ ဆိုင်ကယ်မောင်းသူနဲ့ စီးသူတို့ကို များစွာအကာအကွယ်ပေးနိုင်ပါတယ်။ အခုလို နွေရာသီမျိုးမှာဆိုရင် အကျÐလက်တို၊ ဘောင်းဘီတိုရှော့ပင် ဝတ်ဆင်ပြီး ဆိုင်ကယ်နဲ့အပြင်သွားလာတာထက် အကျင်ီ္လက်ရှည်၊ ဘောင်းဘီရှည်ဝတ်ဆင်ပြီး သွားလာတာက နေလောင်ဒဏ်ကို ကာကွယ်ပေးနိုင်မှာပါ။ ခရမ်းလွန်ရောင်ခြည် အလွယ်တကူမဖောက်နိုင်တဲ့ ချည်သား ထူထူပွပွ အဝတ်အထည်တွေကို ဝတ်ဆင်မယ်ဆိုရင်တော့ စိတ်အချရဆုံးဖြစ်ပါတယ်။

နောက်တစ်ချက်က ဆိုင်ကယ်နဲ့အပြင်ထွက်တဲ့အခါတိုင်း လည်ပင်းနဲ့ ပခုံးတို့ပါ နေရောင်ခြည်မထိတွေ့အောင် အကာအကွယ်တစ်ခုခု ဝတ်ဆင်အသုံးပြုဖို့လိုသလို လက်၊ လည်ပင်းနဲ့ ပခုံးစတဲ့ နေရာတွေကိုလည်း သနပ်ခါးထူထူ (သို့) SPF 15+ ပါဝင်တဲ့ နေရောင်ခံလိမ်းဆေးကို နေရောင်ခြည်ထဲကမထွက်မီ ၁၅ မိနစ်လောက် ကြိုလိမ်းဖို့လိုပါတယ်။ နေရောင်ခံလိမ်းဆေးကိုလည်း တစ်ခါလိမ်းပြီး နှစ်နာရီကြာပြီးတိုင်း တစ်ခါထပ်ပြီး လိမ်းပေးမယ်ဆိုရင်တော့ အပူဒဏ်ကာကွယ်နိုင်ဖို့ စိတ်အချရဆုံးပဲဖြစ်ပါတယ်။

ဖိနပ်နှင့် လက်ကာ

နွေရာသီဟာ ပူပြင်းလှတဲ့ အပူရှိန်ကြောင့် ဆိုင်ကယ်စီးတိုင်း ခရီးနီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ လက်မှာချွေးစေးထွက်တာတွေ လူတိုင်း ကြုံဖူးကြပါလိမ့်မယ်။ အဲဒီလို ချွေးစေးထွက်တာတွေကြောင့် အများစုက လက်ဖမိုးကို နေရောင်ခြည်ကာကွယ်လိုသော်ငြားလည်း လက်အိတ်မဝတ်ဆင်ချင်ကြပါဘူး။ ဒါကြောင့် အခုနွေရာသီကာလမှာ ခေတ်စားနေတဲ့ လက်ကိုင်တန်းမှာ တပ်ဆင်အသုံးပြုရတဲ့ လက်ကာလေးတွေကို တပ်ဆင် အသုံးပြုစေချင်ပါတယ်။ ဖန်စီအလှ လက်ကာလေးတွေဟာ စျေးနှုန်းအနေနဲ့လည်း အနည်းငယ်ပဲရှိတာကြောင့် သင့်လက်အပူဒဏ်ကို အများကြီး ကာကွယ်ပေးထားစေမှာ ဖြစ်ပါတယ်။

အဲဒီလိုပဲ ဖိနပ်လည်း ခြေညှပ်ဖိနပ်ကို ဝတ်ဆင်တာထက် လေဝင်၊ လေထွက်ကောင်းပြီး ချောင်ချောင်ချိချိဖြစ်စေမဲ့ ဆန်ခါပေါက်ပါတဲ့ နွေရာသီစီး ရှူးဖိနပ်၊ ဒါမှမဟုတ် Half Shoe တို့ကို ဝတ်ဆင်စေချင်ပါတယ်။ ဒါမှလည်း သင့်ခြေထောက် နေလောင်ဒဏ်က ကာကွယ်ပေးနိုင်မှာဖြစ်သလို သာမန်ဆိုင်ကယ်လဲတဲ့အခါတွေမှာလည်း ပွန်းပဲ့ဒဏ်ကနေ ကာကွယ်ပေးစေမှာ ဖြစ်ပါတယ်။

ရေသန့်ဘူးနှင့် ဓာတ်ဆားရည်

လူတစ်ဦးမှာ ၇ဝ ရာခိုင်နှုန်း ရေဓာတ်လိုအပ်တာကြောင့် လူတိုင်း တစ်နေ့ကို အနည်းဆုံး နှစ်လီတာ ရေသန့်ဘူး နှစ်ဘူးသောက်ရမယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပေမဲ့ အခုလိုနွေရာသီမှာတော့ ရေနှစ်လီတာ သောက်ရုံနဲ့ မလုံလောက်တော့ပါဘူး။ ကျန်းမာရေးလိုက်စားသူတွေရဲ့ အဆိုအရ အခုလို နွေရာသီမှာ ရေသန့်ဘူးနဲ့ လေးလီတာသောက်သုံးရမယ် လို့ ဆိုကြပါတယ်။ ရေဓာတ်ဆုံးရှုံးခြင်းကြောင့် ဝမ်းမမှန်တာ၊ ခေါင်းမူးတာ၊ အသားအရေခြောက်သွေ့တာ စတဲ့ ပုံမှန်ရှိရမယ့်အနေအထားထက် ဆန့်ကျင်တဲ့ လက္ခဏာတွေ၊ မကျန်းမာတာတွေ၊ အားအင်ချို့တဲ့တာတွေ စတာတွေ ဖြစ်ပေါ်လာနိုင်စေပါတယ်။

ဒါကြောင့် လူတစ်ဦးဟာ နေ့တိုင်းအိပ်ရာထချိန်ကစလို့ အိပ်ရာဝင်တဲ့အထိ ရေဓာတ်ဖြည့်ပေးဖို့ လိုအပ်တာကြောင့် အခုလိုနွေရာသီမှာ ဆိုင်ကယ်နဲ့အပြင်ထွက်တိုင်း ရေသန့်ဘူး မဖြစ်မနေယူဆောင်သွားဖို့ အရေးကြီးသလို နေ့တိုင်း ဓာတ်ဆားရည် သောက်သုံးပေးဖို့လည်း လိုအပ်ပါတယ်။

ရောဂါအခံရှိသူများနှင့် ကလေးငယ်များ ပိုမိုသတိပြုဖို့လိုအပ်

ဆီးချိုရောဂါ၊ နှလုံးရောဂါရှိသူတွေ၊ အရက်အလွန်အကျွံ သောက်သုံးသူတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးဘိုးဘွားတွေဟာ ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို တခြားသာမန်လူတွေထက် ပိုပြီးခံစားရနိုင်တာကြောင့် ဆိုင်ကယ်နဲ့အပြင်ထွက်တိုင်း ပိုဂရုစိုက်ဖို့ လိုပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ အချက်တွေအတိုင်း လိုက်နာကျင့်သုံးမယ်ဆိုရင် အခုလိုနွေရာသီကာလမှာ ဘယ်ခရီးပဲသွားသွား သင့်အသားအရေ၊ သင့်အလှတရား ထိန်းသိမ်းကာကွယ်ပြီးသားဖြစ်စေနိုင်သလို ခရမ်းလွန်ရောင်ခြည်အန္တရာယ် မထိတွေ့မိဖို့ ကြိုတင်ကာကွယ်ပြီးသားလည်း ဖြစ်စေပါတယ်။ ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ဆေးစွမ်းပိုထက်သလို သင့်အတွက် ငွေကုန်ကြေးကျလည်း များစွာသက်သာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆိုင်ကယ်စီးရင်း ခရမ်းလွန်ရောင်ခြည်အန္တရာယ်မထိတွေ့စေဖို့ ကြိုတင်ကာကွယ်မှုတွေလုပ်ရင်း ဂရုပြုကြပါစို့။

LEAVE A REPLY

Please enter your comment!
Please enter your name here