ပါရမီထူးချွန်တဲ့ တီထွင်သူ အမေရိကန်နိုင်ငံသား James V.Martin ဟာ မော်တော်ကားနဲ့ လေယာဉ်ပျံဒီဇိုင်းတွေကို နှစ်ပေါင်းများစွာအချိန်ယူပြီး ဖန်တီးပြသခဲ့သလို သူ့လက်ရာတွေကို အမြောက်အမြားထုတ်လုပ်ရောင်းချ ဖို့လည်း ကြိုးစားခဲ့သူပါ။ James V.Martin ဖန်တီးခဲ့တဲ့ တီထွင်မှုတွေက Martin Scootmobile(1922) ၊ Martin Dart(1929) ၊ Martin Aerodynamic(1932) နဲ့ Martin Martinette(1948) တို့ဖြစ်ပြီး သူ့ရဲ့ နောက်ဆုံးလက်ရာက ၁၉၅ဝ ပြည့်နှစ်မှာတီထွင်ခဲ့တဲ့ Martin Stationette ဖြစ်ပါတယ်။ Station Wagon ကားစတိုင်လ်ရှိတဲ့ Martin Stationette ကို တစ်စီးလုံးနီးပါး Mapel ၊ Spruce နဲ့ တခြားသစ်သားတွေ အသုံးပြု တည်ဆောက်ထားပြီး ကျန်စက်ပစ္စည်းအစိတ်အပိုင်းတွေက Harley-Davidson ၊ Studebaker နဲ့ Chevrolet ယာဉ်အမျိုးမျိုးဆီက ယူသုံး ထားတာပါ။ အင်ဂျင်က Water Cooled အအေး ပေးစနစ် သုံးထားတဲ့ ဆလင်ဒါလေးလုံးထိုး Hercules ဖြစ်ပြီး ကားအနောက်မှာ တပ် ထားပါတယ်။ နောက် ဘီးယက်စနစ်နဲ့ မောင်းနှင် ရတာဖြစ်ပြီး 3 Speed Manual ဂီယာနဲ့ တွဲသုံးရမှာ ဖြစ် ပါတယ်။ ကားအတွင်းမှာ စတီယာရင်လက်ကိုင်ကို ကိုင်တွယ်ထိန်းသိမ်း ရလွယ်တဲ့ အနေအထားမျိုး တပ်ပေးထားပြီး သစ်သားဒက်ရှ်ဘုတ်ပေါ်မှာ အချက်ပြဒိုင်ခွက်တွေ ပါဝင်ပါတယ်။ အမြင့်ဆုံး မောင်းနိုင်တဲ့နှုန်းက တစ်နာရီကို မိုင် ခြောက်ဆယ်နှုန်း ရှိပါတယ်။
Martin Stationette မှာ လူသုံးယောက် လိုက်ပါစီးနင်းနိုင်တဲ့ ထိုင်ခုံ တွေ တပ်ထားပြီး ရှေ့မှာ နှစ်ယောက်၊ နောက်မှာ တစ်ယောက် စီးလို့ရ ပါတယ်။ ရှေ့ထိုင်ခုံတွေက အသုံးမပြုတဲ့အချိန် အပေါ်လှန်တင်ထားနိုင်လို့ အဝင်/အထွက်လုပ်ရတာ လွယ်ကူစေပြီး ကားတံခါးကို ရှေ့ဘက်မှာပဲ ထည့်ပေးထားပါတယ်။ သုံးဘီးကားအမျိုးအစားဖြစ်တဲ့ Martin Stationette ရဲ့ ထူးခြားချက်က ပုံမှန်ကားအစိတ်အပိုင်းတွေဖြစ်တဲ့ ရှေ့နဲ့ နောက်ဘီးဝင်ရိုး၊ Shock Absorbers နဲ့ အင်ဂျင်ကနေ ကားဘီးတွေဆီ စွမ်းအင်ပို့လွတ်ပေးတဲ့ Propeller Shaft တို့ မပါဝင်တာပါပဲ။ တီထွင်သူ James V.Martin က ကုန်ကျစရိတ်သက်သာအောင Martin Stationette မှာ ဘီးဝင်ရိုး၊ Shock Absorbers နဲ့ Propeller Shaft တို့ မထည့် သွင်းဘဲ Single Chain Drive စနစ်နဲ့မောင်းဖို့ ဖန်တီးတည်ဆောက်ခဲ့တာပါ။ ယာဉ်ကြောကျပ်တဲ့မြို့ပြလမ်းတွေမှာ အကောင်းဆုံးသုံးစွဲနိုင်အောင် တီထွင် ခဲ့တဲ့ Martin Stationette ဟာ ‘America’s Economy Car of the Future’ လို့ သတ်မှတ်ခံရပြီး ပိုက်ဆံစိုက်ထုတ်ပေးမယ့်သူတွေ့အော James V.Martin ရှာဖွေခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ အဲဒါကြောင့် James V.Martin ရဲ့ ကနဦးကားဒီဇိုင်းနှစ်ခုဖြစ်တဲ့ Martin Aerodynamic ၊ Martin Martinette တို့လိုမျိုး Martin Stationette ဟာ တစ်စီးတည်းထုတ်လုပ်ပြီး ရပ်တန့်သွားခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၉၉၅ဒေါ်လာနဲ့ ရောင်းချဖို့ကြိုးစားခဲ့တဲ့ Martin Stationette ကို1954 World Motor Sports Show မှာ ပြသခဲ့စဉ်က Grand Prize ဆု ချီးမြှင့်ခံခဲ့ရ ပါတယ်။