ပုံမှန်ငွေမသွင်းသူများပြားခြင်းကြောင့် မန္တလေးမြို့ရှိ အရစ်ကျရောင်းချသည့် ဆိုင်ကယ်အရောင်းပြခန်းအချို့ ရပ်နား

925

မန္တလေး၊မေ

မန္တလေးမြို့တော်တွင် ဆိုင်ကယ်အရစ်ကျစနစ်ကို Micro Finance ကုမ္ပဏီများနှင့်ပူးပေါင်း၍ဆိုင်ကယ်အရောင်းပြခန်းအများစု အရစ်ကျ ရောင်းချပေးလေ့ရှိသော်လည်း ယခုအခါ ပုံမှန်ငွေလာမသွင်းသူများပြားခြင်းကြောင့် အရောင်းပြခန်းအချို့ အရစ်ကျရောင်းချမှု ရပ်နားမှုများရှိလာကြောင်း ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ကိုင်နေသူများထံမှ သိရသည်။

”အရစ်ကျစနစ်ရောင်းချတဲ့အခါမှာ Micro Finance ကုမ္ပဏီတစ်ခုနဲ့လည်း ချိတ်ဆက်ရောင်းသလို ကိုယ်တိုင်လည်း အရစ်ကျ ရောင်းပေးတယ်၊အရစ်ကျလာဝယ်တုန်းကတော့ အထောက်အထားအစုံပါပေမယ့် နောက်ပိုင်းငွေ ပုံမှန်လာမသွင်းကြတာများလာတယ်၊ ငွေပုံမှန်လာမသွင်းတော့ နောက်ပိုင်းလိုက်တောင်းရတဲ့အခါ မှာ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်တဲ့အထိပါ ရှိလာတယ်၊ ဒါကြောင့် လောလောဆယ် အရစ်ကျရောင်းချမှုကို ယာယီရပ်ဆိုင်းထားတယ်”ဟု မန္တလေးမြို့ Kenbo ဆိုင်ကယ်အရောင်းပြခန်းမှ အရောင်းတာဝန်ခံ ကိုအောင်ထိုက် က ပြောသည်။

မန္တလေးမြို့တော်မှာ ဆိုင်ကယ်မြို့တော်ဖြစ်သည့်အလျောက် ဆိုင်ကယ်ဆိုင်များလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာပြီး စျေးကွက်ယှဉ်ပြိုင်မှုအရအရစ်ကျရောင်းချမှုပါ တွင်ကျယ်လာကြောင်း၊ ထိုသို့အရစ်ကျရောင်းချရာတွင်လည်း တရုတ်ဆိုင်ကယ်များသာ ယင်းစနစ်ဖြင့်ရောင်းချမှုများပြားပြီး အိန္ဒိယနှင့်ထိုင်းဆိုင်ကယ်များကို အရစ်ကျရောင်းချသူ အလွန်နည်းပါးကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။

”အခု အရစ်ကျစနစ်နဲ့ ဆိုင်ကယ်ရောင်းတဲ့ကုမ္ပဏီအချို့ ရပ်သွားတဲ့ထဲမှာ တရုတ်ဆိုင်ကယ်ဆိုင်တွေပါသလို ထိုင်းဆိုင်ကယ်ရောင်းတဲ့ဆိုင်တွေလည်းပါတယ်၊ အရစ်ကျနဲ့ရောင်းတာက လက်ငင်းရောင်းချတာထက် အမြတ်ပိုများပေမယ့်လစဉ်ငွေပုံမှန်မသွင်းရင် အဆင်မပြေတာတွေ အများကြီး ကြုံရတယ်၊အရင်က ကိုယ့်ဆိုင်ကနေ တိုက်ရိုက်အရစ်ကျရောင်းချပေးနေတဲ့သူတွေလည်း တစ်ချို့ အခုရပ်ကုန်ကြပြီ၊ တစ်ချို့ကျတော့လည်း အရစ်ကျဆို ကိုယ်တိုင်မရောင်းတော့ဘဲ Micro Finance ကုမ္ပဏီတွေနဲ့ ချိတ်ကြတဲ့သူတွေလည်းရှိတယ်”ဟု မန္တလေးမြို့ခံ ဝါရင့်ဆိုင်ကယ် ဝယ်/ရောင်း တစ်ဦးက ဆိုသည်။

ထိုသို့ အရစ်ကျရောင်းချမှုရပ်နားလိုက်ခြင်းကြောင့် ဆိုင်ကယ်ရောင်းအား ၃၅ ရာခိုင်နှုန်းခန့်ကျဆင်းသွားသော်လည်း တစ်ဖက်တွင် ငွေလိုက်မတောင်းရသည့်အတွက် စိတ်အေးရကြောင်း အရစ်ကျစနစ်ရပ်နားသွားသောကုမ္ပဏီအချို့ က ပြောသည်။

”အရစ်ကျစနစ်နဲ့ရောင်းတာက ငွေတော်တော်လေးအောင်းတယ်၊ ကြာတော့ လုပ်ငန်းချဲ့ထွင်ဖို့ မှာ နှောင့်နှေးရတဲ့အတွက်အရစ်ကျရောင်းချတာကို လောလောဆယ် ရပ်ထားတယ်၊ အဲဒီလို အရစ်ကျ ရောင်းတာ ရပ်လိုက်တော့ရောင်းအားက သိသိသာသာကြီးတော့ ပြောင်းသွားတာမရှိပါဘူး၊ ၃၅ ရာ ခိုင်နှုန်းလောက်တော့ ကျသွားမှာပေါ့”ဟု မန္တလေးမြို့ခံဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦး က ဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here