ပုပ်သိုးလွယ်သော ကုန်ပစ္စည်းများတင်ဆောင်သည့် ကုန်တင်ကားများ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ဦးစားပေးစစ်ဆေးမည်

69

 

မန္တလေး၊ အောက်တိုဘာ ၂၆

မန္တလေးတိုင်းဒေသကြီးအဝင် စစ်ဆေးရေးဂိတ်များတွင် Covid-19 ပိုးရှိမရှိ Test Kit ဖြင့် စစ်ဆေးပေးရာတွင် ပုပ်သိုးလွယ်သော ကုန်ပစ္စည်းများတင်ဆောင်သည့် ကုန်တင်ကားများ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ဦးစားပေး စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) မှ သိရသည်။

“အဓိကကတော့ ပုပ်သိုးလွယ်တဲ့ကုန်ပစ္စည်းတွေက အချိန်ကြာရင် ပျက်စီးဆုံးရှုံးနိုင်ခြေများတဲ့အတွက် ဦးစားပေးစစ်ဆေးသွားမှာပါ၊ တခြားကုန်ကားတွေကတော့ ဒုတိယဦးစားပေးပေါ့” ဟု အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအဝင် စစ်ဆေးရေးဂိတ်များတွင် ကုန်တင်ယာဉ်များကို အစဉ်လိုက်စစ်ဆေးပေးရာ၌ ပုပ်သိုးလွယ်သော ကုန်ပစ္စည်းများနှင့် သေဆုံးပျက်စီးလွယ်သော ငါး၊ ပုစွန်၊ ကဏန်း၊ ကြက်ပေါက်၊ ဆိတ်၊ ဝက်၊ နွား၊ ပန်းမန်နှင့် သီးနှံများ အစရှိသည့် ကုန်ပစ္စည်းများမှာ ပျက်စီးဆုံးရှုံးမှုရှိနိုင်သဖြင့် အဆိုပါပစ္စည်းတင်ဆောင်လာသည့် ကုန်တင်ကားများမှာ ပထမဦးစားပေး စစ်ဆေးခံခွင့်ရရှိမည်ဖြစ်ကြောင်း၊ ၊ အဆိုပါညွှန်ကြားချက်ကို မန္တလေးတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ခရိုင်ဦးစီးမှူးများနှင့် ခရိုင်အလိုက် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအားလုံးထံသို့ ညွှန်ကြားထားမှုကို ကုန်တင်ယာဉ်ပိုင်ရှင်များ၊ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ သိရှိစေရန် ထပ်မံကြေညာပေးခြင်းဖြစ်ကြောင်း MRCCI မှ သိရသည်။

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးသို့ ဝင်ရောက်နေသော နေရာ ၁၂ နေရာတွင် စစ်ဆေးရေးဂိတ်စခန်း ၁၂ ခု ဖွင့်လှစ်ထားပြီး ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို Test Kit ဖြင့် စစ်ဆေးပေးလျက်ရှိရာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် တစ်ရာတွင် လေးဦး ပိုးတွေ့ရှိကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here