ပုပ်ရဟန်းမင်းကြီး  Francis ၏ အထူးသီးသန့် Lamborghini Huracan ပြိုင်ကားကို ယူရိုခုနစ်သိန်းကျော်ဖြင့် လေလံတင်ရောင်းချခဲ့

580

ပုပ်ရဟန်းမင်းကြီး Pope Francis ကိုယ်တိုင် လက်မှတ်ရေးထားသော အထူးသီးသန့် Lamborghini Huracan Coupe ပြိုင်ကားကို ယူရို ၇၁၅,ဝဝဝ ဖြင့် လေလံတင် ရောင်းချခဲ့ကြောင်းနှင့် အဆိုပါ လေလံတင်ရာမှ ရရှိလာသည့်ဝင်ငွေများကို ပုပ်ရဟန်းမင်းကြီးထံသို့ တိုက်ရိုက်လှူဒါန်းသွားမည် ဖြစ်ကြောင်း မေ ၁၃ ရက်တွင် CarAndBike ဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။

တစ်စီးတည်းသာ ထုတ်လုပ်ခဲ့သည့် အဆိုပါ Huracan အထူးသီးသန့်ပြိုင်ကားကို Lamborghini ပြိုင်ကားကုမ္ပဏီက ပုပ်ရဟန်းမင်းကြီးအတွက် အထူးစီမံတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယမန်နှစ်၊ နိုဝင်ဘာလက ဗာတီကန်စီးတီးတွင် ပုပ်ရဟန်းမင်းကြီးသို့ လက်ဆောင်အဖြစ်ပေးအပ်ခဲ့သည်။ အထက်ပါလေလံပွဲကို ရှားပါးခေတ်ဟောင်းပစ္စည်းများ လေလံတင်ရာ၌ နာမည်ကြီးသည့် RM Sotheby က ဦးစီး၍ မေ ၁၂ ရက်က Monte Carlo ရှိ Grimaldi Forum တွင် ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်သည်။ ယင်းလေလံပွဲတွင် Top 10 ဝင်ခဲ့သည့် ပုပ်ရဟန်းမင်းကြီးပိုင် Huracan ပြိုင်ကားမှာ အဖြူရောင်ကိုယ်ထည်ရှိပြီး ဗာတီကန်စီးတီးအလံ၏ အရောင်အသွေးအတိုင်း အဝါရောင်အစင်းလိုင်းများကို ရောစပ်ဆေးခြယ်ထားသည်။ အထူးခြားဆုံးအချက်မှာ ကားရှေ့စက်ဖုံးပေါ်တွင် ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင်လက်မှတ်ရေးထိုးပေးထားခြင်းဖြစ်သည်။

ကား၏ စက်စွမ်းရည်ပိုင်းတွင် သမားရိုးကျ Lamborghini Huracan ကားများနှင့် ကွာခြားမှုမရှိသည့် မြင်းကောင်ရေ ၅၇၆ ကောင် အား 5.2 Liter V10 အင်ဂျင်ကို Dual-Clutch ဂီယာခုနစ်ချက်ဖြင့် တွဲဖက်တပ်ဆင်ပေးထားသည်။ ယင်းကားကို လေလံတင်ပြီး ရရှိလာသည့် ဝင်ငွေအားလုံးကို သာသနာရေးစီမံကိန်းအသီးသီးသို့ ရန်ပုံငွေ ခွဲဝေပေးမည့် ပုပ်ရဟန်းမင်းကြီးထံသို့ တိုက်ရိုက်လှူဒါန်းသွားမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းများတွင် လူနေအိမ်များနှင့် ဘုရားဝတ်ပြုစရာနေရာများ တည်ဆောက်ရမည့် အီရတ်မှ Nineveh Plain မြို့တော် ပြန်လည်တည်ဆောက်ရေးလည်း ပါဝင်သည်။

Ref : CarAndBike

LEAVE A REPLY

Please enter your comment!
Please enter your name here