ရန်ကုန်၊ ဧပြီ
ကိုယ်ရကိုယ်ယူစနစ်၊ ပုတ်ပြတ် စနစ်ဖြင့် ပြေးဆွဲနေသည့် YBS ဘတ်စ်များကို ယခု ၂ဝ၁၈ ခုနှစ်အတွင်း အပြီးဖျက်သိမ်းမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့သည်။
YBS စနစ်တွင် ပြေးဆွဲမည့် ယာဉ်များအားလုံးသည် ပြည်သူကို ဝန်ဆောင်မှုပေးနိုင်သည့် အများပိုင်စနစ်ဖြင့်သာ ပြေးဆွဲရမည်ဖြစ်သော်လည်း ပုတ်ပြတ်စနစ်၊ ကိုယ်ရ ကိုယ်ယူစနစ်ဖြင့် ပြေးဆွဲနေသည့်ယာဉ်များ ရှိနေသေးသည့်အတွက် ယခုနှစ်အတွင်း အပြီးဖျက်သိမ်းမည် ဖြစ်ကြောင်း သိရသည်။
”ပုတ်ပြတ်စနစ်၊ ကိုယ်ရကိုယ်ယူစနစ်နဲ့ ပြေးနေတဲ့ကားတွေအားလုံးကို ဒီနှစ်အတွင်းမှာ အပြီးဖျက်သိမ်းပြီး ဘုံစနစ် ပြောင်းလဲမယ်၊ နောက်ပြီး အများပိုင်အဖြစ် ပြောင်းလဲမယ်”ဟု ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က လူထုမိတ်ဆွေ အများပိုင်ကုမ္ပဏီ ယာဉ်လိုင်းအသစ် ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။
တစ်ဦးပိုင် ယာဉ်ပိုင်ရှင်များကြောင့် ယခုကဲ့သို့ ပုတ်ပြတ်စနစ်၊ ကိုယ်ရကိုယ်ယူစနစ်များ ဖြစ်ပေါ် နေရခြင်း ဖြစ်ပြီး အပြိုင်အဆိုင် မောင်းနှင်ခြင်း၊ ယာဉ်စီးခ ပိုမိုကောက်ခံခြင်း၊ သတ်မှတ်ချိန်အတိုင်း မပြေးဆွဲခြင်းများလည်း ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် YBS ယာဉ်များ အားလုံး စနစ်တစ်ခုဖြင့် တစ်ပြေးညီ ပြေးဆွဲနိုင်ရန် ပုတ်ပြတ်စနစ်၊ ကိုယ်ရကိုယ်ယူစနစ်ကို ယခုနှစ်အတွင်း အပြီးတိုင်ဖျက်သိမ်း၍ ဘုံစနစ်ဖွဲ့ စည်းမည်ဖြစ်ပြီး ထိုမှတစ်ဆင့် အများပိုင်အဖြစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။
YBS ယာဉ်လိုင်းတွင် ယာဉ်လိုင်းပေါင်း ကိုးဆယ်ကျော် ယာဉ်အစီးရေငါးထောင် ဝန်းကျင်ဖြင့် ပြေးဆွဲနေပြီး တစ်ဦးပိုင်ယာဉ်အစီး တစ်ထောင်ဝန်းကျင် ကျန်ရှိနေသေးကြောင်း သိရသည်။
ကြည်ပြာ