ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ခွင့်ပေးလိုက်ပြီဖြစ်၍ လုပ်ငန်းသုံးယာဉ်များ ယခင်အတိုင်း ပြန်လည်ကြပ်မတ်နေသည့်အပြင် ကျန်းမာရေးစစ်ဆေးကြပ်မတ်မှုများပါ ဆောင်ရွက်နေ

65

 

မန္တလေး၊ မေ ၂၂

မန္တလေးမြို့တွင် ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းများ မေ ၁၈ ရက်မှစ၍ ပြန်လည်လုပ်ကိုင်ခွင့်ပေးလိုက်ပြီဖြစ်၍ ရပ်နားထားရသော အုတ်၊ ထုံး၊ သဲ၊ ကျောက် စသည့် လုပ်ငန်းသုံးယာဉ်များကို ယခင်အတိုင်း ပြန်လည်ကြပ်မတ်နေသည့်အပြင် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ကျန်းမာရေးစစ်ဆေးကြပ်မတ်မှုများပါ ဆောင်ရွက်နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနမှ သိရသည်။

“Covid-19 ဖြစ်တော့ လုပ်ငန်းတွေရပ်နားထားရတဲ့အခါ ဆောက်လုပ်ရေးလုပ်ငန်းတွေလည်းပါတယ်၊ ဆောက်လုပ်ရေးလုပ်ငန်းတွေရပ်နားရတော့ လုပ်ငန်းသုံးယာဉ်တွေပါ ရပ်နားရတာပေါ့၊ အခု ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ခွင့်ပေးလိုက်ပြီဖြစ်တဲ့အတွက် လုပ်ငန်းသုံးယာဉ်တွေလည်း ပြန်လည်သွားလာနေပြီဖြစ်လို့ မြို့ထဲမှာ အရင်လိုပဲ စည်းကမ်းနဲ့မညီတဲ့ ယာဉ်တွေကို စအရေးယူနေပြီ၊ ပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွှန်ထားတဲ့အတိုင်း ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို Mask တပ်မတပ်နဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေအတိုင်း လုပ်မလုပ် စတာတွေပါ ကြပ်မတ်ဖြစ်ပါတယ်” ဟု အဆိုပါဌာနမှ ဌာနခွဲမှူး ဦးအေးလွင်က ပြောကြားသည်။

မန္တလေးမြို့အတွင်း ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းများအနေဖြင့် ပြန်လည်လုပ်ကိုင်ခွင့်ပေးရာတွင် Covid-19 ရောဂါအကြောင်း အသိပညာပေးပိုစတာများကို လုပ်ငန်းခွင်အတွင်း အများမြင်သာသည့်နေရာများတွင် ကပ်ထားရန်၊ လုပ်ငန်းဆောင်ရွက်ရာတွင် တစ်ဦးနှင့်တစ်ဦး သုံးပေမှ ခြောက်ပေအတွင်း အကွာအဝေးထား၍ နေကြရန်၊ အလုပ်သမားတိုင်း Mask တပ်ကြရန်၊ အလုပ်သမားတိုင်း လုပ်ငန်းခွင်မဝင်ရောက်မီ၊ ထမင်းစားမသွားမီ ထမင်စားပြီးနှင့် တစ်နေ့တာ အလုပ်သိမ်းချိန်တို့တွင် စက္ကန့် နှစ်ဆယ်ခန့် ဆပ်ပြာဖြင့် လက်ဆေးခြင်း ဆောင်ရွက်ကြရန်နှင့် Hand Sanitizer များပါ ထားရှိရန် ညွှန်ကြားထားကြောင်း၊ ထို့ပြင် အုတ်၊ ထုံး၊ သဲ၊ ကျောက် စသည့် လုပ်ငန်းသုံးယာဉ်မောင်းနှင်သူများပါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ကြရန် ညွှန်ကြားထားပြီး လုပ်ငန်းခွင်မဝင်မီ Non-touch Thermometer ဖြင့် အပူချိန်တိုင်းဆောင်ရွက်ကာ သတ်မှတ်ကိုယ်အပူချိန် (37*C / 98.6*F ) ထက် ကျော်လွန်နေပါက လုပ်ငန်းခွင်အတွင်း ဝင်ရောက်မှုမပြုလုပ်စေရန် ညွှန်ကြားထားကြောင်း မန္တလေးမြိ့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

“တည်ဆောက်ရေးဘက်မှာလည်း လိုက်နာလုပ်ဆောင်ရမယ့် စည်းကမ်းချက်တွေ ညွှန်ကြားထားတယ်၊ လိုက်နာမှုမရှိတဲ့သူတွေကို အဆင့်ဆင့်အရေးယူတာတွေရှိမှာပေါ့၊ လုပ်ငန်းတွေကားတွေဘက်မှာတော့ အဓိက လမ်းကြောင်းမလျှောက်ထားတဲ့ သုံးတန်အထက်မဝင်ရလမ်းတွေမှာ ဝင်တဲ့ယာဉ်တွေကို အရေးယူဖြစ်တယ်၊ အဲဒီလိုပဲ လမ်းကြောင်းလျှောက်ထားပေမဲ့ အုတ်၊ ထုံး၊ သဲ၊ ကျောက်သယ်တဲ့နေရာမှာ သတ်မှတ်စည်းကမ်းချက်တွေ ကြိုတင်ပြောထားတယ်၊ အဲဒီသတ်မှတ်စည်းကမ်းတွေ မလိုက်နာတဲ့ယာဉ်တွေကိုလည်း အရေးယူဖြစ်တယ်” ဟု အခွန်ဌာနမှ ဌာနခွဲမှူး ဦးအေးလွင်က ထပ်မံဆိုသည်။

မန္တလေးမြို့တွင် စည်းကမ်းဖောက်ဖျက်ယာဉ်များကို အနည်းဆုံး ဒဏ်ငွေကျပ် တစ်သောင်းမှ ကျပ် တစ်သိန်းအထိ စည်းကမ်းဖောက်ဖျက်မှုအမျိုးအစားအပေါ်မူတည်ကာ အသီးသီး ဒဏ်ရိုက်အရေးယူနေကြောင်း အခွန်ဌာနမှ ထပ်မံသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here