ပုဂ္ဂလိကယာဉ်စစ်လုပ်ငန်းအတွက် နိုင်ငံသားလုပ်ငန်းရှင်များကိုသာ ခွင့်ပြုပေးမည်

183

 

ရန်ကုန်၊ ဇူလိုင် ၈
ပုဂ္ဂလိက ယာဉ်စစ်လုပ်ငန်းအတွက် နိုင်ငံသား လုပ်ငန်းရှင်များကိုသာ ခွင့်ပြုပေးမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ သိရသည်။

ယာဉ်အန္တရာယ် ကင်းရှင်းရေး နှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေတွင် ပုဂ္ဂလိကယာဉ်စစ်လုပ်ငန်းများကို ခွင့်ပြုပေးမည်ဟု ကြေညာထားပြီးဖြစ်သလို နည်းဥပဒေကိုလည်း ရေးဆွဲလျက်ရှိရာ လက်ရှိတွင် ဝန်ကြီးရုံးနှင့် ရှေ့နေချုပ်ရုံးများသို့ တင်ပြထားပြီး ဖြစ်သည်။ နည်းဥပဒေကို ဥပဒေထုတ်ပြန်ပြီးနောက် ရက်ပေါင်း ကိုးဆယ်အတွင်း အတည်ပြု ကြေညာနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိက ယာဉ်စစ်လုပ်ငန်းကို နိုင်ငံသား လုပ်ငန်းရှင်များကိုသာ ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

“ဇူလိုင် ၇ ရက်က နည်းဥပ ဒေကို ဝန်ကြီးရုံးနဲ့ ရှေ့နေချုပ်ရုံးကို တင်ပြခဲ့ပါတယ်၊ ရက်ပေါင်း ကိုးဆယ်အတွင်း ခွင့်ပြုချက် ပြန်ကျဖို့ ဆောင်ရွက်နေပါတယ်၊ ပုဂ္ဂလိက ယာဉ်စစ်လုပ်ငန်းကို ခွင့်ပြုတဲ့အခါ ဒေသအလိုက် ရှိတဲ့ကားအစီးရေ အပေါ် မူတည်ပြီး ဘယ်နှရုံး ဖြစ် မယ်၊ ဘယ်နှဦးအထိ ခွင့်ပြုမယ် ဆိုတာက ယာဉ်အစီးရေမတည်ငြိမ်တာကြောင့် အပြောင်းအလဲ ရှိ နိုင်ပါတယ်၊ ဒါပေမဲ့ ပုဂ္ဂလိကယာဉ် စစ်လုပ်ငန်းကို နိုင်ငံသားလုပ်ငန်း ရှင်တွေကိုပဲ ဆောင်ရွက်ခွင့်ပေးမှာ ဖြစ်ပါတယ်၊ မူကြမ်းမှာ ယာဉ်အစီးရေအလိုက် Test Lane ဘယ်နှစ်ခု ထားမယ်ဆိုတာတော့ အကြမ်းဖျင်း ပါဝင်ပါတယ်၊ အတည်ပြုချက်ရတာနဲ့ ပုဂ္ဂလိက ယာဉ်စစ်လုပ်ငန်းအတွက် တင်ဒါခေါ်ပြီး ခွင့်ပြုပေးမှာပါ”ဟု ကုန်းလမ်းပို့ဆောင်ရေးညွန် ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယာဉ်အန္တရာယ်ကင်းရှင်းရေး နှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကို ၂ဝ၂ဝ ပြည့်နှစ်၊ မေ ၂၆ ရက် တွင် အတည်ပြုကြေညာခဲ့ခြင်းဖြစ်ပြီး ထိုဥပဒေသစ်၏ အခန်း-၈ ပုဒ်မ(၄၃)အရ မော်တော်ယာဉ်စစ်ဆေးခြင်း ပုဂ္ဂလိကလုပ်ငန်းခွင့်ပြု ပေးမည်ဟု ကြေညာခဲ့ခြင်း ဖြစ်သည်။ ထိုလုပ်ငန်းအတွက် ၂ဝ၁၇ ခုနှစ်က ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနတွင် ယာဉ်စစ်လုပ်ငန်းကို ပုဂ္ဂလိကအနေဖြင့် ဆောင်ရွက်ခွင့်ပြုရန် လျှောက်ထား တင်ပြခဲ့သည့် ကုမ္ပဏီ ၂၅ ခုကျော် ရှိကြောင်း သိရသည်။
ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here