ပါဝါစတီယာရင် မူလီချွတ်ယွင်းမှုရှိသည့်  Model S ဆီဒန်ကား ၁၂၃,ဝဝဝ  စီး  ပြန်လည် ပြုပြင်ပေးရန်  Tesla ကုမ္ပဏီ  ခေါ်ယူမည်

826

လျှပ်စစ်ကားများ သီးသန့်ထုတ်လုပ်သည့် Tesla ကုမ္ပဏီသည် ပါဝါ စတီယာရင် မူလီချွတ်ယွင်းမှုကြောင့် Model S ဆီဒန်ကား အစီး ၁၂၃,ဝဝဝ ကို ပြန်လည်ပြုပြင်ပေးရန် ခေါ်ယူသွားမည်ဟု မတ် ၂၉ ရက်က ထုတ်ပြန်ကြေညာခဲ့ကြောင်း မတ် ၃ဝ ရက်တွင် Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

Tesla Model S ဆီဒန်ကား ၏ ပါဝါစတီယာရင် မိုတာကို ထိန်းပေးသော မူလီငါးချောင်းသည် အေးမြသောရာသီဥတုတွင် လမ်းပေါ်မှ ရေခဲနှင့် နှင်းထုကို ဖယ်ရှားရန် သုံးသည့် ဆားကြောင့် ပိုမိုတိုက်စားမှု ဖြစ်ပေါ်ကာ ချောင်ထွက်ခြင်း၊ ကျိုးပြတ်ခြင်း ဖြစ်ပေါ်နိုင်ကြောင်း Tesla က လေ့လာတွေ့ရှိခဲ့သည်။ အကျိုးဆက်အားဖြင့် ပါဝါစတီယာရင် စနစ်ပျက်ယွင်းကာ အရှိန်နှေးချိန်တွင် ကားမောင်းရခက်ခြင်းနှင့် အခြားကားများနှင့် မျဉ်းပြိုင် ပါကင်ထိုးရန် ခက်ခဲခြင်းတို့ ဖြစ်နိုင်ကာ အရှိန်မြင့်မောင်းနှင်မှုအပေါ်တွင်မူ အကျိုးသက်ရောက်မှုမရှိကြောင်း Tesla က ဝယ်ယူများထံ သတင်းပို့ အကြောင်းကြားထားသည်။ ၂ဝ၁၆ ခုနှစ်၊ ဧပြီလမတိုင်မီ ထုတ်လုပ်ခဲ့သော Model S ဆီဒန်ကားများတွင် စတီယာရင် မူလီချွတ်ယွင်းနိုင်သော်လည်း လက်ရှိအချိန်အထိ မတော်တဆဖြစ်မှုနှင့် ထိခိုက်မှုများ ကို မတွေ့ရသေးကြောင်းသိရသည်။ သို့သော် Tesla က အေးသောရာသီဥတုအပြင် ပူနွေးသော ရာသီဥတုတွင် မောင်းနေသည့် Model S ဆီဒန်ကားများကိုပါ ပြန်လည်ခေါ်ယူကာ တိုက်စားမှုဒဏ်ခံနိုင် သည့် မူလီများနှင့် အစားထိုးလဲပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Tesla က ပြန်လည်ပြုပြင်ပေးမည့် Model S  ဆီဒန်ကားအရေအတွက် ၁၂၃,ဝဝဝ မှာ ကုမ္ပဏီသမိုင်းတစ်လျှောက် ၎င်းတို့၏ ကား အစီးရေအများဆုံး ပြန်ခေါ်ယူမှု ဖြစ်လာခဲ့သည်။ Tesla သည် ၂ဝ၁၅ ခုနှစ်က ထိုင်ခုံခါးပတ်  ချွတ်ယွင်းမှုကြောင့် လျှပ်စစ်ဆီဒန်ကား အစီးကိုးသောင်း၊ ၂ဝ၁၆ ခုနှစ်က ပါကင်ဘရိတ်ချွတ်ယွင်းမှု ကြောင့် Model S နှင့် Model X ၅၃,ဝဝဝ စီးတို့ကို ပြန်လည်ခေါ်ယူခဲ့ရဖူးသည်။

Ref  :  Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here