ပါမစ်အရောင်းအဝယ်ကို စိတ်ဝင်စားသူပိုများနေ၍ အဝယ်အနည်းငယ်ဆက်ပြီးအေးနေသည့် ကားဈေးကွက်

161

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒီဇင်ဘာလ ပထမ ပတ်အတွင်း ဝန်ထမ်းပါမစ် တစ်ရာကျော် ထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။ ဝန်ထမ်းပါမစ်များထုတ်ပေးရာတွင် ၂၀၂၀ ပြည့်နှစ်အတွင်း လျှောက်ထား ခဲ့သည့် ပါမစ်များကို ၂၀၁၈ မိုဒယ်မှ ၂၀၂၀ မိုဒယ်အထိ ကားများ တင် သွင်းခွင့်ပေးမည်ဖြစ်ပြီး ယခုနှစ်အတွင်း ပါမစ်လျှောက်ထားသူများကို ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၁ မိုဒယ်ကားများ တင်သွင်းခွင့်ပြုမည်ဖြစ်သည်။ ဝန်ထမ်းပါမစ်များကို ဈေးကွက်ထဲတွင် ခွင့်ပြုချက်မရမီ ကြိုရောင်းမှုများ ရှိသလို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စီစဉ်ထုတ်ပေး သည့် ပါမစ်များကို ရောင်းချမှုများလည်းရှိလာသည်။ ဝန်ထမ်းပါမစ်များကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စိစစ်ထုတ်ပေးရာတွင် သုံးနှစ်အတွင်း ပိုင်ရှင်အမည် ပြောင်းလဲခြင်းမပြုရန် ခံဝန်ကတိဖြင့် ထုတ် ပေးခြင်းနှင့် ရောင်းချလိုသူ ပိုများလာခြင်းကြောင့် ဝန်ထမ်းပါမစ်ဈေးကွက်မှာ ဈေးနှုန်းအနည်းငယ် ကျဆင်းသွားသည်။

“ဒီရက်ပိုင်းမှာ ကားသစ်ရော ကားဟောင်းရော အရောင်းအဝယ် အေးပါတယ်၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလက အရောင်းအဝယ်ဖြစ်ခဲ့တဲ့ အရောင်း စင်တာတွေက CBU နဲ့ တင်သွင်းတဲ့ မိုဒယ်မြင့်ကားတွေလည်း အရောင်းအဝယ် အေးသွားတယ်၊ အဓိက အရောင်းအဝယ်အေးသွားတဲ့အကြောင်း ကတော့ ဒီရက်ပိုင်းမှာ ပါမစ်အရောင်းအဝယ်ဘက်ကို စိတ်ဝင်စားတဲ့သူ ပိုများသွားတာကြောင့် ဖြစ်ပါတယ်၊ ကားသစ်ဈေးကွက်အေးတဲ့အထဲမှာ Brand New ကားတွေလို SKD ကားတွေလည်း ပါပါတယ်၊ ဈေးကွက် ထဲမှာ SKD ကားဆိုရင် ဈေးနှုန်း သိသိသာသာချပေးလိုက်တဲ့ Hyundai Brand ကတော့ အရောင်းအဝယ်ဖြစ်တာ တွေ့ရပြီး Promotion ရှိတဲ့ SKD ကားတွေလောက်ပဲ အမေးများနေပါတယ်၊ ဝန်ထမ်းပါမစ်ကလည်း ဒီရက်ပိုင်း ရောင်းချင်တဲ့သူများလာလို့ ဈေးတွေကျသွားတာ တွေ့ရပါ တယ်”ဟု JPM ကားအရောင်းစင်တာမှ မန်နေဂျင်းဒါရိုက်တာ ကိုထိန်လင်းအောင်က ပြောသည်။

ဝန်ထမ်းပါမစ်များကို နားလည်မှုဖြင့် ဈေးကွက်ထဲတွင် အရောင်းအဝယ်ပြုနေကြပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ခွင့်ပြုချက်မရမီ ကြိုတင်ရောင်းချမှုများရှိသလို ပါမစ်ရပြီးမှ ရောင်းချမှုများလည်း ရှိလာကြကာ တင်သွင်းမည့်သူထက် ရောင်းချမည့်သူ ပိုများလာသည်။ ဈေးကွက်ထဲတွင် လက်ထောက်ညွှန်ကြားရေးမှူးနှင့်အောက် ဝန်ထမ်းပါမစ်တစ်စောင် ကျပ် ၁၂ သိန်း၊ ဒုတိယညွှန်ကြားရေးမှူး ဝန်ထမ်းပါမစ်တစ်စောင် ကျပ်သိန်း ငါးဆယ်မှ ၅၅ သိန်း၊ ညွှန်ကြားရေးမှူး ဝန်ထမ်းပါမစ်တစ်စောင် ကျပ်သိန်း ခြောက်ဆယ်မှ ၆၅ သိန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဝန်ထမ်း ပါမစ်တစ်စောင် ကျပ်သိန်း ခုနစ်ဆယ်၊ ညွှန်ကြားရေးမှူးချုပ် ပါမစ်တစ်စောင်မှာ ကျပ်သိန်း ၁၆၀ ဖြင့် ဝယ်ယူမှုများရှိကြောင်း သိရသည်။

“ဒီနှစ်ထဲမှာတော့ အဝယ်နည်းနည်းလေး ပြန်အေးသွားပါတယ်၊ အရောင်းစင်တာတွေ အများစုကသွင်းတဲ့ မိုဒယ်မြင့်ကားတွေလည်း နည်း နည်းပြန်အေးသွားတယ်၊ ကားဟောင်းတွေကတော့ အကျဈေးမှာ တန့်နေ ပြီး ကားကောင်းရင်တော့ ဈေးကောင်းပေးပြီး ဝယ်ကြတာတွေ တွေ့ရပါ တယ်၊ Promotion ပေးနေတဲ့ Brand New ကားတွေကတော့ သူ့အ ဝယ်နဲ့သူ ရှိပါတယ်၊ အခုနောက်ပိုင်းမှာတော့ အဝယ်အများစုက ကား ဟောင်းထက် ကားအသစ်ကို စိတ်ဝင်စားတာ ပိုများလာတာတွေ့ရသလို ကားသစ်တွေလည်း ဈေးကွက်ထဲကို ပေါပေါများများ ဝင်လာတဲ့အတွက် ရွေးချယ်စရာ များလာပါတယ်၊ ဝန်ထမ်းပါမစ်နဲ့ ပတ်သက်ပြီး တချို့အဝယ် တွေကလည်း သူတို့နဲ့ မသက်ဆိုင်ဘူးလို့ ယူဆပြီး ဝယ်ယူတာမျိုးလည်း တွေ့လာရပါတယ်”ဟု PPE9 Automobile မှ မန်နေဂျင်းဒါရိုက်တာ ကိုဇော်က ပြောသည်။

ကားအရောင်းအဝယ်ဈေးကွက်တွင် လူစီးကားများ အရောင်းအဝယ် အေးနေသလို လုပ်ငန်းသုံးကားများမှာလည်း ဃသလငိ-၁၉ ရောဂါဂယက် ကြောင့် ကုန်စည်စီးဆင်းမှုများ လျော့နည်းသွားခြင်းနှင့် စီးပွားရေးကျဆင်း နေခြင်းကြောင့် အဝယ်အေးနေသည်။ ထို့ပြင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးရုံးခွဲများ ပြန်မဖွင့်သေး၍ ကား ဟောင်းဈေးကွက်မှာ ယာဉ်မှန်၊ မမှန်စစ်ရန် အခက်အခဲများရှိခြင်းကြောင့် အဝယ်ဆက်လက် အေးနေကြောင်း သိရသည်။

“ကညနသက်တမ်းတိုးရုံးတွေ အမြန်ဆုံးပြန်ဖွင့်မယ်ဆိုရင်တော့ ပုံ မှန်အတိုင်း အရောင်းအဝယ်ဖြစ်လာမယ်လို့ မြင်ပါတယ်၊ အခုရက်ပိုင်း ဈေးကွက်ထဲမှာ သိန်း ၁၅၀ ပတ်ချာလည် ကားလေးတွေ ဝယ်/ရောင်းကောက်ဈေးနဲ့ ရောင်းတယ်ဆိုရင်တော့ အဝယ်ရှိတာ တွေ့ရပါတယ်၊ ဝယ်/ရောင်း တော်တော်များများကလည်း ပါမစ်အရောင်းအဝယ်လုပ်ဖို့ ခက်ကြတဲ့အတွက် ကိုင်ထားတဲ့ကားပဲဖြစ်ဖြစ်၊ ဝယ်/ရောင်းကောက်ဈေးနဲ့ ကောက်လို့ရတဲ့ကားပဲဖြစ်ဖြစ် နှစ်ရာတန်ကားဆိုရင် အမြတ်အစွန်းနည်း နည်းရတာနဲ့ ပြန်ရောင်း၊ ပြန်ဝယ်နဲ့ပဲ လည်ပတ်နေကြပါတယ်၊ အရင်လို အမြတ်အစွန်း တစ်ခုအထိရဖို့ စောင့်ရောင်းတာမျိုးတော့ မရှိကြတော့ပါ ဘူး”ဟု ကားဝယ်/ရောင်း ကိုစန်းဝင်းရှိန်က ပြောသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးရုံးခွဲ များကို ပိတ်ထားခြင်းကြောင့် ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံခွင့်မရသည့် အတွက် ယာဉ်အို၊ ယာဉ်ဟောင်း ကားဈေးကွက်မှာလည်း အဝယ်အေးနေ ကြောင်း သိရသည်။ ယခုနှစ်မူဝါဒအရ ယာဉ်အို၊ ယာဉ်ဟောင်း စလစ် လိုအပ်ချက်သည် ရန်ကုန်လိုင်စင်ယူချင်သည့် ကားများအတွက်သာ လို အပ်မည်ဖြစ်၍ စလစ်ဈေးများမှာ ရန်ကုန်လိုင်စင်အမည်ပေါက် စလစ်တစ် စောင် ကျပ်သိန်းတစ်ရာ ဝန်းကျင်သာရှိကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here