ပလက်ဝမြို့နယ်ရှိ ရန်လောင်ချောင်း လူကူးကြိုးတံတားကို ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ် မတိုင်မီ ဆိုင်ကယ်ကူးကြိုးတံတားအဖြစ် တည်ဆောက်မည်

1176

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ထိုးနူးကျေးရွာအုပ်စု၊ ရှရွာအနီးရှိ ရန်လောင်ချောင်း လူကူး ကြိုးတံတားမှာ လက်ရှိတွင် လူကူးကြိုး တံတားအဆင့်သာ တည်ရှိသည့်အတွက် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်စေရန် လာမည့် ၂ဝ၁၈-၂ဝ၁၉ နှစ်မှစ၍ ဆိုင်ကယ်ကူး ကြိုးတံတားအဖြစ် တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

 

”ဒိုင်လောင်ချောင်းတံတားရော၊ ရန်လောင်ချောင်းတံတားရော ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားတဲ့ လူကူးကြိုးတံတားတွေဖြစ်တဲ့အတွက် အဲဒီကြိုးတံတားကိုသာ အဆင့်မြင့်တင်ပေးမယ်ဆိုရင် ကျေးရွာ ကိုးရွာ၊ အိမ်ခြေ ၂၅ဝ၊ လူဦးရေ ၁,၇၃၄ ဦးအတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်၊ ဒါကြောင့် ဆမီး-မတူပီလမ်းမှာ ဆက်သွယ်ပေးထားတဲ့ ဒိုင်လောင်ချောင်း လူကူးကြိုးတံတားကို သံကူကွန်က ရစ်တံတားအဖြစ် တည်ဆောက်ပေး သွားမယ်၊ ပလက်ဝမြို့နယ်ထဲက ရန်လောင်ချောင်း တံတားကိုတော့ခိုင်ခံ့တဲ့ မော်တော်ဆိုင်ကယ်ကြိုး တံတားအဖြစ် ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ် မတိုင်ခင် ကာလအတွင်း တည်ဆောက်ပေးသွားပါမယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

ပလက်ဝမြို့နယ်၊ အပ်စကျေး ရွာအုပ်စု၊ ဓာတ်ချောင်းဝအနီးရှိ ဒိုင်လောင်ချောင်း လူကူးကြိုးတံတားသည် ဆမီး-မတူပီလမ်းမကြီး နှင့် ဆက်သွယ်ထားသော ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲ သည့် ပါမောင်-ဘောင်ကုန်း-မီးဟူး-လောင်တန်း-အပ်စ-ပေါက်စိုင်-ရန်ချောင်းဝ-အောက်ချိုင့်စ လမ်းပေါ်တွင် တည်ရှိပြီး ကျေးလက်နေ ပြည်သူများမှ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားသော လူကူးကြိုးတံတား ဖြစ်ကြောင်း၊ ရန်လောင်ချောင်း လူကူးကြိုးတံတားမှာလည်း ကိုဖေရှေ-ကိုဖြေ ကြီး-အလယ်ဒိန်ကင်း-မောစုန်း ကြီး-ငဆောင်-ထိုးနူး-မှုံတနူး-နန်းပိုင်-ချိုင့်စနူး- ဘွောတောင်း-လုံဒူး-ထိန်းခေါင် လမ်းပေါ်တွင်တည်ရှိပြီး ကိုယ်ထူကိုယ်ထဆောက် လုပ်ထားသော တံတားဖြစ်ကြောင်း ဒုဝန်ကြီးဦးကျော်လင်းက ထပ်မံ ပြောကြားသည်။

 

”ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားတဲ့ တံတားတွေဖြစ်လို့ တံတားနှစ်စင်းလုံးကို ၂ဝ၂ဝ-၂ဝ၂၁ နှစ်မတိုင်ခင် တည်ဆောက် ပေးသွားပါမယ်၊ နှစ်စင်းမှာ ရန်လောင်ချောင်းတံတားကိုတော့ ပိုပြီး ဦးစားပေး တည်ဆောက်ပေး သွားပါမယ်”ဟု ၎င်းက ထပ်မံဆိုသည်။

 

ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးပြည်နယ်အဖြစ် သတ်မှတ်ခံထားရပြီး ရခိုင်ပြည်နယ်နှင့် နယ်စပ်ဖြစ်သော ပ လက်ဝမြို့နယ်မှာလည်း ဖွံ့ဖြိုးမှုနိမ့်ကျသည့်ဒေသ ဖြစ်သည့်အတွက် လာမည့်နှစ်အတွင်း အဆင့် မြင့်တင်မှု ပြုလုပ်ပေးစေလိုကြောင်း ဒေသခံများက ပြောကြားသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here