ပထမဦးဆုံး အမေရိကန်ကားပြိုင်ပွဲချန်ပီယံ Frank Duryea အကြောင်း တစေ့တစောင်း

1281

၁၈၉၅ ခုနှစ်မှာ ဓာတ်ဆီစွမ်းအင်သုံး မြင်းလှည်းဆန်ဆန် စက်တပ်မော်တော်ယာဉ်တစ်စီးကို ကိုယ်ပိုင်ဒီဇိုင်းနဲ့ ဖန်တီးခဲ့ကြတဲ့ Duryea ညီအစ်ကိုနှစ်ဦးထဲက Frank Duryea ဆိုသူဟာ အမေရိကန်ပြည်ထောင်စုမှာ ပထမဦးဆုံးအကြိမ်ကျင်းပခဲ့တဲ့ မော်တော်ကားမောင်းပြိုင်ပွဲမှာ ပထမဦးဆုံးချန်ပီယံအဖြစ် အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။

 

နာမည်ကြီးသတင်းစာတစ်စောင်ဖြစ်တဲ့ Chicago Times-Herald ရဲ့ ကမကထပြုမှုနဲ့ အမေရိကန် ပြည်ထောင်စုရဲ့  ပထမဦးဆုံးကားမောင်းပြိုင်ပွဲ Chicago Times-Herald ကို ကျင်းပခဲ့တာဖြစ်ပြီး ဖွံ့ဖြိုးစ အမေရိကန်မော်တော်ကားလုပ်ငန်းကို လူအများ အာရုံစိုက်လာစေဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲ ကျင်းပခဲ့ပြီးနောက်မှာတော့ အနိုင်ရဗိုလ်စွဲခဲ့တဲ့ Frank Duryea တို့ ညီအစ်ကိုနှစ်ဦးရဲ့ ဖန်တီးမှုလက်ရာ မိုတာဝက်ဂန်ကား ၁၃ စီး ရောင်းထွက်ခဲ့ပါတယ်။ အဲဒီ ခေတ်အဲဒီအခါက တခြား ဘယ်မော်တော်ကား ထုတ်လုပ်ရေးလုပ်ငန်းကမှ အဲဒီလောက် အစီးရေ ခပ်များများ မရောင်းခဲ့ရပါဘူး။

 

Chicago ကနေ Illinois ပြည်နယ်၊ Waukegan အရောက်၊ အဲဒီကနေမှ Chicago အထိ အပြန်ခရီးမိုင် စုစုပေါင်း ၉၂ မိုင်မောင်းနှင်ရမယ့်ခရီးရှည်ကားမောင်းပြိုင်ပွဲဖြစ်ပေမဲ့ ရုတ်တရက်နှင်းမုန်တိုင်းကျရောက်ခဲ့တာ ကြောင့် ပြိုင်ပွဲကျင်းပသူတွေက ပြိုင်ပွဲလမ်းကြောင်းကို ထပ်ချုံ့ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ရှစ်လက်မလောက် ထုရှိတဲ့ နှင်းတွေကြားမှာ ပြိုင်ပွဲဝင်တွေကို Chicago ကနေ Illinois ပြည်နယ်၊ Evanston အထိ အသွားအပြန် ခရီးမိုင် ငါးဆယ်လောက်ကိုပဲ မောင်းနှင်ခိုင်းဖို့ တာဝန်ရှိသူတွေက သတ်မှတ်ခဲ့ကြပါတယ်။ ပြိုင်ပွဲစည်းကမ်းတွေ အရ ပါဝင်ယှဉ်ပြိုင်လိုတဲ့ ကားတွေအနေနဲ့ အနည်းဆုံး သုံးဘီးတပ်ယာဉ် ဖြစ်ရမှာဖြစ်ပြီး နှင်းထုထဲမှာ မောင်းနှင်နိုင်ဖို့အတွက် ဘီးတွေကို ကြိုးတွေနဲ့ ရစ်ပတ်ထားရမှာ ဖြစ်ပါတယ်။ ဒါ့ပြင် ပြိုင်ပွဲဝင်ယာဉ်မောင်းနဲ့ အတူ လှည့်ဖြားမှုမရှိအောင် ဘေးကနေ စောင့်ကြပ်ဖို့အတွက် ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူတွေ ခန့်ထားတဲ့ ဒိုင်လူကြီးတစ်ဦး အနည်းဆုံးလူနှစ်ဦး တင်ဆောင်နိုင်စွမ်းရှိရမှာ ဖြစ်ပါတယ်။ တကယ်တမ်း ယှဉ်ပြိုင်ချိန်မှာတော့ ရာသီဥတုအခြေအနေဆိုးရွားလွန်းတဲ့အတွက် ပြိုင်ပွဲဝင်ကား ၈၉ စီးထဲက ခြောက်စီးသာတာထွက်နိုင်ခဲ့ပြီး အဲဒီခြောက်စီးထဲမှာ Duryea ရဲ့ ပြိုင်ပွဲဝင်ကားလည်း အပါအဝင်ဖြစ်ပါတယ်။

 

နှစ်စီးတည်းသာ ပန်းဝင်နိုင်ခဲ့တဲ့ အဲဒီပြိုင်ပွဲမှာ Duryea ရဲ့ ကားကပွဲချိန် ၁ဝ နာရီလောက်အကြာမှာ ပန်းဝင်နိုင်ခဲ့ပြီး နောက်နှစ်နာရီလောက်ခြားပြီးမှ နောက်ထပ်ပြိုင်ပွဲဝင်ကားတစ်စီး ထပ်မံပန်းဝင်ခဲ့ပါတယ်။ ပထမဆုံး ပန်းဝင်ခဲ့တဲ့ Duryea ဟာ အမေရိကန်ဒေါ်လာ နှစ်ထောင်ကို ဆုကြေးငွေအဖြစ် ရရှိခဲ့သလို အမေရိကန် မော်တော်ကားကုမ္ပဏီတစ်ခု တည်ထောင်ဖို့အတွက် လုံလောက်တဲ့ ကျော်ကြားမှုကိုပါ ရရှိခဲ့ပါတယ်။ အဲဒီအချိန်ကနေစလို့ မော်တော်ကား ထုတ်လုပ်တဲ့ လုပ်ငန်းဟာ ဝါသနာအရ မဟုတ်တော့ဘဲ စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ်နဲ့ပါ ပြောင်းလဲနေရာယူလာ ခဲ့တာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here