ပညာပေးကောင်းတဲ့ စပယ်ယာ

390

မိုးလင်းကတည်းက မိုးက စွေနေသည်။ ကောင်းကင်တစ်ခုလုံး အုံ့မှိုင်းနေ၏။ တစ် ချိန်ချိန်မှာ မိုးသည်းထန်စွာ ရွာလိမ့်မည်ဟု ခန့်မှန်းမိသည်။ မိုးရွာလျှင် စိုစိုစွတ်စွတ် နှင့်မို့ ဘယ်မှသွားလိုသည့် ဆန္ဒမရှိ။ အိမ် မှာပဲ နားနားနေနေ စာဖတ်၊ စာရေးချင်နေသည်။

သို့သော် ဆန္ဒရှိသည့်အတိုင်း မနေ နိုင်ခဲ့။ မြို့ထဲသို့ မဖြစ်မနေသွားရမည့်အ ကြောင်းက ပေါ်လာသည်။ ဒီတော့လည်း ထီးတစ်ချောင်း အားကိုးဖြင့် အိမ်မှ ထွက် ခဲ့ရ၏။
မိုးရွာလျှင် ထီးဆောင်းရမည်ကို ကျွန် တော်မကြောက်။ မိုးဖွဲဖွဲလေး ကျနေချိန် ထီးဆောင်းရမည်ကိုတော့ ကျွန်တော် အလွန် ဝန်လေး၏။ မိုးစွေနေချိန် ထီးကိုင်ဆောင်း ရမည်ကို အလွန်ပျင်း၏။ မိုးမစို့မပို့ ရွာချိန် သည် ထီးစောင်းခြင်းနှင့် အံဝင်ခွင်ကျမ ဖြစ်ဟု ကျွန်တော်မှတ်ယူထား၏။

ဒီတော့ မိုးဖွဲနေချိန် ထီးဖွင့်မဆောင်း ဘဲ ဦးထုပ်သာ ဆောင်းလေ့ရှိသည်။ သို့ သော် ကျွန်တော့်မှာ ယခု ဦးထုပ်မရှိ။ လွန်ခဲ့သည့် သုံးလေးရက်က မြို့ထဲမှအ ပြန် တက္ကစီငှားပြီး ပြန်ခဲ့သည်။ ကားပေါ် ရောက်တော့ ဦးထုပ်ကို ခေါင်းကချွတ်ပြီး ထိုင်နေသည့်ဘေးတွင် ချထားလိုက်သည်။ ကားပေါ်က ဆင်းတော့ ဦးထုပ်ယူဖို့ မေ့သွား သည်။ ကားပေါ် ဦးထုပ်ပါသွားသည်ကို ကားထွက်သွားမှ သတိရသည်။

ဒီရက်ထဲ အပြင်မထွက်သဖြင့် ဦး ထုပ်ပြန်မဝယ်ရသေး။ ယခုမြို့ထဲသွားတော့ ဦးထုပ်မရှိသဖြင့် ထီးဖွင့်ဆောင်းရသည်။ မိုးဖွဲဖွဲလေးရွာနေသော်လည်း ထီးမဆောင်း ၍ မဖြစ်။ လူကနေကောင်းခါစရှိသေးသည်။ ပြီးခဲ့သည့် နှစ်ရက်က အပြင်ထွက်ရင်း မိုး မိခဲ့သည်။ အဲဒီတုန်းက နေပူသဖြင့် ထီးမ ယူသွားခဲ့။ မိုးက ရုတ်တရက်ရွာချသဖြင့် မိုးမိခဲ့သည်။ အိမ်ပြန်ရောက်တော့ ရေချိုး၏။

မိုးမိသည့်ဒဏ်၊ ရေချိုးသည့်ဒဏ် ကြောင့် တုပ်ကွေးဖျား ဖျားခဲ့သည်။ တုပ် ကွေးကြောင့် အိပ်ရာထဲ လဲနေခဲ့ရ၏။ ဆေး ထိုး၊ ဆေးသောက်ဖြင့် အဖျားပျောက် အောင် ကုလိုက်ရသည်။
အဖျားပျောက်ရုံရှိသေး၏။ မြို့ထဲသွား ဖို့ကိစ္စ ပေါ်လာသည်။ အဲဒီတော့ မိုးဖွဲဖွဲ လေးကြားမှာ ထီးဖွင့်ဆောင်း၍ ခရီးနှင်ရ၏။
ကံကောင်းသည်ပဲလား မပြောတတ်။ ကားပေါ်ရောက်ရုံရှိသေး စောစောက အုံ့ မှိုင်းနေသောမိုးက သဲကြီးမဲကြီး ရွာချလာ သည်။ မိုးမမိ၍တော်သေးသည်ဟု ကိုယ့် ကိုယ်ကိုယ် နှစ်သိမ့်မိ၏။

မြို့ထဲရောက်တော့ မိုးတိတ်သွား၏။ သဲသဲမဲမဲလည်း မရွာတော့၊ ဖွဲဖွဲလေးလည်း မကျတော့။ နေကလည်းမပူ။ အေးချမ်း နေ၏။ ရာသီဥတုအခြေအနေ ကောင်း သဖြင့် အလုပ်ကိစ္စရှိတာ ပြီးအောင်လုပ်ဖြစ် သွားသည်။

အလုပ်ကိစ္စပြီးတော့ ရေးဖော်ရေး ဖက် စာရေးဖော်များနှင့်တွေ့ဆုံပြီး လက် ဖက်ရည်ဆိုင်ထိုင်၍ စကားပြောဖြစ်သေး သည်။ စကားဝိုင်းပြီးတော့ ၃၇ လမ်းက စာအုပ်တန်းဝင်ပြီးမွေ၏။ ဝယ်လိုသောစာ အုပ်များ ဝယ်သည်။
ဟိုလျှောက်ဒီလျှောက်နှင့် နေစောင်း သွားသည်။ မိုးမချုပ်မီ အိမ်ပြန်ရောက်ရန် လိုင်းကား တက်စီးခဲ့သည်။ ရုံးလွတ်ချိန်၊ ရုံးဆင်းချိန်မို့ ကားထဲလူကျပ်နေသည်။

ကလေးမလေးတစ်ယောက်က ထိုင် ခုံမှ ထပေးသဖြင့် ဣနြေ္ဒရရ ထိုင်စီးခွင့်ရခဲ့ သည်။ ဒီအချိန်က လူကျပ်သည်မို့ ထိုင်ခုံ နေရာရရန် ခဲယဉ်းသည်။ ကလေးမလေး ကို ကျေးဇူးတင်မိ၏။
သခင်မြပန်းခြံ မှတ်တိုင်အရောက် တွင် ကားပေါ်သို့ ခရီးသည်များ တိုးဝှေ့တက် လာကြသည်။ ခရီးသည်များနှင့်အတူ လူ တစ်ယောက်ပါလာသည်။ သူ့ကိုယ်က အရက်နံ့ တထောင်းထောင်းထနေသည်။ အသက်ခြောက်ဆယ်ကျော် ရှိမည်ဟု ခန့် မှန်းရသည်။ ဝတ်ဆင်ထားပုံက နုံချာချာ မဟုတ်။

အဲဒီလူ ကားပေါ်တက်လာကတည်း က ခရီးသည်များက သူတို့နားမကပ်စေလို သဖြင့် ရှောင်တိမ်းပေးကြသည်။ အရက် သောက်ထားသဖြင့် မူးနေသော်လည်း သိပ်အမူးကြီးမဟုတ်။ သတိလက်လွတ် မူးနေခြင်း မဟုတ်သော်လည်း ခေါင်းက အောက်စိုက်နေသည်။

ကားက လူကျပ်နေသဖြင့် နေရာမရ။ ထိုလူက ကျွန်တော်ထိုင်နေသည့်ခုံရှေ့တွင် ဆောင့်ကြောင့် ထိုင်ချလိုက်သည်။ ယိုင် လဲ မကျသွားစေရန် တန်းကိုကျစ်ကျစ်ပါ အောင် ဆုပ်ကိုင်ထားပြီး ခေါင်းငုံ့ထားသည်။ ကားပေါ်မှာ အရက်မူးနေသူကိုမြင် တော့ …

ဟုတ်သည်။ အရက်မူးနေသူကို ကားပေါ်တွင်မြင်လိုက်ရတော့ စာရေးဆရာ သန်လျင်မောင်မောင်ဦးကို သတိရလိုက်သည်။

ပြီးခဲ့သည့် လေးငါးလလောက်က ကျွန်တော်နှင့် သန်လျင်မောင်မောင်ဦး နေ ပြည်တော် ပုဗ္ဗသီရိတွင် အတူတူ စာပေ ဟောပြောခဲ့ကြသည်။ ဟောပြောပွဲပြီးတော့ ပျဉ်းမနားက မြပဝါတည်းခိုခန်းတွင် နားသည်။

နားရင်း မအိပ်သေးမီ အခြားဧည့် သည်များနှင့်အတူ ဝိုင်းဖွဲ့၍စကားပြောကြ သည်။ ရှေးဟောင်းနှောင်းဖြစ် ပြောဖြစ်ြက သည်။

‘‘ဆရာဦး အခု အရက်သောက်သေးလား’’

‘‘မသောက်တော့ပါဘူးဗျာ၊ တစ်ခါ တလေတော့လည်း ဘီယာလေး ဘာလေး နည်းနည်းပါးပါး သောက်ဖြစ်တယ်’’

‘‘ဟိုတုန်းကတော့ တော်တော် သောက်တယ်နော်’’

‘‘သောက်တယ်ဗျ၊ အရက်သောက် ကောင်းလို့ ကားစပယ်ယာနဲ့ နောင်ဂျိန်ချ ဖို့အထိတောင် စိန်ခေါ်ခဲ့ဖူးတယ်’’

‘‘ကားစပယ်ယာနဲ့ စိန်ခေါ်ဖူးတယ် ဟုတ်လား’’

‘‘အေးဗျ’’

သူ့စကားတွေကို ကျွန်တော် စိတ် ဝင်စားမိ၏။

‘‘ဆိုပါဦး …ဘယ်လိုဖြစ်တာလဲ’’

‘‘ကျွန်တော်ပြောလိုက်ရင် ဆရာချစ် အော်တိုမိုဘိုင်းမှာရေးဖို့ ဇာတ်လမ်းတစ်ပုဒ် ရသွားလိမ့်မယ်’’

‘‘ကျွန်တော်လည်း အဲဒါချောင်းနေ တာ’’

အားလုံး ရယ်မိကြသည်။

‘‘ဆိုတော့ကာ …’’

သူ့စကား အစချီပြီ။ သူ့မှာ ပင်ကို အသုံးအနှုန်းစကားရှိ၏။ စကားပြောလျှင် ဖြစ်စေ၊ စာပြောလျှင်ဖြစ်စေ ‘ဆိုတော့ကာ …’ဟု အစချီတတ်၏။ ယခုလည်း သူ ‘ဆိုတော့ကာ …’ဖြင့် စကားစလေပြီ။

‘‘ဇာတ်လမ်းက လွန်ခဲ့တဲ့ အနှစ်သုံး ဆယ်ကျော်လောက်က ဖြစ်ခဲ့တာဗျ’’

‘‘ဟောင်းလေ ကောင်းလေပဲ၊ ပြော ပါဦး’’

‘‘ဆရာချစ်၊ ကျုံဒါးကြီးကို မှတ်မိ လား’’

‘‘ကျုံဒါးကျော်မွန်လား’’

‘‘ဟုတ်တယ်၊ ကျုံဒါးကျော်မွန်’’

‘‘သိပါတယ်’’

သူပြောသော ကျုံဒါးကျော်မွန်ကို ကျွန်တော် ကောင်းစွာသိသည်။ ခင်မင်ရင်း နှီးမှုလည်းရှိသည်။
စာပေလောကသားအားလုံးက နာ မည်အပြည့်အစုံ မခေါ်ကြ။ ‘ကျုံဒါး’ဟုပင် ခေါ်ကြသည်။ ကျုံဒါးက ကဗျာရေး အလွန် ကောင်းသည်။ မဂ္ဂဇင်းပေါင်းများစွာတွင် ကဗျာရေး၏။ ကဗျာဆရာစစ်စစ်ဖြစ်သည်။
ကျုံဒါးက နားလေး၏။ နားမကြားရ။ သူနှင့်စကားပြောလျှင် ခြေဟန်လက်ဟန် ဖြင့် ပြောရသည်။ စာရေး၍ ပြောရသည်။ သူက အချိန်ပြည့်နီးပါးမူးနေတတ်၏။ စိတ် ရင်းကောင်းသဖြင့် စာပေသမားအားလုံးက သူ့ကိုချစ်သည်။ ကဗျာဆရာ အရက်သမားဖြစ်သည်။

စာမူခရသမျှ အရက်သောက်သည်၊ အရက်တိုက်သည်။ သောက်ရင်း ပိုက်ဆံမ လောက်လျှင် ရှိသည့် ‘ဖောင်တိန်’ ကို ပေါင်၍သောက်သည်။ ကျွန်တော်သည်ပင် ကျုံဒါးနှင့်အတူ ၁၆ လမ်းအရက်ဆိုင်တွင် အတူသောက်ခဲ့သည်ကို အမှတ်ရမိသည်။

‘‘အဲဒီ ကျုံဒါးကြီးနဲ့ စခဲ့တဲ့ဇာတ်လမ်း ပဲ’’

သန်လျင်မောင်မောင်ဦး စကား ကြောင့် ကျုံဒါးနှင့် ပတ်သက်ဖူးသည့် ကျွန်တော့်အတွေးများ ပြတ်သွားခဲ့သည်။
‘‘ဘယ်လို စတာလဲ’’

‘‘အဲဒီနေ့က သူလည်း စာမူခထုတ် တယ်၊ ကျွန်တော်လည်း စာမူခ ထုတ်တယ်၊ စာမူခထုတ်ပြီးတော့ နှစ် ယောက်သား အရက်ဆိုင်ရောက် သွားတယ်၊ သူလည်း သောက်၊ ကိုယ်လည်းသောက်ပဲ’’

‘‘သူသောက်၊ ကိုယ်သောက် နှစ် ယောက်မှောက်’’

‘‘မမှောက်ဘူးဗျ၊ ယိုင်ရုံ လောက်ပဲ သောက်တာ’’

‘‘သြော် …’’

‘‘ဆိုတော့ကာ … သောက် ပြီးတော့ လမ်းခွဲပြီးပြန်ကြတယ်၊ ကျွန်တော်က သာကေတမှာ အသိ တစ်ယောက်ဆီ သွားစရာရှိလို့ သာကေတ ရောက်တဲ့ကား စီးပြီးပြန်တယ်’’

‘‘ဘတ်စ်ကားလား’’

‘‘အေးပေါ့ဗျာ၊ ဘတ်စ်ကားပေါ့၊ စာ ရေးဆရာပါဆိုမှ ဘယ်လိုလုပ် အငှားကား စီးနိုင်မှာလဲ၊ ဘတ်စ်ကားပဲ တိုးဝှေ့စီးတာ’’

‘‘ဟုတ်ကဲ့’’

‘‘ဘတ်စ်ကား တိုးဝှေ့စီးတယ်ဆိုပေမဲ့ အဲဒီတုန်းက အခုလောက် လူမကျပ်ဘူး၊ ဘယ်အချိန်စီးစီးချောင်တယ်၊ မတ်တတ် ရပ်ပြီးစီးရလည်း ခဏပဲ၊ တစ်မှတ်တိုင်၊ နှစ်မှတ်တိုင်ဆို နေရာရတာပဲ’’

‘‘အဲဒီတုန်းက ရန်ကုန်မြို့က လူဦး ရေကလည်း နည်းသေးတာကိုး’’

‘‘ကားပေါ်တက်စီးတယ်၊ လူက မူးနေ တော့ ထိုင်စီးနေရပေမဲ့ လူက ဟိုမနိုင်၊ ဒီ ယိုင်ဖြစ်နေတာ၊ ဘေးကလူတွေဘက် ယိုင်ယိုင်သွားလို့ ခဏခဏတောင်းပန်ရ တယ်’’

‘‘ဖြစ်ရမယ်’’

‘‘ဒီအချိန်မှာ စပယ်ယာက ကားခ တောင်းတယ်၊ ကားခက တစ်ကျပ်ပေးရမှာ ဆိုတော့ ကျပ်တန်တစ်ရွက်ထုတ်ပေးလိုက် တယ်၊ ကျပ်တန်တစ်ရွက် ထုတ်ပေးပြီးမှာ ကျွန်တော့်စိတ်က ငါးကျပ်တန် ထုတ်ပေး လိုက်တယ်လို့ထင်ပြီး စပယ်ယာကို ပိုက် ဆံပြန်အမ်းဖို့ တောင်းတယ်’’

‘‘မှားတောင်းမိတာလား’’

‘‘ဟုတ်တယ်၊ လူကမူးနေတော့ မှား ပြီးတောင်းမိတာ၊ စပယ်ယာက တစ်ကျပ် ပဲပေးတာလို့ ပြောတယ်၊ ကျုပ်ကမရဘူး၊ ပြန်အမ်းဖို့ငွေ အတင်းတောင်းတယ်’’

‘‘အယ် …’’

‘‘ဘေးက ခရီးသည်တွေကလည်း ကျွန်တော်ပေးတာ တစ်ရွက်တည်းဆိုပြီး ဝိုင်းပြောတယ်၊ ပြောပေမဲ့မရဘူး၊ ကျွန်တော် က မရရအောင် တောင်းတယ်’’

‘‘ဇွတ်ကြီးပါလား’’

‘‘လူကလည်းမူးနေတော့ မမှတ်မိဘူး လေဗျာ၊ ပါးစပ်ကလည်း ပွစိပွစိနဲ့ပြော လိုက်သေးတယ်၊ ကြာတော့ စပယ်ယာ သည်းမခံနိုင်တော့ဘူးထင်ပါရဲ့၊ ကျွန်တော့် ကို ကားပေါ်ကဆင်းပြီး နောက်ကားစီးဖို့ ပြောတယ်’’

‘‘ဒါဆို ကားပေါ်က ဆင်းလိုက်တယ် လား’’

‘‘ဘယ်ဆင်းမလဲ၊ မောင်မောင်ဦးပဲ ဇက ဘယ်သေးမလဲ၊ စပယ်ယာကို ချဲလင့် ခေါ်လိုက်တယ်၊ သတိ္တရှိရင် တစ်ယောက် ချင်း ချမလားလို့ စိန်ခေါ်လိုက်တာ’’

‘‘အဲဒီတော့ …’’

‘‘ပထမတော့ စပယ်ယာက ငြိမ်နေ တယ်ဗျ၊ ကျွန်တော်ကလည်း မူးမူးနဲ့ ထပ်တလဲလဲ စိန်ခေါ်နေတော့ စပယ်ယာက လည်း ချမယ်၊ ထိုးမယ်ဖြစ်ပါလေရော’’

‘‘ဒီတော့ …’’

‘‘ဒီတော့ကာ … ခရီးသည်တွေက စပယ်ယာကို ဝိုင်းတားတယ်၊ မူးနေတဲ့သူ နဲ့ မဖြစ်ပါနဲ့တဲ့၊ အဲဒီအချိန်မှာ ကျွန်တော် ကလည်း စပယ်ယာမခံချင်အောင် အမျိုး မျိုးပြောပြီး စိန်ခေါ်လိုက်တယ်’’

‘‘ဒါနဲ့ ချဖြစ်ရောလား’’

‘‘ဆိုတော့ကာ … စပယ်ယာက ဘာပြောလဲဆိုတော့ ကားပေါ်မှာ ခရီးသည် တွေ ထိခိုက်မှာစိုးလို့ ကားအောက်ဆင်းပြီး တစ်ယောက်ချင်းချမယ် ပြောတော့တာပဲ၊ ဒီတော့ ကားရပ်ခိုင်းပြီး ကားအောက်ကို ဆင်းလိုက်တယ်၊ စပယ်ယာကလည်း ကား အောက်ကို ဆင်းတယ်’’

‘‘ပွဲကြီးပွဲကောင်းပဲ’’

‘‘မကောင်းလိုက်ဘူးဗျ’’

‘‘ဘာဖြစ်လို့’’

‘‘ကားအောက်ရောက်လို့ ဖိုက်တင် လုပ်ဖို့ ကျွန်တော်က ပုဆိုး ခါးတောင်းကျိုက် နေတုန်းရှိသေးတယ်၊ စပယ်ယာက ကား ပေါ်ခုန်တက်ပြီး ဒရိုင်ဘာကို ဆွဲဆရာရေ အမူးသမားရန် ရှင်းသွားပြီဆိုပြီး ကား မောင်းထွက်သွားတယ်’’

‘‘ဟောဗျာ’’

‘‘ကျွန်တော်က မူးနေတော့ ကားပေါ် မှာ မရှိစေချင်လို့ ကားပေါ်ကဆင်းအောင် ပညာနဲ့ ကားပေါ်က ချသွားတာလေ၊ စပယ် ယာက အမူးသမားကို ကောင်းကောင်း ပညာပေးသွားတာ၊ ကျွန်တော်လည်း ဒီတော့ကာ …’’

‘‘ဟား ဟား …ဟား ဟား …’’

သန်လျင်မောင်မောင်ဦး စကားကို နားထောင်ရင်း ကျွန်တော် အားပါးတရ ရယ်မိလိုက်သည်။ မျက်လုံးထဲမှာလည်း ခါးတောင်းကျိုက်ပြီး စိန်ခေါ်နေပုံကို မြင် ယောင်နေမိသည်။

(သန်လျင်မောင်မောင်ဦး ပြောပြချက်ကို ပြန်လည်ရေးသားပါသည်)

ချစ်နွေမိုး

LEAVE A REPLY

Please enter your comment!
Please enter your name here