ပစ္စက္ခနှင့် ကိုက်ညီစေရန် သတိချပ်သင့်သော ဝင်ငွေခွန်ဥပဒေ

211

 

ကိုဗစ်ကာလနောက်ပိုင်း မူဝါဒလှုပ်ခတ်မှုများတွင် လတ်တလော စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေများအပေါ်ကောက်ခံသည့် ဝင်ငွေခွန် လျှော့ပေါ့ပေးမှုအား ပယ်ဖျက်သည်ဆိုသည့် အချက်ပါဝင်သော လွှတ်တော်သို့ တင်သွင်းထားသည့် ၂ဝ၂ဝ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမူကြမ်းပင် ဖြစ်သည်။ မူဝါဒဆင့်ကဲဖြစ်စဉ်များကြား မြန်မာ့စက်မှုနယ်ပယ် မော်တော်ယာဉ်လောကသည် ဖွံ့ဖြိုးတိုးတက်မှု မကြာခဏ နှောင့်နှေးရသည့်ဖြစ်စဉ်များရှိခဲ့ရာ လက်ရှိနိုင်ငံ၏ စီးပွားရေးလုပ်ငန်း များနှင့် ပြည်သူများ၏ ရုန်းကန်နေရသည့် အခြေအနေတွင် မူဝါဒချမှတ်မှုများ မှန်ကန်တည့်မတ်ရေးသည် နိုင်ငံ့စီးပွား ဖွံ့ဖြိုးမှုအပိုင်းအတွက် အရေးကြီးသည့် အချက်ပင်ဖြစ်သည်။

မူဝါဒတို့၏ အစ
မြန်မာ့ကားလောကသည် ၂ဝ၁၁ ခုနှစ်မတိုင်ခင် ဆယ်စုနှစ်ပေါင်းများစွာ ထိန်းချုပ်ခံခဲ့ရသောကြောင့် မော်တော်ယာဉ်တစ်စီး၏တန်ဖိုးသည် ပုံမှန်ထက်အဆများစွာ မြင့်တက်ခေါင်ခိုက်နေခဲ့ရာမှ ၂ဝ၁၁ ခုနှစ်မှစ၍ ကားတင်သွင်းမှုများ ဖြေလျှာ့ပေးလိုက်ချိန်တွင် လူတိုင်းလွတ်လပ်စွာ မော်တော်ယာဉ်တင်သွင်းခွင့်ရရှိခဲ့သည့်အတွက် နှစ်နှစ်ဆယ်သက်တမ်း ပြည့်လုနီး စျေးကြီးကားစုတ်အများအပြားနှင့် ဟောင်းနွမ်းနေသော မြို့များသည် သစ်လွင်သောကားများဖြင့် လမ်းမများပေါ် အရောင်တောက်ပလာခဲ့သည်။ သို့ရာတွင် အဆိုပါ ကားသစ်သစ်လွင်လွင်များမှာ ထိုအချိန်က ဂျပန်တစ်ပတ်ရစ်များသာဖြစ်သော်လည်း ကြံ့ခိုင်မှုအရည်အသွေးကြောင့် မြန်မာတို့ ဂျပန်ညာမောင်းကားများအပေါ် သဘော ခွေ့ခဲ့ကြသည်။
ထို့နောက် အိုဟောင်းအပ်နှံကာ စလစ်ကပ်ကားတင်သွင်းခွင့်နှင့် အသက် ၁၈ နှစ်ပြည့်သူတိုင်း လွတ်လပ်စွာ ကားတင်သွင်းခွင့်ပြုခဲ့သည့်အတွက် ကားများတင်သွင်းကြရာ အဆင်သင့်မဖြစ်သေးသည့် ရန်ကုန် လမ်းမများပေါ်တွင် ကားများဖြင့် ပြည့်ကျပ်ပြီး ယာဉ်ကြောပိတ်ဆို့မှုနှင့် ထိပ်တိုက်တွေ့တော့သည်။ ထိုအခါ ယာဉ်ကြောပိတ်ဆို့မှု လျော့ကျစေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းခွင့် ပိတ်လိုက်ရာ ရန်ကုန်လိုင်စင်နှင့် နယ်လိုင်စင်တို့အကြား စျေးကွာဟမှုများ ရှိလာပြီး ရန်ကုန်မြို့တွင် နယ်လိပ်စာ နယ်လိုင်စင်ကားများ ဥဒဟိုများ ပြားခဲ့သည်။ တစ်ဖက်တွင်လည်း ရန်ကုန်လိုင်စင်ပိတ်လိုက်သည့်အတွက် ရန်ကုန်လိုင်စင်ရရှိထားသည့် ကားဟောင်းများကိုသာ ပြန်လည်ဝယ်ယူ စီးနင်းကြရသည်ဖြစ်ရာ အချိန်နှင့်အမျှ အဆိုပါကားများ၏ အရည်အသွေး တဖြည်းဖြည်းကျဆင်းလာခဲ့သည်။

ညာမောင်းမှ ဘယ်မောင်းသို့
ထို့နောက် မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒများ နှစ်အလိုက်ပြောင်း လဲရာတွင် မြန်မာနိုင်ငံ၏ လက်ယာကပ်မောင်းသည့် ယာဉ်လမ်းကြောစနစ်နှင့် ကိုက်ညီစေရန်ဟူသောအချက်ဖြင့် ဘယ်မောင်းကားများ စတင်တင်သွင်းစေခဲ့ပြီး ညာမောင်းကားတင်သွင်းမှုကို အဆင့်ဆင့်လျှော့ချခဲ့ရာမှ ယခုအခါ ဘယ်မောင်းကားများသာ တင်သွင်းခွင့်ရရှိတော့သည်။ ကား ဟောင်းများနေရာတွင် ပြည်သူများ ပြည်တွင်းထုတ် Brand New ကားသစ်များ စျေးနှုန်းသက်သာစွာနှင့် စီးနင်းနိုင်ရေး ရည်ရွယ်ချက်ဖြင့် အခွန်လျှော့ပေါ့ကာ ပြည်တွင်း၌ SKD ၊ CKD စနစ်ဖြင့် ဘယ်မောင်း ကားသစ်များ တပ်ဆင်ထုတ်လုပ်ခွင့်ပြုခဲ့သောကြောင့် ကားအမှတ် တံဆိပ်မျိုးစုံ ဝင်ရောက်လာသည့်အတွက် လက်ရှိတွင် မြန်မာ့ကားစျေးကွက်သည် တစ်ပတ်ရစ်ကားဟောင်းစျေးကွက်မှသည် ရန်ကုန်လိုင်စင် ရယူနိုင်သည့် မူဝါဒအားသာချက်ဖြင့် SKD ကားသစ်များ ဦးဆောင်နေ သော ဘယ်မောင်းကားသစ်စျေးကွက်သို့ ပြောင်းလဲရောက်ရှိနေပြီဖြစ် သည်။ ညာမောင်းကားများ၏ အမာခံပရိသတ်များ ရှိနေဆဲဖြစ်သော်လည်း မူဝါဒ ဆင့်ကဲသက်ရောက်မှုများကြောင့် ညာမောင်းဂျပန်ကားဟောင်းများ၏စျေးကွက်ဝေစုမှာ တတိတိဖြင့် SKD ကားသစ်စျေးကွက်သို့ ဖဲ့ဝေပေး နေရပြီ ဖြစ်သည်။ CBU ဖြင့် တင်သွင်းသည့် ကားသစ်စျေးကွက်မှာလည်း SKD ကားများလောက် စျေးကွက်အသာစီးမရတော့ချေ။

ဝင်ငွေခွန် အကျိုးဆက်များ
မူဝါဒပြောင်းလဲမှုများ၏ အကျိုးဆက်များထဲတွင် ယခုအစိုးရ လက်ထက်အတည်ပြုခဲ့သည့် ၂ဝ၁၈-၂ဝ၁၉ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ဝင်ငွေအလွာအလိုက် ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်း ၂ဝ ရာခိုင်နှုန်း၊ ၃ဝ ရာ ခိုင်နှုန်းသို့ ပြောင်းလဲကောက်ခံခဲ့သည့်အတွက် အကျိုးဆက်အနေဖြင့် မော်တော်ယာဉ်အမည်ပြောင်းပြုလုပ်ခြင်းများ နည်းပါးခဲ့ပြီး ယာဉ်ပိုင်ရှင်နှင့် ယာဉ်အမည်ပေါက်ကွဲလွဲမှုများ ပေါများလာခဲ့ကာ ရာဇဝတ်မှုခင်းများ ဖော်ထုတ်ရာတွင်လည်း အခက်အခဲများ ပို၍ဖြစ်လာသည်။ ထိုအချက်ကို အခြေခံ၍ မော်တော်ယာဉ်များ ပိုင်ရှင်အမည်ပေါက် ပြန်လည်ပြုလုပ်လာ စေရန် ၂ဝ၁၈ ခုနှစ်တွင် မြှင့်တင်ကောက်ခံခဲ့သည့် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေများအား ဝင်ငွေအလွာအလိုက် ၃ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်း၊ ၁ဝ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်း၊ ၃ဝ ရာခိုင်နှုန်းသို့ ၂ဝ၁၉ ခုနှစ် အခွန်အကောက်ဥပဒေတွင် လွှတ်တော်ဆုံးဖြတ်ချက်ရယူပြီး ပြန်လည်ပြောင်းလဲကျင့်သုံးခဲ့ပြန်သည်။ ယင်းသို့ ဝင်ငွေခွန်လျှော့ချကောက်ခံ ပေးခဲ့သည့်အတွက် ကားသစ်၊ ကားဟောင်းများလည်း စျေးကွက်ဝေစုအသီး သီးဖြင့် ပုံမှန်ပြန်လည်လည်ပတ်နေရာမှ ၂ဝ၂ဝ ပြည့်နှစ် နှစ်ဦးပိုင်းကာလတွင် ဝန်ထမ်းများအတွက် အခွန်လွတ်ကားပါမစ်ဂယက်ထွက်ပေါ်လာရာ အရှိန်ရနေပြီဖြစ်သည့် ပြည်ပရင်းနှီးမြှုပ်နှံမှုများအပေါ် ထိုးနှက်သကဲ့သို့ ဖြစ်ခဲ့ပြန်ပြီး အရွေ့တစ်ခုသို့ ရောက်နေသော မြန်မာ့ကားလောက၏ အဟုန်ကို ရှေ့မဆက်နိုင်ရန် အရှိန်သတ်ဘိသကဲ့သို့ ဖြစ်ခဲ့ရပြန်သည်။ အဆိုပါ ဝန်ထမ်းကားပါမစ်၏ သက်ရောက်မှုများအပေါ် လူပြောသူပြောများပြီး စီးပွားရေးအသိုင်းအဝိုင်းက မကျေနပ်ကြောင်း နည်းမျိုးစုံဖြင့် ဖော်ထုတ်သည့်အခါကျမှ ယာယီဆိုင်းငံ့သည်ဟူ၍ သမ္မတရုံး၏ညွှန်ကြားချက်ဖြင့် အဆိုပါ ကားတင်သွင်းခွင့်သည်လည်း ယာယီရပ်တန့်ခဲ့သည်။ နဂိုက နာလန်ထနိုင်ခြင်းမရှိသည့် ကားလုပ်ငန်းနယ်ပယ်သည် ဝန်ထမ်းကားပါမစ်ရပ်တန့်ပြီဆိုသည့်အတွက် တလှုပ်လှုပ်နှင့် ပြန်လည်အစပျိုးမည်ကြံကာရှိသေး ကိုဗစ်ကပ်ရောဂါဂယက်ကြောင့် လုံးဝဥသုံ စျေးကွက် ပျောက်ခဲ့သည်။

ကိုဗစ်မှ ပြန်လည်ရုန်းထသော်ငြား …
မြန်မာနိုင်ငံအတွင်းသို့ ကိုဗစ်-၁၉ ကပ်ရောဂါပိုး ဝင်ရောက်လာပြီ ဆိုကတည်းက လော့ဒေါင်းကာလအတွင်း ကားနှင့်ပတ်သက်သည့် လုပ်ငန်းများအပြင် စီးပွားရေးအားလုံး တန့်ရပ်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ပြည်သူအားလုံး ရေရှည်အလုပ်မလုပ်ဘဲ ရပ်တည်ဖို့မဖြစ်နိုင်ကြသည့် အတွက် အစိုးရ၏ လော့ဒေါင်းကာလ မပြည့်ခင်ကတည်းက လက်လုပ် လက်စားများမှ အချို့ဝန်ထမ်းများ၊ လုပ်ငန်းရှင်များသည် လုပ်ငန်းခွင်များကို ကျန်းမာရေး စည်းကမ်းနည်းလမ်းများနှင့်အညီ ပြန်လည်စတင်ကြရသည်။ လော့ဒေါင်းကာလ ပြည့်မြောက်ပြီဆိုသည်နှင့် လုပ်ငန်းခွင်များ ပြန်လည် ဝင်ရောက်ကြရပြီး လက်လုပ်လက်စားများလည်း အလုပ်ရရှိရေး၊ ရောင်း နိုင်ဝယ်နိုင်ရေး၊ လုပ်ငန်းရှင်များသည်လည်း ဝန်ထမ်းများ အလုပ်အကိုင် အခွင့်အလမ်းများ တတ်နိုင်သလောက်ပေးနိုင်ရေး စသဖြင့် လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန် အားသွန်ခွန်စိုက် လုပ်ဆောင်ကြရပြန်သည်။ သို့မှသာ နိုင်ငံ့စီးပွားလည်း ပြန်လည်ဦးမော့မည် ဖြစ်သည်။ ကိုဗစ်ဗိုင်း ရပ်စ်၏ ဘေးကိုလည်း သတိကြီးစွာဖြင့် လုပ်ဆောင်နေကြရသလို ထိုအထဲတွင် ဗိုင်းရပ်စ်ကို မတတ်သာသဖြင့် လျစ်လျူရှု၍ ဝမ်းစာရေး ဖြေရှင်းနေရသူများလည်း ဒုနှင့်ဒေးပင် ဖြစ်သည်။

ထိုသို့ အခက်အခဲ အကျပ်အတည်းကာလတွင် မြန်မာ့ကားလောက သည်လည်း ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေး တာစူနေကြရသည်။ အရောင်းအဝယ်များ ပုံမှန်ပြန်ဖြစ်ရေးနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ မဖြစ်မနေ မော်တော်ယာဉ်လိုအပ်ချက်ရှိသည့် ပြည်သူများ ချိတ်ဆက်လုပ်ဆောင်ကြရသည့် မော်တော်ယာဉ်ဆိုင်ရာ လုပ်ငန်းဆောင်တာများကိုလည်း ကျန်းမာရေးဝန်ကြီးဌာန၏ ညွန်ကြား ချက်များအတိုင်း စီစဉ်ဆောင်ရွက်ကာ ဟန်ချက်ညီညီကြိုးပမ်းနေကြချိန် လည်း ဖြစ်သည်။ ထိုသို့ အစပျိုးကာစတွင်ပင် ဝန်ထမ်းကားပါမစ်များ အပြီးတိုင်ပိတ်ထားခြင်းမဟုတ်ဘဲ သမ္မတရုံးမှ ခွင့်ပြုချက်ရသည်နှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွား/ကူးသန်းဒုတိယဝန်ကြီး၏ ပြောဆိုချက်ကြောင့် သို့လောသို့လောဖြင့် ခြေလှမ်းပြင်နေသည့် အရောင်းအဝယ်အချို့ နှေးကွေးသွားရပြန်သည်။

ရင်တထိတ်ထိတ်ဖြစ်ရသော မူဝါဒပြောင်းလဲချိန်များ
များမကြာမီတွင်ပင် အခွန်အကောက်ဥပဒေ မူကြမ်းကို လွှတ်တော်တွင် ဆွေးနွေးရန်တင်ပြရာ၌ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေများကို ၂ဝ၁၉ ခုနှစ်က လျှော့ချသတ်မှတ်ခြင်းအား ပယ်ဖျက်သည့် အချက်လည်း ပါဝင်လာသည်။ မော်တော်ယာဉ်မူဝါဒများ၊ အခွန်အကောက် ဆိုင်ရာဥပဒေမူဝါဒများသည် နှစ်စဉ် အပြောင်းအလဲများ ပြုလုပ်နေကျဖြစ်သော်လည်း ပြည်သူများမှာ မူဝါဒရိုက်ချက်များအပေါ် စိုးရိမ်မှုများ ရှိနေတတ်ကြပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရံဖန်ရံခါ အဆီအငေါ် မတည့်သော မူဝါဒများ၊ ကြေညာချက်များကြောင့် စီးပွားရေးနယ်ပယ်တွင် ကမောက်ကမများဖြစ်ခဲ့ကြပြီး Social Media များတွင် အများစုဝိုင်းဝန်းထောက်ပြ ပြစ်တင်ကြမှသာ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်လေ့ရှိသည့်အတွက် နှစ်စဉ် ဥပဒေများ၊ မူဝါဒများ အပြောင်းအလဲကာလများ ရောက်သည့်အခါ ပြည်သူအများ ရင်တထိတ်ထိတ်ဖြင့် လုပ်ကိုင်ဆောင် ရွက်ကြရလေ့ရှိသောကြောင့် ဖြစ်သည်။ ယခုလက်ရှိ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေများအား လျှော့ချကောက်ခံနေခြင်းကို ပယ်ဖျက်လိုက်ပါက ပုံမှန်အတိုင်း ၃ဝ ရာခိုင်နှုန်းဖြင့် စည်းကြပ်မည်ဖြစ်ရာ ယင်းသို့သာ လွတ်တော်မှ ဆက်လက်အတည်ပြုခဲ့လျှင် ကိုဗစ်ကာလ စီးပွားရေးကျပ်တည်းမှုများကြောင့် အိမ်၊ ခြံ၊ မြေ၊ ကားရောင်းဝယ်မှုများ လျော့နည်းသွားမည်ဖြစ်သကဲ့သို့ အခွန်ရှောင်လိုသူများသည်လည်း နည်းလမ်းမျိုးစုံဖြင့် ရှာကြံရှောင်ရှားကြဦးမည်ပင် ဖြစ်သည်။

ပစ္စက္ခနှင့် ကိုက်ညီစေဖို့လို
ထို့ကြောင့် လွတ်တော်တွင်တင်သွင်း၍ ဒီမိုကရေစီနည်းလမ်းကျ ဥပဒေများ သတ်မှတ်ပြ႒ာန်းခြင်းမှာ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ၏ လုပ်ရိုးလုပ်စဉ်သာ ဖြစ်သော်လည်း လက်ရှိခေတ်အခြေအနေ၊ လတ်တလော ကပ်ရောဂါဘေးကြောင့် နိုင်ငံနှင့် ပြည်သူတို့၏ အနေအထားများကို ချင့်ချိန်၍ အများအကျိုးပြုမည့်၊ နိုင်ငံအတွက်လည်း မနစ်နာစေသည့် ဥပဒေများကို ပြည်သူကိုယ်စားပြု ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ တညီတညွှတ်တည်း ဖော်ဆောင်နိုင်ရန်မှာ အရေးကြီးသည့် အချက်တစ်ချက်ပင် ဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here