နှစ်သစ်တွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြန်လည်ရုန်းကန်တော့မည့် YBS ယာဉ်လိုင်းများနှင့် ယာယီဆိုင်းငံ့ပေးရန်လိုအပ်နေသည့် ဘဏ်ကြွေးမြီများ

88

 

ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးလုပ်ငန်းအများစု ထိခိုက်ဆုံးရှုံးမှုများနှင့် ကြုံနေကြရသည်။ ကပ်ရောဂါကာလအတွင်း ဖြစ်ပေါ်ခဲ့ကြသည့် ဆုံးရှုံးမှုများကို ကုစားပြီး လုပ်ငန်းများ ပြန်လည်နာလန်ထူနိုင် ရန် လုပ်ငန်းရှင်များ ကြိုးစားရုန်းကန်နေကြပါသည်။ ထိုကဲ့သို့ ကြိုးစားရုန်းကန်ကြရာတွင် သက်ဆိုင်ရာဌာနများ၏ချေးငွေကဲ့သို့ စီးပွားရေးဆိုင်ရာ အထောက်အပံ့များ ရရှိသည်များရှိသလို ကိုယ်ထူကိုယ်ထ ပြန်လည် ရပ်တည်ကြရသည့် လုပ်ငန်းများလည်းရှိနေသည်။ ထိုအထဲတွင် ရန်ကုန် မြို့၏ သယ်ယူပို့ဆောင်ရေးကဏ္ဍတစ်ခုဖြစ်သည့် Yangon Bus Service(YBS)လည်း အပါအဝင်ဖြစ်သည်။

Covid-19 ရောဂါ မြန်မာနိုင်ငံကို စတင်ရောက်ရှိလာသည့် အချိန် မှစပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ စီးပွားရေးကျဆင်းလာခဲ့သည်။ ကိုဗစ်ဒုတိယလှိုင်းအတွင်း Stay at Home အမိန့်ထုတ်ပြန်ကြေညာခဲ့သည့် အချိန်တွင်မူ ခရီးသွားမရှိသလောက် ကျဆင်းသွားသည့်အတွက် ယာဉ်လိုင်း ပြေးဆွဲခြင်းများပါ ရပ်တန့်လုနီးပါး အခြေအနေမျိုးနှင့် ကြုံခဲ့ရသည်။ ယခု အခါတွင် Covid-19 ရောဂါသည် မည်သည့်အချိန်အထိရှိနေမည် မသိနိုင်သည့်အတွက် ကျန်းမာရေးနှင့်အညီ ကိုဗစ်နှင့်အတူယှဉ်တွဲ၍ လုပ်ငန်း ကဏ္ဍအသီးသီးကို ပုံမှန်အတိုင်း ပြန်လည်လုပ်ဆောင်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်မှုများလည်း ရှိခဲ့သည်။ ယင်းအခြေအနေအရ ၂၀၂၁ ခုနှစ်တွင် လုပ်ငန်းများအားလုံး ပြန်လည် ပတ်ကြရမည်ဖြစ်ပြီး YBS ယာဉ်လိုင်းများအနေဖြင့် ဆုံးရှုံးမှုများ ရှိနေသော်လည်း ယာဉ်လိုင်းအားလုံး ပုံမှန်ပြန်လည် လည်ပတ်နိုင်ရန် လိုအပ် နေပြီဖြစ်သည်။

ယင်းနှင့်ပတ်သက်ပြီး Power Eleven ကုမ္ပဏီဥက္ကဋ္ဌ ကိုသက်တင်ဝင်း (ခ) ကိုတရုတ်လေးက “YBS က အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်တဲ့အတွက် တခြားစီးပွားရေးတွေလို မားကတ်တင်း ချဲ့ထွင်လို့မရဘူး၊ ဥပမာ တခြားစီးပွားရေးဆို လုပ်ငန်းတိုးတက်ဖို့အတွက် Customer ရဲ့လိုအပ်ချက်ကို ဝန်ဆောင်မှုကောင်းကောင်းပေးပြီး ဈေးနှုန်းတစ်ခု သတ်မှတ်ပြီး တိုးတက်အောင်လုပ်လို့ရတယ်၊ ဒီလုပ်ငန်းကျတော့ အဲဒီလို မရဘူး၊ ဘတ်စ်ကားခ နှစ်ရာသတ်မှတ်ထားရင် သိန်း နှစ်ရာတန် ကားနဲ့ ဆွဲလည်း ကားခ နှစ်ရာပဲ၊ သိန်းတစ်ထောင်တန်ကားနဲ့ ပြေးဆွဲလည်း ကားခ နှစ်ရာပဲ၊ ဒါက အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်း ဖြစ်တဲ့အတွက် ယာဉ်စီးခကို ကန့်သတ်ထားတယ်၊ တခြားစီးပွားရေးတွေလို ပိုမြတ်အောင် လုပ်လို့မရဘူး၊ ပိုရုန်းကန်ရပါတယ်၊ အဲဒီမှာက ဘတ်စ်ကားတွေရဲ့ တန်ဖိုးလျော့ကျ ကုန်ပစ္စည်းတန်ဖိုးဆိုတာ ရှိတယ်၊ ဘတ်စ်ကားရဲ့ Life Time ဆိုတာ ရှိတယ်၊ Brand New ကားဆိုရင် ၁၀ နှစ်၊ Used ကားဆိုရင် ငါးနှစ်ဆိုပြီး ရှိတယ်၊ YBS မှာ Brand New ကားက ၂,၅၀ဝ ဝန်းကျင်ရှိတယ်၊ Used ကားက ၃,၅၀ဝ ကျော်ရှိတယ်၊ Brand New ကားရဲ့ Life Time သုံးလေးနှစ်ပဲ ရှိသေးတယ်၊ Used ကားတွေ ဖြစ်တဲ့ အစီး ၃,၅၀ဝ ကျော်ရဲ့ သက်တမ်းက သိပ်မကျန်တော့ဘူး၊ အဲဒီအတွက် ပိုရုန်းကန်ကြရတယ်၊ အကျဘက်ကို ရောက်နေတဲ့အတွက် ယာဉ်အပိုပစ္စည်း ဈေးနှုန်းတွေနဲ့ အမြတ်ရဖို့မရှိတော့ဘူး၊ အခုက ရောဂါနဲ့အတူ ယှဉ်တွဲပြီး စီးပွားရေးပုံစံတွေ ပြောင်းလုပ်ကြရမယ်ဆိုပြီး ဦးတည်နေတဲ့ သဘောရှိနေပါတယ်၊ ဒါပေမဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းဖြစ်တဲ့အတွက် တခြား လုပ်ငန်းတွေထက် ၂၀၂၁ မှာ ပိုရုန်းကန်ကြရပါမယ်”ဟု ပြောသည်။

YBS စနစ်သစ် စတင်လာခဲ့သည်မှာ လေးနှစ်တာကာလသို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။ စနစ်သစ်စတင်ချိန်တွင် ဘတ်စ်ကားအသစ်များ တင်သွင်း၍ ပြေးဆွဲကြသည့် ဘတ်စ်ကားကုမ္ပဏီများလည်း ရှိနေသည်။ ဘတ်စ်ကားအသစ်တစ်စီး၏ အရင်းကျေကာလသည် ခုနစ်နှစ်မှ ရှစ်နှစ် အထိရှိနေပြီး လက်ရှိအချိန်သည် ဘတ်စ်ကားအသစ်များ၏ အရင်းကျေ ကာလ ရောက်ရှိစေရန် လေးနှစ်ဝန်းကျင်အထိ ကျန်ရှိနေသေးကြသည့် အပြင် ကိုဗစ်ကာလအတွင်း အရှုံးများကိုလည်း ဆက်တိုက် ရင်ဆိုင်နေ ကြရသည်။ သို့သော် လက်ရှိအချိန်တွင် ကိုဗစ်နှင့်အတူ လုပ်ငန်းများ ပြန်လည် လုပ်ကိုင်ကြရန် ဦးတည်နေကြသော်လည်း ပုံမှန် ပြန်လည် ပတ်နိုင်ရန် အချိန်ကာလ မည်မျှ ကြာရှည်မည်မသိသည့်အတွက် ၂၀၂၁ ခုနှစ်တွင် လုပ်ငန်းများ ပြန်လည်ပတ်နိုင်ရန် အခက်အခဲများ ရှိနေဆဲပင် ဖြစ်သည်။ ထိုအထဲတွင် ဘတ်စ်ကားအသစ်များ ဝယ်ယူစရိတ်အတွက် ပေးသွင်းရမည့် ဘတ်စ်ချေးငွေသည် အကြီးမားဆုံး အခက်အခဲ တစ်ခု ဖြစ်နေသည်။

“ကိုဗစ်ကာလအတွင်းမှာက အခက်အခဲတွေ၊ အရှုံးတွေနဲ့ ရင်ဆိုင်လာခဲ့ကြရတယ်၊ ခရီးသွားတွေ အဆင်ပြေအောင်၊ ယာဉ်လုပ်သားတွေ အလုပ်အကိုင်ရရှိအောင် ကြိုးစားပြေးဆွဲလို့ရကြပေမဲ့ ယာဉ်တွေ ဝယ်ယူထားတဲ့ ဘဏ်အကြွေးကတော့ အတိုးတောင် မပေးဆပ်နိုင်တဲ့ အနေအထားတွေ ဖြစ်နေတယ်၊ အဲဒီတော့ ၂၀၂၁ ခုနှစ်မှာ လုပ်ငန်းတွေလည်း ပြန်လည်ပတ်ကြဖို့ အလားအလာရှိတယ်၊ ဒါပေမဲ့ ပုံမှန်ပြန်ဖြစ်ဖို့ကာလက ပြောလို့မရသေးဘူး၊ အဲဒါကြောင့် ပုံမှန်ပြေးဆွဲဖို့ ကိုယ်ထူကိုယ်ထ ကြိုးစားရုန်းကန်လို့ရတယ်ဆိုပေမဲ့ အဲ့ဒီကာလမှာ ဘဏ်ချေးငွေတွေကို ဆိုင်းငံ့ ထားပေးဖို့ အရေးကြီးပါတယ်၊ အစိုးရအနေနဲ့ဘဏ်တွေကို အချိန်ကာလတစ်ခုအထိ ဆိုင်းငံ့ပေးဖို့ တောင်းဆိုပေးမှသာ ကုမ္ပဏီဘက်က ပုံမှန် ပြေးဆွဲနိုင်ဖို့၊ လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့အတွက် ကြိုးစားရုန်းကန် အကောင်အထည်ဖော်နိုင်မှာပါ”ဟု Golden Yangon City Transportation (GYCT) ကုမ္ပဏီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ပြောသည်။

ကိုဗစ်စတင်ဖြစ်ပွားပြီး မရှေးမနှောင်းမှာပင် YBS ယာဉ်လိုင်းအချို့ ရပ်နားထားခဲ့ရသည်။ ဧပြီလမှစတင်ကာ လက်ရှိအချိန်အထိ ရပ်နားထားရသည့် ယာဉ်လိုင်းများလည်း ရှိနေပြီး ပြန်လည်ပြေးဆွဲရန် အခက်အခဲ များစွာရှိနေဆဲဖြစ်သည်။ သို့သော် အများပြည်သူ မျှော်လင့်ထားသကဲ့သို့ ၂၀၂၁ ခုနှစ်တွင် လုပ်ငန်းများအားလုံး ပြန်လည်ပတ်ကြရမည်ဆိုပါက YBS ယာဉ်လိုင်းများသည်လည်း အားလုံးနီးပါး ပြန်လည်ပြေးဆွဲကြရန် ကြိုးစားကြရမည်ဖြစ်သည်။ သို့ရာတွင် ကိုဗစ်ရောဂါဖြစ်ပွားနေချိန်လည်း ဖြစ်သလို အရှုံးကာလကိုလည်း ရင်ဆိုင်နေကြရသည့်အတွက် ယင်းအခြေအနေများကို အကောင်းဆုံးဆက်လက် ရင်ဆိုင်နိုင်ရန် ၂၀၂၁ ခုနှစ်တွင် ယာဉ်လိုင်းကုမ္ပဏီများအနေဖြင့် စနစ်တစ်ခုချမှတ်၍ လုပ်ဆောင်ရန်လို အပ်မည်ဖြစ်သည်။

Omni Focus General Services Public Co.,Ltd မန်နေဂျင်း ဒါရိုက်တာ ကိုထွန်းတောက်ဝင်းက “ကိုဗစ်နှင့်အတူယှဉ်တွဲပြီး လုပ်ငန်းတွေ လုပ်ကိုင်ကြရတော့မယ်ဆိုပြီး အားလုံးပြင်ဆင်နေကြတာ တွေ့ရပါတယ်၊ အဲ့ဒီလိုဆိုရင်တော့ ယာဉ်လိုင်းတွေလည်း အကုန်ပြန်လည်ပတ်ရမှာပါ၊ အခုက ကိုဗစ်ကာလဆိုတော့ ပုံမှန်လည်ပတ်နိုင်ဖို့ အတော့်ကိုကြိုးစား ရုန်းကန်ကြရမယ်၊ အစိုးရမှာလည်း ဒီရောဂါကြောင့် ကုန်ကျစရိတ်တွေ အများကြီးဖြစ်နေတဲ့အတွက် ကိုယ်ထူကိုယ်ထစနစ်နဲ့ပဲ လည်ပတ်ကြရမှာပါ၊ အဓိက အခက်အခဲက ကုမ္ပဏီတွေမှာ ဘတ်စ်ကားဝယ်ထားရတဲ့ ဘဏ်အကြွေးတွေရှိကြတယ်၊ YBS ကုမ္ပဏီတွေ ပြန်လည်ပတ်နိုင်ဖို့အတွက် ဘဏ်အကြွေးတွေကို ဆိုင်းငံ့ကာလတစ်ခု ထားပေးစေချင်ပါတယ်”ဟု ပြောသည်။

YBS စနစ်သစ်ကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်တွင် စတင် ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး လေးနှစ်တာကာလသို့ ရောက်ရှိပြီဖြစ်သည်။ လက် ရှိအချိန်တွင် YBS ကုမ္ပဏီပေါင်း ၁၉ ခုရှိပြီး ယင်းတွင် ယာဉ်အသစ်များ ဝယ်ယူပြေးဆွဲခဲ့သည့် ကုမ္ပဏီများလည်း ပါဝင်ကာ ဘတ်စ်ကားများဝယ် ယူထားသည့် ဘဏ်ချေးငွေ အခက်အခဲကို ရင်ဆိုင်နေကြရသည်။ Covid-19 မတိုင်မီကာလတွင် ရန်ကုန်အတွင်း YBS စီး ခရီးသည် ၁ ဒသမ ၉ သန်းမှ ၂ ဒသမ ၅ သန်းအထိရှိခဲ့ပြီး ယာဉ်အစီး ငါးထောင် ဝန်းကျင်ဖြင့် နေ့စဉ်ပြေးဆွဲပေးခဲ့သည်။ ကိုဗစ်ကာလအတွင်း ယာဉ်စီးခရီးသည်များ လျော့ကျသွားသလို ယာဉ်လိုင်းအချို့ လက်ရှိအချိန်အထိ ရပ်နားထားရဆဲ ဖြစ်သည်။ ယင်းကာလများတွင် YBS စီး ခရီးသည် နှစ်သောင်းကျော်အထိ လျော့ကျခဲ့ပြီး အများဆုံး ၁၀ သိန်းဝန်းကျင်အထိသာ ရှိခဲ့သည်။ လက်ရှိအချိန်တွင်မူ YBS စီးခရီးသည် ငါးသိန်းကျော်ကို ယာဉ် အစီး သုံးထောင်ကျော်ဖြင့် ပြေးဆွဲပေးနေရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here