နှစ်သစ်ကူးကာလ 2018 Honda Scoopy i စျေးကွက်တွင်း ဝင်လာမှု နှင့်အတူ ဆိုင်ကယ် အမှတ်တံဆိပ်အစုံအရောင်းသွက်နေသည့် မန်း ဆိုင်ကယ်စျေးကွက်

3400

မန္တလေး၊ဧပြီ

မြန်မာနှစ်သစ်ကူးကာလ ဧပြီလ စတုတ္ထပတ်တွင် ၂ဝ၁၈မိုဒယ် Honda Scoopy i ဆိုင်ကယ်များ မန္တလေးမြို့သို့ စတင်ဝင်ရောက်လာခဲ့ပြီး ထိုင်း၊အိန္ဒိယ၊တရုတ် စသော ဆိုင်ကယ် အမှတ်တံဆိပ် အစုံ အရောင်းသွက်နေကြောင်း မန္တလေးမြို့ ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ကိုင်နေသူများထံမှ သိရသည်။

”ဒီရက်ပိုင်း၂ဝ၁၈ မိုဒယ် Honda Scoopy i တွေ စဝင်လာတဲ့အတွက် ကြိုတင်မှာယူထားကြတဲ့သူတွေနဲ့ တော်တော်လေး ရောင်းရတယ်၊ တစ်ရက်ကို ၂ဝ၁၈ မိုဒယ် Honda Scoopy i ချည်း ၁ဝ စီး ဝန်းကျင်သွားတယ်၊ အများစုက မန္တလေးမြို့ပေါ်ကရော တံတားဦး၊ ကျောက်ဆည်၊မုံရွာ စတဲ့နယ်ဖက်တွေကအဝယ်များတယ်”ဟု မန္တလေးမြို့ Ever OK ကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ကိုဥက္ကာဇွဲလွင် က ပြောသည်။

မန္တလေးစျေးကွက်အတွင်းသို့ ၂ဝ၁၈မိုဒယ် Honda Scoopy i များ စတင်ဝင်ရောက်လာပြီဖြစ်သော်လည်း လိုအပ်ချက်ပြည့်မီအောင် မရရှိသေးသဖြင့် ၂ဝ၁၇ မိုဒယ် Honda Click, Scoopy i ဆိုင်ကယ်များလည်း အရောင်းသွက်နေပြီး NCX Myanmar မှ တင်သွင်းသော Honda Scoopy i နှင့် Wave 100 ဆိုင်ကယ်များမှာမူ စျေးကွက်အတွင်း ပစ္စည်းပြတ်လပ်နေကြောင်း မန္တလေးမြို့ ဆိုင်ကယ် အရောင်းပြခန်းများထံမှ သိရသည်။

”၂ဝ၁၈ မိုဒယ် အပြောင်းအလဲနဲ့ NCX က သွင်းတဲ့ဆိုင်ကယ်တွေတော့ ဒီရက်ပိုင်း စျေးကွက်ထဲ ပြတ်နေတယ်၊ဒီရက်ပိုင်းက ၂ဝ၁၈ မိုဒယ် Scoopy i ပဲ အမေးများအဝယ်များကြတယ်၊ ဒီရက်ပိုင်း လာဝယ်ကြတာတွေဆို အရစ်ကျဝယ်တဲ့သူတောင်နည်းတယ်၊လက်ငင်းဝယ်ကြတာများတယ်”ဟု မန္တလေးမြို့ Honda 84 ဆိုင်ကယ်အရောင်းပြခန်းမှ အရောင်းတာဝန်ခံတစ်ဦးက ဆိုသည်။

မန္တလေးမြို့ Showroom ဆိုင်ကယ်စျေးကွက်တွင် သကြင်္န်ကာလ အပြီး ထိုင်း Honda ၂ဝ၁၈ မိုဒယ် များအပြင် အိန္ဒိယနိုင်ငံထုတ် TVS Wego , Dazz စသော ဆိုင်ကယ်များနှင့် တရုတ်နိုင်ငံထုတ် Yamasuki CZI, Wave 110 စသော ဆိုင်ကယ်များပါ လက်ငင်းရော အရစ်ကျစနစ်ဖြင့်ပါ အရောင်းသွက်ကြောင်း အဆိုပါဆိုင်များထံမှ သိရသည်။

”သကြင်္န်ပြီးနောက်ပိုင်း အိန္ဒိယ TVS Wego နဲ့ Dazz ဆိုင်ကယ်လေးတွေတစ်ရက်ကို ၄ စီး၊ ၅ စီး လောက် ပုံမှန်ရောင်းရတယ်၊တရုတ်ဆိုင်ကယ်တွေထဲမှာတော့ တံဆိပ်သစ်ဆိုင်ကယ်တွေထဲက CZI, Wav 110 စတဲ့ဆိုင်ကယ်လေးတွေလောက်ပဲ တစ်ရက်၂စီး၊၃စီး ရောင်းရတယ်၊ သကြင်္န်မတိုင်ခင်ကထက်စာရင် သကြင်္န်ပြီးနောက်ပိုင်း တော်တော်လေး အရောင်းသွက်လာတယ်”ဟု မန္တလေးမြို့ Yamasuki ဆိုင်ကယ်အရောင်းပြခန်းမှ အရောင်းတာဝန်ခံ မအိကျော်က ဆိုသည်။

မန္တလေးမြို့ Showroom ဆိုင်ကယ်စျေးကွက်တွင် ၂ဝ၁၈ မိုဒယ် ထိုင်း Honda Scoopy i ဒလက်- ကျပ်၂,၅၅ဝ,ဝဝဝ၊ Scoopy i စပုတ် ကျပ် ၂,၅ဝဝ,ဝဝဝ၊၂ဝ၁၇ မိုဒယ် ထိုင်း Click ဒလက်-ကျပ် ၂,၄ဝဝ,ဝဝဝ၊ Click စပုတ် ကျပ် ၂,၃ဝဝ,ဝဝဝ၊ Scoopy i ဒလက်-ကျပ်၂,၄ဝဝ,ဝဝဝ၊Scoopy i  စပုတ် ကျပ် ၂,၃ဝဝ,ဝဝဝ၊ Wave 100- ကျပ် ၁,၁၅ဝ,ဝဝဝနှင့် တရုတ်နိုင်ငံထုတ် CZI P-4 (Sawbwar)-ကျပ်၅၈ဝ,ဝဝဝ၊ ငါးရိုး 125 (Star Sky)ကျပ် ၆၄ဝ,ဝဝဝ၊125 R (Star Sky)ကျပ် ၆၃ဝ,ဝဝဝ၊ Smash(Star Sky)ကျပ် ၆၈ဝ,ဝဝဝ၊ MSX (Star Sky) ကျပ် ၉၈ဝ,ဝဝဝ တို့တွင် ပေါက် စျေးများရှိနေကြောင်း သိရသည်။

မန္တလေးမြို့ဆိုင်ကယ်ဝယ်/ ရောင်းစျေးကွက်တွင်မူ ဧပြီလစတုတ္ထပတ်၌ ထိုင်း မိုဒယ်နိမ့်၂ဝ၁၄နှင့် ၂ဝ၁၅ မိုဒယ် Honda Click, Scoopy i ဆိုင်ကယ်များ၊Yamaha Fino  မိုဒယ်နိမ့်ဆိုင်ကယ်များမှာ အရောင်းသွက်လာပြီး တရုတ်တစ်ပတ်ရစ်ဆိုင်ကယ်များမှာမူ အရောင်းအဝယ်မဖြစ်ကြောင်း ၅၉ ဆိုင်ကယ်ဝိုင်းမှ သိရသည်။

”သကြင်္န်ပြီးနောက်ပိုင်းတော့ ၂ဝ၁၄မိုဒယ်၊၂ဝ၁၅ မိုဒယ် Honda Click,Scoopy i ဆိုင်ကယ်လေးတွေ ရောင်းအားတက်လာတယ်၊တစ်ရက်ကို သုံးစီးဝန်းကျင်ပုံမှန်ရောင်းလာရတယ်၊ များသောအားဖြင့် မန္တလေးမြို့ပေါ်က လာဝယ်တာများတယ်၊ မိုဒယ်နိမ့်ဆိုင်ကယ်တွေက သကြင်္န်မတိုင်ခင် က တောက်လျှောက်အရောင်းပါးလာခဲ့တာ အခုသကြင်္န်ပြီးမှပဲရောင်းရတော့တယ်၊ရှေ့လျှောက်ရောင်းကောင်းလာတော့မယ်လို့ပဲ မျှော်လင့်တယ်”ဟု မန္တလေးမြို့ ၅၉ ဆိုင်ကယ်ဝိုင်းမှ ဝါရင့်ဝယ်/ရောင်းတစ်ဦးက ပြောသည်။

မန္တလေးမြို့ ၅၉ ဆိုင်ကယ်ဝိုင်းမှ တရုတ်ဆိုင်ကယ်များရောင်းချလျက်ရှိသူ ကိုညီညီနိုင်ကလည်း ”အရင်နှစ်တွေက သကြင်္န်ပြီးရင်သ ကြင်္န်တွင်းစီးပြီးသား ဆိုင်ကယ်လေးတွေ ပြန်လာရောင်းကြတဲ့သူတွေများတယ်၊အခုပြန်လာရောင်းတဲ့သူလည်းမရှိဘူး၊လာဝယ်တဲ့သူလည်းမရှိဘူး၊ ကျပ် ၄ သိန်းဝန်း ကျင်Auto ဘီး၊ CZI ဘီးလေးတွေပဲအရောင်းအဝယ်ဖြစ်တယ်၊ အများစုက လာမေးရင်လည်း ကျပ် ၂ သိန်း၊ ၃ သိန်းဝန်းကျင်တန် ဆိုင်ကယ်လေးတွေပဲ မေးကြတာများတော့ ကိုယ့်မှာရှိတဲ့ဘီးနဲ့ အရောင်းအဝယ်မတည့်တာများနေတယ်”ဟု ၎င်းက ဆက်လက်ဆိုသည်။

မန္တလေးမြို့ ဆိုင်ကယ်ဝယ်/ ရောင်းစျေးကွက်တွင် ဧပြီလစတုတ္ထပတ်၌ ထိုင်းနိုင်ငံထုတ် ၂ဝ၁၄ မို ဒယ် Click စပုတ်နှင့် Scoopy i စပုတ်ဆိုင်ကယ်များမှာကျပ် ၁,၆၉ဝ,ဝဝဝ ဝန်းကျင်၊ ၂ဝ၁၃ မို ဒယ် Click စပုတ်နှင့် Scoopy i စပုတ်ဆိုင်ကယ်များမှာကျပ် ၁,၄၅ဝ,ဝဝဝ ဝန်းကျင်စျေးတူရှိ ပြီး၊ Moove ဒလက် (၂ဝ၁၅)ကျပ် ၁,၅ဝဝ,ဝဝဝ ဝန်းကျင်၊တရုတ်နိုင်ငံထုတ် တစ်ပတ်ရစ်ဆိုင်ကယ်များမှာ ဆိုင်ကလုန်း ကျပ် ၅ သိန်းမှ ၈ သိန်းကြား၊ Super Cub Jialing ကျပ်၂သိန်းခွဲမှ ၃ သိန်း ကြား၊ CZI ကျပ် ၃ သိန်းမှ ၃ သိန်းခွဲကြား၊MSX ကျပ် ၆ သိန်း ခွဲဝန်းကျင်တို့တွင်ပေါက်စျေးများရှိနေကြောင်း သိရသည်။

ကျော်ကျော်အောင်

 

LEAVE A REPLY

Please enter your comment!
Please enter your name here