နှစ်လဲ မှတ်ပုံတင်သက်တမ်းတိုး ပြုလုပ်မည့် ကားများကို လတစ်လ၏ နောက်ဆုံးရုံးဖွင့်ရက် နှစ်ရက်တွင် ရက်ချိန်းယူရန်မလိုဘဲ ဆောင်ရွက်ပေးနေသော်လည်း Online Booking စနစ်ဖြင့်သာ ဦးစားပေးလုပ်ဆောင်ရန် ယာဉ်ပိုင်ရှင်များကိုတောင်းဆို

887

ရန်ကုန်၊ ဧပြီ

ကညနမှ နှစ်လဲ မှတ်ပုံတင်သက်တမ်းတိုး ပြုလုပ်မည့်ကားများကို လတစ်လ၏ နောက်ဆုံးရုံးဖွင့်ရက်နှစ်ရက်တွင် ရက်ချိန်းယူရန်မလိုဘဲ ဆောင်ရွက်ပေးနေသော်လည်း Online Booking စနစ်ဖြင့်သာ ဦးစားပေး လုပ်ဆောင်ရန် ယာဉ်ပိုင်ရှင်များကို တောင်းဆိုထားကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေ့စဉ်နှင့်အမျှ နှစ်လဲမှတ်ပုံတင်သက်တမ်းတိုး ယာဉ်အစီးရေ များပြားလာခြင်းကြောင့် ယာဉ်ပိုင်ရှင်များအနေဖြင့် စောင့်ဆိုင်းရသည့်အချိန်ကြာမြင့်ခြင်း၊ ကညနရုံးများအနီး ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်နေခြင်းတို့ကြောင့် ဇန်နဝါရီ ၂ ရက်မှစ၍ www.rtad.gov.mm ဝက်ဘ်ဆိုက်မှတစ်ဆင့် ကြိုတင်စာရင်းသွင်းသည့် စနစ် (Online Booking System) ပြောင်းလဲကျင့်သုံးခဲ့သည်။ ထို့ပြင် Online Booking ရယူရန် အခက်အခဲရှိသူများ အဆင်ပြေစေရန်အတွက် လည်း လစဉ် လတစ်လ၏ နောက်ဆုံးရုံးဖွင့်ရက်နှစ်ရက်တွင် Online Booking ရက်ချိန်းယူရန် မလိုဘဲ လက်ခံဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ Online Booking ယူစရာမလိုဘဲ ဆောင်ရွက်ပေးသည့်ရက်များတွင် ယခင်ရက်များထက် နှစ်လဲမှတ်ပုံတင်ပြုလုပ်သည့် ယာဉ်အစီးရေ ပိုမိုများပြားသောကြောင့် ယာဉ်ပိုင်ရှင်များ တန်းစီစောင့်ဆိုင်းရသည့်အချိန် ပိုမိုကြာမြင့်သလို ကညနဝန်ထမ်းများအနေဖြင့်လည်း ညအချိန်အထိ လုပ်ငန်းများလက်ခံဆောင်ရွက်ပေးရသည့်အတွက် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

”ပြီးခဲတဲ့ မတ် ၂၉ နဲ့ ၃ဝ ရက်တွေမှာ Online Booking ရယူဖို့ အခက်အခဲရှိသူတွေရော၊ ဘီးခွန်တိုးမြှင့်ကောက်ခံမှာဖြစ်လို့ သက်တမ်းကြိုတိုးတဲ့ကားတွေရော အရင်ရက်တွေထက် များခဲ့ပါတယ်၊ ဒါကြောင့်လည်း အဲဒီရက်တွေတုန်းက ယာဉ်ပိုင်ရှင်တွေ တစ်နေကုန် တန်းစီ စောင့်ဆိုင်းခဲ့ရသလို ကညနဝန်ထမ်းတွေအနေနဲ့လည်း လုပ်ငန်းကိစ္စတွေကို ညအချိန်အထိ လက်ခံဆောင်ရွက်ပေးခဲ့ရပါတယ်၊ လကုန်ရက် နောက်ဆုံး နှစ်ရက်မှာ Online Booking ယူစရာမလိုဘဲ ဆောင်ရွက်ပေးနေတယ်ဆိုပေမဲ့  လုပ်ငန်းစဉ်တွေ ပုံမှန်အတိုင်း လည်ပတ်နိုင်ဖို့နဲ့ ယာဉ်ပိုင်ရှင်တွေ အချိန်ကြန့်ကြာမှု မရှိစေဖို့အတွက် ကြိုတင်စာရင်းပေးတဲ့စနစ်နဲ့ပဲ ဆောင်ရွက်စေလိုပါတယ်”ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

နှစ်လဲမှတ်ပုံတင်သက်တမ်းတိုးမည့် ယာဉ်ပိုင်ရှင်များအနေဖြင့် Online Booking ကို အနည်းဆုံး သုံးရက်မှ အများဆုံး ရက်သုံးဆယ်အထိ ကြိုတင်ရယူနိုင်ပြီး www.rtad.gov.mm မှတစ်ဆင့်လည်း စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here