နှစ်လအတွင်း လိုင်စင်မဲ့ယာဉ် ၂၄ စီးကို ပြည်သူပိုင်အဖြစ် သိမ်းဆည်း

680

ရန်ကုန်၊ မတ်
ရန်ကုန်တိုင်းဒေသကြီး၌ နှစ်လအ တွင်း ဖမ်းဆီးရမိခဲ့သည့် လိုင်စင်မဲ့ ယာဉ် ၂၄ စီး ကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာ မောင်းနှင်နေသည့် လိုင်စင်မဲ့ယာဉ်များကို ယာဉ်ထိန်းရဲများမှ ရှောင်တခင် အထူးစစ်ဆေးမှုများ ပြုလုပ်နေသလို စီစီတီဗီကင်မရာများဖြင့် စောင့်ကြည့်ခြင်းအပါအဝင် ခေတ်မီနည်းပညာ အကူအညီများ ရယူကာ စောင့်ကြည့်ဖမ်းဆီးခဲ့ရာ ယခုနှစ် နှစ်လတာအတွင်း လိုင်စင်မဲ့ယာဉ် ၂၄ စီး ဖမ်းဆီးခဲ့ကြောင်း သိရသည်။

”ယာဉ်မတော်တဆမှု ဖြစ်တဲ့ယာဉ်တွေ၊ လမ်းဘေးမှာ ရပ်နားထားတဲ့ယာဉ်တွေကို စစ်ဆေးရာကနေ လိုင်စင်မဲ့ယာဉ်ဆိုပြီး ဖမ်းမိတာလည်း ရှိတယ်၊ ယာဉ်ထိန်းအထူးအဖွဲ့က စစ်ဆေးလို့ ဖမ်းဆီးရမိတာလည်း ရှိတယ်၊ အခုနောက်ပိုင်း ခေတ်မီမီးပွိုင့်ကနေ CCTV ကင်မရာနဲ့ စောင်ကြည့်တာတွေလည်း လုပ်ဆောင်နေပါတယ်၊ လိုင်စင်မဲ့ယာဉ်ဖမ်းမိတဲ့အခါ ယာဉ်ပိုင်ရှင်နဲ့ အတူမိတာဆိုရင် ကားကိုသိမ်းတယ်၊ လူကို တရားမဝင်ကုန်ပစ္စည်း တင်သွင်းတဲ့ပုဒ်မနဲ့ တရားစွဲဆိုပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိရဲအရာရှိက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ် ဇန်နဝါရီလတွင် လိုင်စင်မဲ့ယာဉ် ၁၁ စီး၊ ဖေဖော်ဝါရီလတွင် ၁၃ စီး ဖမ်းဆီးရမိထားပြီး ယာဉ်များကို သက်ဆိုင်ရာဌာန များသို့ တင်ပြကာ အစိုးရပိုင်အဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း သိရသည်။

လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးအရေးယူရာ၌ ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်အတွင်း တရားမဝင် လိုင်စင်မဲ့ယာဉ် ၁၄၉ စီးကိုလည်း ဖမ်းဆီးအရေးယူကာ ပြည်သူပိုင်အဖြစ် သိမ်းဆည်းခဲ့ပြီး လူစီးဆလွန်းယာဉ်အမျိုးအစားမှာ အများ ဆုံးဖြစ်ကြောင်း သိရသည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here