နှစ်မကုန်ခင် လျှောက်ထားသော    မော်တော်ယာဉ်သွင်းကုန်ပါမစ်များကို   ယခုနှစ်တင်သွင်းခွင့်မူအတိုင်း   ဆက်လက်ခွင့်ပြုမည်

683

နှစ်မကုန်ခင် လျှောက်ထားသော မော်တော်ယာဉ်သွင်းကုန်ပါမစ်များကို ယခုနှစ် တင်သွင်းခွင့်မူအတိုင်း ဆက်လက်ခွင့်ပြုပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မော်တော်ယာဉ်တင်သွင်းခွင့်ပါမစ်များကို ဒီဇင်ဘာ ၁၅ ရက်အထိ လက်ခံဆောင်ရွက်ပေးမည်ဖြစ်သလို ထိုရက်မတိုင်ခင် လျှောက်ထားသောပါမစ်များကိုလည်း ၂ဝ၁၇ ခုနှစ်၏  မူအတိုင်းသာ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

 

”၂ဝ၁၈ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ မူဝါဒတွေကို ရေးဆွဲထားပြီး ဖြစ်ပါတယ်၊ မူကြမ်းကို ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြထားပြီး ခွင့်ပြုချက်ရတာနဲ့ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်၊ အကြမ်းဖျင်းအနေနဲ့ အောက်တိုဘာလ ပထမပတ်အတွင်း ထုတ်ပြန်ပေးဖို့ ရှိပါတယ်၊ ဒီနှစ်အတွက် မော်တော်ယာဉ်သွင်းကုန် ပါမစ်တွေကို ဒီဇင်ဘာ ၁၅ ရက် အထိ လက်ခံဆောင်ရွက်ပေးမှာပါ၊ သတ်မှတ်ရက် မတိုင်ခင် လျှောက်ထားတဲ့ပါမစ်တွေကို ဒီနှစ်မူအတိုင်းပဲ ခွင့်ပြုပေးမှာ ဖြစ်ပါတယ်၊ ကောလာဟလ သတင်းတွေအတိုင်း အောက်တိုဘာ ၁ ရက် နောက်ပိုင်း လျှောက်တဲ့ပါမစ်တွေကို ၂ဝ၁၈ မော်တော်ယာဉ် တင်သွင်းခွင့်မူအတိုင်း ဆောင်ရွက်ပေးမယ်ဆိုတာ မဟုတ်ပါဘူး”ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

၂ဝ၁၈ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ မိုဒယ် သတ်မှတ်ချက်များကို ရေးဆွဲထားပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုဆုံးဖြတ်ချက် မရရှိသေးသဖြင့် တရားဝင် ထုတ်ပြန်နိုင်ခြင်း မရှိသော်လည်း ဖရီးပါမစ်ဖြင့် တင်သွင်းသည့်ကားများကို ရောက်ရှိ မိုဒယ်မှ သုံးနှစ်အတွင်း(၂ဝ၁၆ မိုဒယ် မှ ၂ဝ၁၈ မိုဒယ်အထိ)၊ စလစ်ကပ် တင်သွင်းသည့်ကားများကို ရောက်ရှိ မိုဒယ်မှ ငါးနှစ်အတွင်း(၂ဝ၁၄ မိုဒယ်မှ ၂ဝ၁၈ မိုဒယ်) တင်သွင်း ခွင့်ပြုဖွယ်ရှိကြောင်း သိရသည်။

 

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here