နှစ်ခြောက်ဆယ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် သုံးစီးပဲထုတ်လုပ်မယ့် 2018 PAGANI ZONDA HP Barchetta

1632

အီတလီပြိုင်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Pagani ဟာ ကုမ္ပဏီရဲ့ ပထမဆုံးမိုဒယ် Pagani Zonda ကို ထုတ်လုပ်စျေးကွက်တင်ခဲ့တာ အခုဆိုရင် ၁၈ နှစ် ပြည့်မြောက်ခဲ့ပြီးပါပြီ။ ၂ဝ၁၈ ခုနှစ်မှာတော့ Zonda မိုဒယ်ထုတ်လုပ်မှုကို အဆုံးသတ်တော့မှာဖြစ်ပြီး Zonda ရဲ့ နောက်ဆုံးမိုဒယ်အဖြစ် အထူးထုတ်ကားမိုဒယ် တစ်ခု ဖန်တီးထုတ်လုပ်ခဲ့ပါတယ်။ အဲဒါကတော့ ၂ဝ၁၈ ခုနှစ်ရဲ့ ဂျီနီဗာကားပြပွဲကြီးမှာ တရားဝင်ပွဲထုတ်ပြသလိုက်တဲ့ Pagani Zonda HP Barchetta ဖြစ်ပြီး Pagani ကုမ္ပဏီတည်ထောင်သူ Horacio Pagani က သူ့ရဲ့ နှစ်ခြောက်ဆယ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဖန်တီးဒီဇိုင်းထွင်ထားတာလည်း ဖြစ်ပါတယ်။ ၂ဝ၁၇ ခုနှစ်ရဲ့ Pebble Beach Concours d’Elegance ကားပြပွဲမှာ ပထမဆုံးအကြိမ် ပွဲထုတ်ခဲ့ဖူးတဲ့ Zonda HP Barchetta ဟာ တခြား Zonda မိုဒယ်တွေနဲ့ အတော်လေးကွဲပြားမှုရှိပြီး အဲဒီလိုဒီဇိုင်းမျိုး ဖန်တီးထားတဲ့ ပထမဆုံး Pagani ပြိုင်ကားလို့လည်း ဆိုနိုင်ပါတယ်။ Horacio Pagani ကနေ ပြီးပြည့်စုံတဲ့ Zonda မိုဒယ်အဖြစ် ဖန်တီးလိုက်တဲ့ Zonda HP Barchetta ဟာ အကောင်းဆုံးဖန်တီးမှု လက်ရာ၊ ကျွမ်းကျင်လှပတဲ့ တည်ဆောက်မှု၊ ဝယ်သူရဲ့ လိုအပ်ချက်၊ နည်းပညာအဆင့်မြင့်မားမှုနဲ့ အရည်အသွေးမြင့်မားမှုတို့တင်မက အဆင့်မြင့်စူပါပြိုင်ကားတစ်စီးရဲ့  အဆင့်မြင့်စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့  ပြိုင်ကားတစ်စီးပါပဲ။ အလန်းဆုံးနဲ့ ပေါ့ပါးမြန်ဆန်ဆုံး Zonda မိုဒယ်လို့ ခေါ်ဆိုနိုင်တဲ့ 2018 Zonda HP Barchetta ကို စုစုပေါင်းသုံးစီးပဲ တည်ဆောက်ထုတ်လုပ်မှာဖြစ်ပြီး အဲဒီသုံးစီးထဲက တစ်စီးကတော့ Horacio Pagani ကိုယ်တိုင် အသုံးပြုဖို့ ဖြစ်ပါတယ်။ ကားရဲ့စျေးကတော့ အမေရိကန် ဒေါ်လာ ၁၅ သန်း ဖြစ်ပါတယ်။

တံခါးနှစ်ပေါက်နဲ့ အထူးထုတ်မိုဒယ် စူပါပြိုင်ကားသစ် Zonda HP Barchetta ရဲ့ ကိုယ်ထည်ဟာ သမားရိုးကျ Zonda ပြိုင်ကားနဲ့ ခပ်ဆင်ဆင်တူနေပေမဲ့ သေချာအနီးကပ်ကြည့်မယ်ဆိုရင်တော့ ကွဲပြားခြားနားမှုလေးတွေ တွေ့မြင်နိုင်ပါတယ်။ ကားကိုယ်ထည်မှာ အထူးခြားဆုံးပြောင်းလဲသွားတာက ပိုင်းဖြတ်ထားတဲ့ ကားရှေ့လေကာမှန်ဖြစ်ပြီး ပုံမှန်ထက် အတော်လေး သေးသွယ်ကျဉ်းမြောင်းတာကြောင့် ပိုပြီး ကျစ်လျစ်သေသပ်တဲ့ဟန်မျိုး ရရှိစေပါတယ်။ ပိုင်းဖြတ်ထားတဲ့ လေကာမှန်နဲ့ ကိုယ်ထည် ဒီဇိုင်း အသေးစိတ်ပြောင်းလဲမှုအပြင် တခြားအပြောင်းအလဲတွေကတော့ ကားရှေ့မျက်နှာစာက အသေးစား လေပင့်အားထိန်းတောင်ပံပုံစံ Front Canard တွေနဲ့ ကား အနောက်ဘက် လေပင့်အားထိန်းတောင်ပံကြီးတင် မက ကားရှေ့စက်ဖုံးရဲ့ အလယ်တည့်တည့်က V ပုံစံ Scoop တို့လို ကိုယ်ထည်အစိတ်အပိုင်းတွေကို ကာဗွန်ဖိုင်ဘာသားတွေနဲ့ မွမ်းမံဖန်တီးထားတဲ့ အချက်ပါပဲ။ ဒါ့ပြင် အဖြူရောင်နဲ့ အပြာရောင်ကို ရောစပ်ဖန်တီးထားတဲ့ ဒီဇိုင်းဆန်းကားဘီးတွေက ကားရဲ့အသွင်ကို စွမ်းအားပိုပြည့်ဝစေပြီး ဘီးဒီဇိုင်းအမျိုးမျိုးကိုလည်း ရရှိနိုင်ပါတယ်။ ကားရှေ့ဘီးတွေအတွက် လက်မ နှစ်ဆယ်အရွယ်နဲ့ ကားနောက်ဘီးအတွက် ၂၁ လက်မ အရွယ် အလူမီနီယမ် ကားဘီးတွေ အသုံးပြုထားပြီး ဘီးအရွယ်အစားမတူသလို ကားဘီး ဘယ်ဘက်နဲ့ ညာဘက်ရဲ့ အရောင်အသွေး လည်း မတူပါဘူး။ ဘယ်ဘက် ကားဘီးတွေမှာ ရွှေရောင်အရောင်ပြေးကို အသုံးပြုထားပြီး ကားရဲ့ ညာဘက်ဘီးတွေမှာတော့ အပြာရောင် ဆေးခြယ်ထားပါတယ်။ အရင်မိုဒယ်နဲ့ မတူဘဲ အီတလီဘာသာစကားနဲ့ အသေးစားလှေလို့ အဓိပ္ပာယ်ရတဲ့ Barchetta ကိုယ်ထည်ပုံစံကို မှီငြမ်းဖန်တီးထားတဲ့ Zonda HP Barchetta ပြိုင်ကားသစ်မှာ နောက်ထပ်ထူးခြားချက်တစ်ခုကတော့ Group C ပြိုင်ပွဲဝင်ကားတွေပုံစံအတိုင်း အတုယူဖန်တီးထားတဲ့ ကားနောက်ဘီးကာဗာတွေပဲ ဖြစ်ပါတယ်။ အဲဒီလို ဒီဇိုင်းဟာ Pagani မိုဒယ် ကားတစ်စီးအတွက်တော့ ပထမဆုံးလို့ဆိုနိုင်ပါတယ်။ ကားရဲ့ အနောက်ဘက် လေပင့်အားထိန်းတောင်ပံ၊ လေစုပ်ပေါက်တွေနဲ့ ကား နောက်မီးဒီဇိုင်းကတော့ Pagani 760 Series ပြိုင်ကား နဲ့ ခပ်ဆင်ဆင်တူပါတယ်။ မြားတစ်စင်းလို ခပ်ချွန်းချွန်း ပုံစံရှိတဲ့ Pagani ရဲ့ အထင်ကရဒီဇိုင်းကို အမွေဆက်ခံထားတဲ့ HP Barchetta ကားသစ်မှာ အရင် Zonda မိုဒယ်တွေနဲ့မတူတဲ့ နောက်တစ်ချက်ကတော့ ကားခေါင်မိုး လုံးဝမပါဝင်တာပါပဲ။ ကားကိုယ်ထည်တစ်ခုလုံးမှာ ကာဗွန် ဖိုင်ဘာသားတွေ အဓိကအသုံးပြုထားတာကြောင့် ကိုယ်ထည်အလေးချိန် ၁၂၅ဝ ကီလိုဂရမ်ပဲရှိပြီး အပေါ့ပါးဆုံး Zonda ကားမိုဒယ်တစ်ခုလည်း ဖြစ်ပါတယ်။

Zonda HP Barchetta ပြိုင်ကားသစ်မှာ Mercedes-Benz ထုတ် 7.3 Liter V 12 အင်ဂျင် တပ်ဆင်ထားပြီး မြင်းကောင်ရေ ရှစ်ရာအားအထိ ထုတ်လုပ်ပေးနိုင်တာကြောင့် ထုတ်လုပ်ခဲ့သမျှ လမ်းပေါ်မောင်းခွင့်ရ Zonda ပြိုင်ကားတွေထဲမှာ စွမ်းအားအပြည့်ဝဆုံးလို့ ဆိုနိုင်ပါတယ်။ အင်ဂျင်က ထုတ်လုပ်ပေးလိုက်တဲ့ စွမ်းအင်တွေကိုတော့ Manual ဂီယာ ခြောက်ချက်ကနေတစ်ဆင့် ကားနောက်ဘီးတွေဆီ ပို့လွှတ်မောင်းနှင်စေမှာပါ။ Zonda HP Barchetta ရဲ့ နှစ်ယောက်စီး ကားအတွင်းခန်းက အထူးမွမ်းမံထားတဲ့ အခင်းအကျင်းနဲ့ အရောင်အသွေးကတော့ Pagani Huayra BC စူပါပြိုင်ကား မိုဒယ်နဲ့ ခပ်ဆင်ဆင်တူပါတယ်။ ကားအတွင်းမှာ အဖြူရောင်ကို အဓိကအသုံးပြုပြီး အပြာရောင်ကိုလည်း လိုက်ဖက်ညီစွာ ရောစပ်ပေးထားပါတယ်။ အထူးခြားဆုံးက ကားထိုင်ခုံတွေမှာ အပြာနဲ့အဖြူကွက်ဒီဇိုင်းကို လှလှပပ ရောစပ်ထည့်သွင်းပေးထားတာပါပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here