နှစ်ကြိုကာလကို ခါးသီးစွာ ဖြတ်သန်းရဦးမည့် ရန်ကုန်ကားစျေးကွက်

1448

မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာလုပ်ငန်းများ ကြီးကြပ်မှုကော်မတီမှ ထုတ်ပြန်ခဲ့သည့် ၂ဝ၁၈ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်တော့မည်ဖြစ်ရာ ၂ဝ၁၈ ခုနှစ် နှစ်ကြိုကာလကို ကားလောကသားများအနေဖြင့် ခါးသီးစွာဖြတ်သန်းရဦးမည် ဖြစ်သည်။ ယခုရက်ပိုင်းအတွင်း ကားတင်သွင်းသူများအနေဖြင့် ဂျပန်တစ်ပတ်ရစ် ညာမောင်းကားများကို သတ်မှတ်ရက်မတိုင်မီ ပါမစ်လျှောက်ရန်သာ အာရုံစိုက်နေသည့်အတွက် စျေးကွက်အပြောင်းအလဲကို ချိန်ဆရန် မေ့လျော့နေကြပြီး ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်လည်း ကြိုက်ရောင်း၊ ကြိုက်ဝယ်ပုံစံဖြင့်သာ အရောင်းအဝယ်အနည်းငယ် ရှိနေသည်။

 

”အရောင်းအဝယ်အေးတာ လေးပတ်လောက်ရှိပြီ၊ ဝယ်မယ့်သူတွေကလည်း ဘယ်မောင်းတွေ ထပ်ဝင်လာရင် တစ်ပတ်ရစ်ညာမောင်းကားတွေများ စျေးကျမလားဆိုပြီး စောင့်ကြည့်နေကြတယ်၊ လိုတဲ့သူကျတော့ မစောင့်ဘဲ ဝယ်တာတွေလည်းရှိတယ်၊ လာတဲ့သူတွေကျတော့လည်း နေရာစုံကို စျေးတွေ လိုက်စုံစမ်းတာပဲရှိတယ်၊ ဘယ်မောင်းတွေဝင်လာရင် စျေးကျမယ်လို့ ထင်နေကြတယ်၊ Brand New တွေဝင်လာလည်း ကိုရီးယားကား တွေလောက်ပဲ သွင်းမှာလေ၊ ၂ဝ၁၄ Brand New တွေဆိုရင် ရောက်တဲ့ခု နှစ်နဲ့ အရမ်းကပ်နေတော့ Brand New ပဲ စီးတော့မှာပေါ့၊ Maxda CX 5 တို့ CX 7 တို့ဆိုရင် သိန်းခြောက်ရာ၊ သိန်းခုနစ်ရာဆိုတော့ CR-V လောက်နဲ့ စျေးကတူတူဖြစ်နေတော့ Brand New ပဲစီးကြတယ်၊ တချို့က ဂျပန်ကားအရည်အသွေးကောင်းမှန်းလည်း သိတယ်၊ တကယ် ပြန်ရောင်းရင် လွယ်မှန်းလည်းသိတယ်၊ Brand New နဲ့သွားယှဉ်ရင် စျေးက သိပ်မကွာတဲ့အပြင် Brand New က အရစ်ကျလည်း ရတယ်ဆိုတော့ Brand New ပဲဝယ်မှာပဲ၊ တကယ်အသုံးလိုတဲ့သူကျတော့ မရှိရှိတာကို ဝယ်သွားတာပဲ၊ ကားတော်တော်များများကလည်း ဝယ်/ရောင်းတွေ လက်ထဲမှာရောက်နေတာများတယ်၊ တကယ်ဝယ်စီးမယ့်သူလက်ထဲမှာကျတော့ မရှိတော့ဘူး၊ တကယ်ဝယ်ချင်တဲ့သူကျပြန်တော့ စျေးကမိုင်ကုန်တက်နေတော့ ဝယ်ရမှာ လက်တွန့်နေကြတယ်၊ ကားတင်သွင်းသူ တော်တော်များများကလည်း ပါမစ်လျှောက်ဖို့ကို အာရုံရောက်နေတော့ အရောင်းအဝယ်ဘက်ကို သိပ်မလှည့်နိုင်ဘူးဖြစ်နေတယ်၊ ဖေဖော်ဝါရီလလောက်ဆိုရင်တော့ ကားစျေးကွက်က ပစ္စည်းပြတ်လောက်တဲ့အထိ ပြန်မကောင်းရင်တောင် စျေးကွက်ကတော့ ပုံမှန်ပြန်ဖြစ်လာမှာပါ”ဟု ကားဝယ်/ရောင်း ကိုချမ်းငြိမ်းဦးက ဆိုသည်။

 

ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်လည်း ကားစျေးများမြင့်တက်နေသဖြင့် အရောင်းအဝယ်အေးစက်နေကြောင်း သိရသည်။ အဝယ်များရှိသော်လည်း ကားစျေးများမှာ ပုံမှန်စျေးထက် ကျပ်သိန်းနှစ်ဆယ်ကျော် မြင့်တက်နေသည့်အတွက် အရောင်းအဝယ်မဖြစ်ကြောင်း သိရသည်။ ၂ဝ၁၈ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များအရ ကားများထပ်မံတင်သွင်းရန် ခက်ခဲသွားမည်ဖြစ်သည့်အတွက် ရောက်ရှိပြီးသားကားများကို အမြတ်နည်းနည်းဖြင့်ရောင်းချ၍မရကြောင်း သိရသည်။

 

ကားစျေးနှုန်းများ အတက်ဘက်သို့ဦးတည်နေသည့်အတွက် ယာဉ်ပိုင်ရှင်များမှာ ကြိုက်စျေးရမှသာ အရောင်းအဝယ်ပြုလုပ်နေ၍ ကားစျေးများမှာ ပေါက်စျေးထက် အဆမတန်မြင့်တက်နေကာ အရောင်းအဝယ် ရပ်တန့်ခဲ့ပြီး ပြန်လည်ကျဆင်းရန် အခြေအနေလည်းမရှိသောကြောင့် ရောင်းသူ၊ ဝယ်သူမရှိဖြစ်နေသည်။ ပွင့်လင်းရာသီရောက်ရှိချိန်တွင် အရောင်းအဝယ်ကောင်းလေ့ရှိသော်လည်း ကားတင်သွင်းမှုမိုဒယ် သတ် မှတ်ချက်များ တင်းကြပ်မှုနှင့် ရောက်ပြီးကားများ စျေးမြင့်တက်မှုကြောင့် ထင်သလောက် အရောင်းအဝယ်မကောင်းကြောင်း သိရသည်။

 

”အရောင်းအဝယ်က မာမာအေးပဲ၊ စျေးကွက်ကလည်းကြိုက်ရောင်း ကြိုက်ဝယ်ပုံစံဖြစ်နေတယ်၊ ဒီအချိန်မှာက ပါမစ်လျှောက်ရမယ့်ရက်မပိတ်ခင် အားလုံးလျှောက်နေကြတော့ ပါမစ်လျှောက်တဲ့ဘက်ကိုပဲအာရုံစိုက် နေကြတယ်၊ ပါမစ်လျှောက်တာတွေ၊ ဘာတွေပြီးတဲ့ နှစ်လပိုင်းလောက်ဆိုရင်တော့ ကားစျေးကွက် ပြန်ကောင်းလာမှာပါ၊ ကားစျေးကလည်းအခုထိ တက်စျေးနဲ့ပဲ ငြိမ်နေတယ်၊ ကားအသစ်တင်သွင်းဖို့ထက် အရင်သွင်းထားတဲ့ လက်ကျန်ကားတွေကိုပဲ ထိန်းရောင်းနေရတယ်၊ စလစ်ကပ်ကားတွေက ရောင်းတော့ရောင်းရပေမဲ့ အရမ်းအကောင်းကြီးမဟုတ်ဘူး”ဟု ‘ RIXS Group ‘ မန်နေဂျင်းဒါရိုက်တာ ကိုအောင်မျိုးသူက ဆိုသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ယခုနှစ်အတွက်  ပါမစ်လျှောက်ရမည့် နောက်ဆုံးရက်များကို ထုတ်ပြန်ကြေညာခဲ့ရာ တစ်ဦးချင်းလျှောက်ထားမည့်ကားများကို ဒီဇင်ဘာ ၁၅ ရက်၊ ကားအရောင်းပြခန်း၊ ကားအရောင်းစင်တာများမှ တင်သွင်းမည့်ကားများကို ဒီဇင်ဘာ ၂၇ ရက်အထိ သတ်မှတ်ပေးခဲ့သည်။ သို့ဖြစ်၍ ၂ဝ၁၇ ခုနှစ်အတွက် ကားပါမစ်လျှောက်ထားချိန်ကုန်ဆုံးသွားသဖြင့် စလစ်အရောင်းအဝယ်များလည်း ရပ်တန့်သွားခဲ့ပြီး သက်တမ်းနှစ်နှစ်ဆယ် အမည်ပေါက်စလစ်တစ်စောင်လျှင် ကျပ် ၁၂၅ သိန်း ဝန်းကျင်အထိ ပြန်လည်ကျဆင်းလာကြောင်း ကားတင်သွင်းသူများထံမှ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here