အမေရိကန် ဆိုင်ကယ်ကုမ္ပဏီ Harley-Davidson သည် နွေရာသီတွင် ဖွင့်လှစ်မည့် အလုပ်သင် ပရိုဂရမ် တက်ရောက်ခွင့်ရသူများကို ဆိုင်ကယ်တစ်စီးစီ အခမဲ့ပေးရန် ကမ်းလှမ်းထားကြောင်း ဧပြီ ၂၃ ရက်က nytimes သတင်းဝက်ဘ်ဆိုက်၌ ရေးသားဖော်ပြခဲ့သည်။
နွေရာသီအလုပ်သင်ပရိုဂရမ်တက်ရောက်ရန် လျှောက်ထားသူများသည် အသက် ၁၈ နှစ်ပြည့်ပြီးသော ကောလိပ်ကျောင်းသား၊ ကျောင်းသူ၊ သို့မဟုတ် လတ်တလော ဘွဲ့ရထားသူများ ဖြစ်ရမည်ဖြစ်ပြီး အနာဂတ်တွင် လူမှုမီဒီယာဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ရန် ရည်ရွယ်ထားသူများဖြစ်ရန် လိုအပ်ကာ စိတ်ဝင်စားဖွယ်ဓာတ်ပုံ နှင့် ပျော်ရွှင်ဖွယ် ဗီဒီယိုများ ဖန်တီးတတ်သည့် အရည်အသွေးရှိရမည် ဟု Harley-Davidson က သတ်မှတ်ထားသည်။
လျှောက်ထားသူများထဲမှ သတ်မှတ်ချက်နှင့် အကိုက်ညီဆုံး ရှစ်ယောက်ကို ရွေးချယ်ပြီးနောက် Harley-Davidson ဆိုင်ကယ်စီးတတ်ရန် သင်ကြားပေးကာ အလုပ်သင်များအနေဖြင့် ၎င်းတို့တွေ့ကြုံရသည့် စိတ်လှုပ်ရှားဖွယ်အတွေ့အကြုံများကို လူမှုမီဒီယာများတွင် ပြန်လည်မျှဝေပေးသွားရမည် ဖြစ် သည်။ ၁၂ ပတ် ကြာမြင့်မည့် နွေရာသီ အလုပ်သင်ပရိုဂရမ် တက်ရောက်ခွင့်ရသူများအတွက် ခရီးစရိတ်နှင့် အလုပ်ရှိသူများအတွက် လျော်ကြေးငွေကို Harley-Davidson မှ ပေးသွားမည်ဖြစ်ကာ ပရိုဂရမ်ပြီးဆုံးချိန်တွင် တက်ရောက်ခွင့်ရသူတိုင်းကို ၎င်းတို့စီးခဲ့သော Harley-Davidson ဆိုင်ကယ်အား အခမဲ့ပေးသွားမည်ဖြစ်သည်။
Ref : nytimes.com